အခန်း (၁၇၀) ထွက်သွားတော့
လင်းထျန် ဖုန်းထဲက အချိန်ကိုကြည့်ပြီး တွက်ချက်လိုက်တဲ့အခါ ကျုံကော် သူ့ဆီရောက်လာဖို့ အချိန်တန်ပြီဆိုတာ သိလိုက်တယ်။
"တော်ပါတော့ဟာ လေကြီးမနေနဲ့တော့။ နင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာစဉ်းစားသင့်တယ်" ချန်ရိရွှမ်က ပြောစရာစကားမဲ့တဲ့ပုံစံနဲ့ ခေါင်းခါလိုက်တယ်။ လင်းထျန်စကားတွေကို သူက ဟာသလို့ပဲ သဘောထားလိုက်တယ်။
"ရောက်လာပြီ" ရုတ်တရက် လင်းထျန် တံခါးပေါက်ဘက် လှမ်းကြည့်လိုက်တယ်။ ခြေသံတွေ ကြားနေရပြီလေ။
"ဟွန့် လာနောက်မနေနဲ့" ချန်ရိရွှမ်က လင်းထျန်ကို မျက်စောင်းထိုးလိုက်တယ်။ လင်းထျန်စကားကို လုံးဝ မယုံဘဲ သူ့ကို စနေတယ်လို့ပဲ ထင်လိုက်တယ်။
"ကလစ်!" တံခါးဖွင့်သံနဲ့အတူ ကျုံကော်က လေးနက်တဲ့ မျက်နှာထားနဲ့ ဝင်လာတယ်။
ဝင်ဝင်ချင်းပဲ ကျုံကော်က လင်းထျန်ကို တစ်ချက်ကြည့်လိုက်ပြီး ချန်ရိရွှမ်ဘက်လှည့်ကာ "မင်း ထွက်သွားတော့။ ငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှ ဝင်မလာစေနဲ့" လို့ ပြောလိုက်တယ်။
"အမ်..." ချန်ရိရွှမ် ကြောင်သွားတယ်။ ကျုံကော်ကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတယ်။ ညွှန်ကြားရေးမှူး တကယ်ကြီး ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ လင်းထျန်က ဘယ်လိုသိတာလဲ။
ခေါင်းလှည့်ပြီး ချန်ရိရွှမ် လင်းထျန်ကို ကြောင်ငေးကြည့်နေမိတယ်။
ချန်ရိရွှမ်ရဲ့ အံ့သြနေတဲ့ အကြည့်ကို သတိထားမိတော့ လင်းထျန် မျက်ခုံးပင့်ပြီး ဂုဏ်ယူတဲ့ပုံစံ လုပ်ပြလိုက်တယ်။
စိတ်အခြေအနေ မကောင်းဖြစ်နေတဲ့ ကျုံကော်က ချန်ရိရွှမ် ထွက်မသွားသေးတာ မြင်တော့ မျက်မှောင်ကြုတ်ပြီး "ဘာရပ်လုပ်နေတာလဲ။ ထွက်သွားလေ" လို့ အော်ပြောလိုက်တယ်။
"ဟုတ်ကဲ့" သတိပြန်ဝင်လာပြီး ချန်ရိရွှမ် အမြန်ခေါင်းညိတ်ကာ ထွက်သွားတယ်။
ချန်ရိရွှမ် ထွက်သွားပြီး တံခါးပိတ်လိုက်တာနဲ့ ကျုံကော် လင်းထျန်ဘက် လှည့်ကြည့်လိုက်တယ်။
ကျုံကော်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး လင်းထျန်ကို ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေတယ်။
ခြေချိတ်ထိုင်ရင်း လင်းထျန်က ကျုံကော်ကို ပြုံးပြပြီး "စာရွက်ကို ဖတ်ပြီးပြီမလား" လို့ မေးလိုက်တယ်။
ကျုံကော်က ခဏလောက် တိတ်ဆိတ်နေပြီးမှ လင်းထျန်ကို ကြည့်ကာ "ဒါတွေအကုန်လုံးက အမှန်တွေလား" လို့ မေးလိုက်တယ်။
