ခဏလောက် ကြောင်အသွားပြီးနောက် လင်းလောင်က ကျုံကော်ကို ဒေါသတကြီး စိုက်ကြည့်ပြီး "ခင်ဗျား ဘာလို့ သူ့ကို လွှတ်လိုက်တာလဲ" လို့ မေးလိုက်တယ်။

လင်းလောင်ရဲ့ ရန်လိုတဲ့လေသံကို ကြားတော့ ကျုံကော် မျက်မှောင်ကြုတ်ပြီး "ငါ ဘယ်သူ့ကိုလွှတ်ပေးတယ်ဆိုတာ မင်းကို သတင်းပို့နေစရာ မလိုပါဘူး။ ပြီးတော့ သူ့မှာ အပြစ်မှမရှိတာ" လို့ အေးစက်စက် ပြောလိုက်တယ်။

"ခင်ဗျား... ကောင်းပြီလေ ခင်ဗျား တွေ့မယ်" လင်းလောင် ခဏကြောင်သွားပြီးမှ ဒေါသတကြီး ပြောလိုက်တယ်။

လင်းလောင်က ကျုံကော်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် လင်းထျန်ဘက်လှည့်ကာ အေးစက်တဲ့မျက်နှာထားနဲ့ "ဟေ့ကောင် ငါတို့ကိစ္စ မပြီးသေးဘူးနော်" လို့ ပြောလိုက်တယ်။

"ဟုတ်လား" လင်းထျန်ရဲ့ နှုတ်ခမ်းစွန်းမှာ အပြုံးရေးရေးလေး ပေါ်လာတယ်။ "မင်းက ငါ့ကို ဒုက္ခပေးချင်နေတုန်းလား။ မင်းအဖေကို အားကိုးပြီးတော့လေ။ ဟား... ကိုယ့်အဖေကို ဒုက္ခပေးမယ့်ကောင်။ မင်းအဖေ ဒီကိစ္စကို ဖြေရှင်းပြီးမှ ပြန်ပြောကြတာပေါ့"

"မင်း ဘာစကားပြောတာလဲ" လင်းထျန်စကားကြားတော့ လင်းလောင် ရင်ထိတ်သွားတယ်။

လင်းထျန်က တခစ်ခစ်ရယ်ပြီး သူ့ကို ဂရုမစိုက်ဘဲ ရှေ့ဆက်လျှောက်သွားတယ်။

ရဲစခန်းကနေ ထွက်လာပြီးနောက် လင်းထျန် လူသူကင်းမဲ့တဲ့ ထောင့်တစ်နေရာမှာ ချက်ချင်း ပျောက်ကွယ်သွားတယ်။

တစ်နာရီကြာတော့ ဝူအန်းမြို့တော်ဝန် လိုင်ရှောင်မင်ရဲ့ အိမ်မှာ အကျင့်ပျက်ခြစားမှုနဲ့ ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေ အများကြီး ရောက်ရှိလာတယ်။

ဒီစာရွက်စာတမ်းပုံကြီးကို မြင်တော့ လိုင်ရှောင်မင် အံ့သြသွားပြီး သူ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်တွေကို ခေါ်လိုက်တယ်။

လိုင်ရှောင်မင် သတင်းအချက်အလက်တွေကို မြင်သွားပြီဆိုတာ သိလိုက်တော့ ဘေးမှာပုန်းနေတဲ့ လင်းထျန် ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ဒုတိယမြို့တော်ဝန်လင်း ပြေးမလွတ်တော့ဘူးဆိုတာ သူ သိလိုက်ပြီ။

မထွက်ခွာခင် လင်းထျန် ဗေဒင်တွက်ကြည့်လိုက်တော့ လင်းလောင်ရဲ့အဖေ လင်းချင်းက အကျင့်ပျက်ခြစားတယ် လာဘ်စားတယ် မကောင်းမှုတွေ အမျိုးမျိုး ကျူးလွန်ထားမှန်း သိလိုက်ရတယ်။ ဆောက်လုပ်ရေး စီမံကိန်းတွေမှာလည်း ပါဝင်ပတ်သက်နေသေးတယ်။

လင်းထျန် ပိုပြီး စိတ်ဝင်စားမိတာက လင်းချင်းက မြို့တော်ပါတီအတွင်းရေးမှူးနဲ့ ပူးပေါင်းနေပြီး မြို့တော်ဝန် လိုင်ရှောင်မင်ကတော့ ပါတီအတွင်းရေးမှူးနဲ့ မသင့်မြတ်တာ ကြာပြီဖြစ်ကာ လင်းချင်းကို ဖယ်ရှားဖို့ သတင်းအချက်အလက်တွေ စုဆောင်းနေတယ်ဆိုတာပါပဲ။

လင်းထျန်က မီးလောင်ရာလေပင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရာဇဝတ်မှုမှတ်တမ်း ဖိုင်ပုံကြီး လိုင်ရှောင်မင်ရဲ့ စားပွဲပေါ် ရောက်သွားရတာပါ။