"ခင်ဗျား ဘယ်လိုထင်လို့လဲ" လင်းထျန် အနည်းငယ် ပြုံးလိုက်တယ်။
အသက်ပြင်းပြင်းရှူပြီး ကျုံကော်က လင်းထျန်ကို လေးနက်တဲ့ မျက်နှာထားနဲ့ ကြည့်ကာ "ငါ့သားက တကယ်ပဲ တစ်ရက်အတွင်း သေဆုံးရမှာလား" လို့ မေးလိုက်တယ်။ ဒီစကားပြောနေတုန်း ကျုံကော်ရဲ့ အသက်ရှူသံ မြန်လာတာကို လင်းထျန် သေချာပေါက် သတိထားမိလိုက်တယ်။
ခေါင်းအနည်းငယ်ညိတ်ပြီး လင်းထျန်က "ကျနော်သာ အရေးယူဆောင်ရွက်မှု မလုပ်ရင် သေချာပေါက် ဖြစ်လာမှာပါ..." လို့ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။
အသက်ပြင်းပြင်းရှူပြီး ကျုံကော် မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်။ အတော်ကြာကြာနေမှ မျက်လုံးပြန်ဖွင့်ပြီး လင်းထျန်ကို ကြည့်ကာ "ပြော မင်း ဘာလိုချင်တာလဲ" လို့ မေးလိုက်တယ်။
လင်းထျန်ရဲ့ ရည်ရွယ်ချက်ကို ကျုံကော် သေချာပေါက် ခန့်မှန်းမိပါတယ်။ မဟုတ်ရင် လင်းထျန်က သူ့ကို ယုံကြည်လာအောင် ဒီလောက်ထိ လုပ်ပြနေမှာ မဟုတ်ဘူးလေ။
ကျုံကော်စကားကြားတော့ လင်းထျန်ရဲ့ မျက်လုံးထဲမှာ အပြုံးရိပ်တွေ ဖြတ်ပြေးသွားတယ်။ နောက်ဆုံးတော့ လိုချင်တာ ရပြီပေါ့။
လင်းထျန် မတ်တပ်ထိုင်လိုက်ပြီး ကိုယ်ကိုရှေ့ကိုင်းကာ ကျုံကော်ကို လေးလေးနက်နက် ကြည့်ပြီး "ကျနော့်ကို ချက်ချင်း လွှတ်ပေးပါ" လို့ ပြောလိုက်တယ်။
"ကောင်းပြီ ပြဿနာမရှိဘူး" လင်းထျန်ရဲ့ တောင်းဆိုမှုကို ကျုံကော် မျှော်လင့်ထားပြီးသားပါ။
ဒီတောင်းဆိုမှုကို သူ လုံးဝ သဘောတူနိုင်ပါတယ်။ လင်းထျန်ကို ဖမ်းဆီးတာက တရားမဝင်ဘူးလို့ ပြောလို့ရသလို လင်းထျန်ရဲ့ မနေ့က လုပ်ရပ်ကလည်း ရက်နည်းနည်းလောက် အချုပ်ခံရရုံနဲ့ ပြီးသွားနိုင်တဲ့ကိစ္စပါ။ သူ့ကို လွှတ်ပေးလိုက်တာက လုံးဝ အဆင်ပြေပါတယ်။
မြို့တော်ဝန်လင်းရဲ့ အပြစ်တင်မှုနဲ့ ပတ်သက်လို့ကတော့ သူ့သားရဲ့ အသက်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ကျုံကော်က ဒီလောက်လွယ်လွယ်ကူကူ သဘောတူလိုက်တော့ လင်းထျန် နည်းနည်း အံ့သြသွားတယ်။ ပြီးတော့ သူ မတ်တပ်ရပ်ပြီး "ကောင်းပြီလေ ဒါဆို ကျနော် အရင်သွားလိုက်ဦးမယ်" လို့ ပြောပြီး အပြင်ဘက်ကို လျှောက်သွားလိုက်တယ်။
"နေပါဦး ငါ့သားကိစ္စကရော" လင်းထျန် ထွက်သွားတော့မယ့်ပုံ မြင်တော့ ကျုံကော် ပျာယာခတ်သွားတယ်။
လင်းထျန် ရပ်တန့်သွားပြီး လှည့်ကြည့်ကာ ပြုံးပြီး "မနက်ဖြန်ကျရင် ခင်ဗျားသားကို အပြင်မထွက်ခိုင်းနဲ့ အိမ်မှာပဲ နေခိုင်းလိုက်။ ဒါဆို အားလုံး အဆင်ပြေသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။
"ဒါပါပဲလား" ကျုံကော် အံ့သြသွားတယ်။ ဒီလောက်ပဲ ရိုးရှင်းတာလား။
"ခင်ဗျား ဘယ်လိုထင်လို့လဲ" လင်းထျန် အနည်းငယ် ပြုံးလိုက်တယ်။ ပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်။
လင်းထျန် လှည့်ထွက်သွားတာမြင်တော့ ကျုံကော် သူ့ကို တားထားချင်မိတယ်။
ဒါက ဘာသဘောလဲ။
အိမ်မှာနေခိုင်းရုံနဲ့ ရပြီတဲ့လား။ လွယ်လွန်းမနေဘူးလား။ ဒါ အလိမ်အညာလား။ နောက်နေတာလား။
အဲဒီအချိန်မှာ ကျုံကော် လင်းထျန်ကို သံသယဝင်လာပေမယ့် အရင်က စာရွက်ခေါက်ကိစ္စကြောင့် မဆင်မခြင် မလုပ်ရဲဘူး ဖြစ်နေတယ်။
မှားယွင်းလုပ်ဆောင်မိလို့ သူ့သားအသက်ဆုံးရှုံးရမယ်ဆိုရင် ဒါက ကြီးမားတဲ့ အမှားကြီး ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ လင်းထျန်က ဒီအတိုင်း ထွက်သွားတာကို ကျုံကော် မကျေနပ်သေးဘူး။ အကစားခံလိုက်ရသလို ခံစားနေရတယ်။ ဒါကြောင့် လင်းထျန် တံခါးပေါက်ရောက်ခါနီးမှာ ကျုံကော် လှမ်းခေါ်လိုက်တယ်။
"ဘာလဲ" ခေါင်းလှည့်ပြီး လင်းထျန် သူ့ကို စိတ်မရှည်တဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။
"မင်း အခု ထွက်သွားရပြီဆိုပေမယ့် မင်း ဘယ်သူ့ကို သွားထိထားလဲဆိုတာ မင်းသိပါတယ်။ ငါ မင်းကို ဘာမှမလုပ်ရင်တောင် မင်း ဒုက္ခရောက်မှာ သေချာတယ်" ကျုံကော်က လင်းထျန်ကို လေးလေးနက်နက် ကြည့်ပြီး ပြောတယ်။
တချိန်တည်းမှာပဲ စကားပြောနေရင်း လင်းထျန်ရဲ့ မျက်နှာထားကို သေချာ အကဲခတ်နေတယ်။
ဒါကြားတော့ လင်းထျန်က အထင်သေးတဲ့ အပြုံးတစ်ခု ပြုံးပြီး "ဒုက္ခရောက်မယ် ဟုတ်လား။ အဲဒါအတွက် စိတ်ပူစရာ မလိုပါဘူး။ မကြာခင် သူက သူ့ဒုက္ခနဲ့သူ ရှုပ်နေရတော့မှာ။ စောင့်ကြည့်နေလိုက်ပါ" လို့ ပြောပြီးတာနဲ့ လှည့်ထွက်သွားပြီး တံခါးဖွင့်ကာ ထွက်ခွာသွားတယ်။
"သူ့ဒုက္ခနဲ့သူ ဟုတ်လား"
ဒါကြားတော့ ကျုံကော် အံ့သြသွားပြီး "မြို့တော်ဝန်လင်းကို ပြောတာလား။ မြို့တော်ဝန်လင်း ဒုက္ခရောက်တော့မယ် ဒါမှမဟုတ်..." ချက်ချင်းဆိုသလို ကျုံကော် လင်းထျန်ရဲ့ စွမ်းရည်တွေကို တွေးမိလိုက်တယ်။
မြို့တော်ဝန်လင်းကို ဖြုတ်ချနိုင်လောက်တဲ့အထိ စွမ်းရည်ရှိတာလား။
တကယ်သာ အဲဒီလိုဆိုရင်...
ဒါကိုတွေးမိပြီး ကျုံကော်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားတယ်။
"ကလစ်!"