လိုင်ရှောင်မင်အိမ်ကနေ ထွက်လာပြီးနောက် လင်းထျန် ကောင်းကင်ကို မော့ကြည့်လိုက်တော့ မိုးချုပ်နေပြီဆိုတာ သိလိုက်ရတယ်။ ဒီနေ့တစ်နေ့လုံး ရဲစခန်းမှာပဲ အချိန်ကုန်သွားပြီး ဘာမှမလုပ်လိုက်ရဘူး။

"ကံဆိုးလိုက်တာကွာ" ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို တွေးမိပြီး လင်းထျန် စိတ်ပျက်သွားတယ်။ ခဏလောက် စဉ်းစားပြီးနောက် လင်းထျန် သူ့ညီမဆီ ဖုန်းဆက်လိုက်တယ်။

"ဟဲလို ဖန်... အစ်ကို အဆင်ပြေတယ် အခု အပြင်ရောက်နေပြီ။ အဖေနဲ့အမေကို မပြောဘူးမလား။ အေး အစ်ကို အိမ်ပြန်မလာတော့ဘူး။ မနက်ဖြန် အတန်းရှိလို့ ကျောင်းပြန်လိုက်တော့မယ်။ အေး အေး" စကားနည်းနည်းပြောပြီးနောက် လင်းထျန် ဖုန်းချလိုက်တယ်။

တကယ်တော့ လင်းထျန် လင်းဖန်ဆီ အရင်ကတည်းက ဖုန်းဆက်ပြီးပြီဖြစ်လို့ မိဘတွေကို မပြောထားမှန်း သိပြီးသားပါ။ အခုက စိတ်ပူလို့ ထပ်မေးကြည့်တာပါ။

အချိန်ကြည့်လိုက်တော့ တော်တော်မိုးချုပ်နေပြီမို့ လင်းထျန် စားသောက်ဆိုင်တစ်ခုမှာ အမြန်ဝင်စားပြီး ကျောင်းပြန်ဖို့ တက္ကစီငှားလိုက်တယ်။

လင်းထျန် ကျောင်းရောက်တဲ့အချိန်မှာ လင်းလောင်ရဲ့အဖေ လင်းချင်းကို စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ။

လင်းချင်း အဖမ်းခံရတဲ့သတင်းကို ကျုံကော် ချက်ချင်း သိလိုက်ရပြီး သတင်းကြားကြားချင်း မှင်သက်သွားတယ်။

ဘာဖြစ်နေလဲဆိုတာ သဘောပေါက်ဖို့ ခဏလောက် အချိန်ယူလိုက်ရတယ်။ တချိန်တည်းမှာပဲ လင်းထျန်အပေါ်ထားတဲ့ သံသယတွေ အကုန်ပျောက်သွားတယ်။

သူ့စိတ်ထဲမှာ လင်းထျန်က သာမန်ထက်ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ။ ဖားရမယ့်လူစားမျိုး သွားမထိရဲတဲ့ လူစားမျိုးပေါ့။

တစ်နာရီကျော်လောက်ကြာတော့ လင်းထျန် ကျောင်းဝင်းထဲ ရောက်လာတယ်။

ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတဲ့အချိန် ရုတ်တရက် လင်းထျန် ခန္ဓာကိုယ် တောင့်တင်းသွားတယ်။ သူ ကြောင်သွားတယ်။

တချိန်တည်းမှာပဲ လင်းထျန်ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ်။ "စူပါစီးရီး မစ်ရှင် - နဝမမြောက် မစ်ရှင်ခွဲ - ရှန်မုန့်ရီဆီ လစဉ်သုံးပစ္စည်း သွားပို့ပေးရန်။ မစ်ရှင်ဆုကြေး - စွမ်းရည်အမှတ် တစ်မှတ်။ မစ်ရှင်ကျရှုံးပါက - စွမ်းရည်အမှတ် နှစ်မှတ် အနှုတ်ခံရမည်။ မှတ်ချက် - ဤမစ်ရှင်ကို ဆယ်မိနစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်"

"ဟင်... ဟင်... ဟင်" မစ်ရှင်အကြောင်းကြားစာကို ကြားလိုက်တော့ လင်းထျန် မှင်သက်သွားတယ်။

ဘာမစ်ရှင်ကြီးလဲဟ။

သောက်ကျိုးနည်း! အရင်တုန်းက အိမ်သာသုံးစက္ကူ သွားပို့ခိုင်းတယ် အခုကျတော့ လစဉ်သုံးပစ္စည်း သွားပို့ခိုင်းပြန်ပြီ ဘာတွေ ဖြစ်နေတာလဲ။

"အမ်..." ခဏလောက် ကြောင်နေရာကနေ လင်းထျန် သတိပြန်ဝင်လာတယ်။ ကြောင်နေရမယ့်အချိန် မဟုတ်ဘူး အခုမလှုပ်