တံခါးဖွင့်သံနဲ့အတူ အပြင်မှာစောင့်နေတဲ့ ချန်ရိရွှမ် လန့်သွားပြီး အမြန် လှည့်ကြည့်လိုက်တယ်။
"ဟေး အလှလေး" ချန်ရိရွှမ်ကို မြင်တော့ လင်းထျန် အနည်းငယ် ပြုံးပြလိုက်တယ်။
"နင်... နင် ဘယ်လိုလုပ် ထွက်လာတာလဲ။ ညွှန်ကြားရေးမှူးကျုံရော" ချန်ရိရွှမ်က လင်းထျန်ကို အံ့သြတကြီး ကြည့်ပြီး အခန်းထဲကိုပါ လှမ်းချောင်းကြည့်လိုက်တယ်။
လင်းထျန် ကျုံကော်ကို တစ်ခုခုလုပ်လိုက်မှာကို သူ တကယ် စိုးရိမ်နေတာပါ။ အဲဒါဆို ပြဿနာတက်ကုန်မှာ။
"ကြည့်မနေပါနဲ့တော့ ညွှန်ကြားရေးမှူးကျုံက ငါ့ကို လွှတ်ပေးလိုက်ပြီ။ ငါ ပြန်လို့ရပြီတဲ့" လင်းထျန် အနည်းငယ် ပြုံးလိုက်တယ်။
"ဟင်... တကယ်လား" ချန်ရိရွှမ် ကြောင်သွားပြီး မယုံကြည်နိုင် ဖြစ်သွားတယ်။ လင်းထျန်စကားကို သူ လုံးဝ မယုံပါဘူး။ ဘာလို့ ကျုံကော်က လင်းထျန်ကို လွှတ်ပေးရမှာလဲ။
မြို့တော်ဝန်လင်းကို အငြိုအငြင်ခံပြီး လင်းထျန်ကို လွှတ်ပေးပါ့မလား။
ဒါက လုံးဝ ဖြစ်နိုင်ခြေ မရှိဘူးလေ။
ချန်ရိရွှမ်က လင်းထျန်ကို သံသယနဲ့ ကြည့်လိုက်တယ်။ ပြီးတော့ တစ်ခုခုကို သတိရသွားသလို တံခါးကို အမြန်ဖွင့်ပြီး အထဲကို ချောင်းကြည့်လိုက်တယ်။
လင်းထျန်က ကျုံကော်ကို ဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးလာတာလားဆိုပြီး သူ စိုးရိမ်နေတာပါ။
"ငါ သူ့ကို ပြန်လွှတ်လိုက်တာပါ။ သူ ဘာမှမဖြစ်ပါဘူး သွားလို့ရပြီ" အခန်းထဲ ချောင်းကြည့်နေတဲ့ ချန်ရိရွှမ်ကို ကျုံကော်က လှမ်းပြောလိုက်တယ်။
"အမ်..."
ကျုံကော် ဘာမှမဖြစ်တာ မြင်တော့မှ ချန်ရိရွှမ် စိတ်သက်သာရာရသွားတယ်။ ကျုံကော်က လင်းထျန်ကို လွှတ်ပေးအောင် လင်းထျန် ဘာလုပ်လိုက်လဲဆိုတာ မသိပေမယ့် ဒါက အမှန်တရားပါပဲ။
"သွားတော့မယ် တာ့တာ" လင်းထျန် လက်ပြပြီး ပြုံးရွှင်စွာ ထွက်ခွာသွားတယ်။ ဒါပေမဲ့ လှည့်လိုက်တာနဲ့ လင်းထျန် ခဏကြောင်သွားတယ်။
ရောက်လာတဲ့သူကို လင်းထျန် အံ့သြစွာ ကြည့်လိုက်တယ်။
လင်းလောင်!
အခုချိန်မှာ လင်းလောင်ရဲ့ ပုံစံက တော်တော်လေး သနားစရာကောင်းနေတယ်။ ပါးနှစ်ဖက်လုံး ရောင်ကိုင်းပြီး နီရဲနေတာ ဝက်ခေါင်းကြီးလို ဖြစ်နေတယ်။ ညာလက်ကိုလည်း ကျပ်စည်းထားရတယ်။ အရင်တခေါက်ကထက် အခြေအနေ တော်တော်ဆိုးနေပုံရတယ်။
လင်းထျန် သူ့ကို မြင်တဲ့အချိန်မှာ လင်းလောင်လည်း လင်းထျန်ကို မြင်လိုက်တယ်။
လင်းထျန် တကယ်ကြီး ထွက်လာတာမြင်တော့ လင်းလောင် အံ့သြသွားပြီး အမြန် လျှောက်လာတယ်။
လင်းလောင်က လင်းထျန်ကို လက်ညှိုးထိုးပြီး ချန်ရိရွှမ်ဘက်လှည့်ကာ "ဘယ်သူလွှတ်လိုက်တာလဲ။ ဘယ်ကောင်က သူ့ကို လွှတ်ပေးရဲတာလဲ" လို့ ဒေါသတကြီး အော်ဟစ်လိုက်တယ်။
ချန်ရိရွှမ် လွှတ်ပေးလိုက်တယ်လို့ သူထင်နေတာ!
"ငါ လွှတ်လိုက်တာ" ရုတ်တရက် တည်ငြိမ်တဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ အသံနဲ့အတူ ကျုံကော် စစ်ဆေးမေးမြန်းရေးအခန်းထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာတယ်။
ကျုံကော်ကို မြင်တော့ လင်းလောင် အံ့သြသွားတယ်။
ဒီလိုရလဒ်မျိုး ဖြစ်လာမယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: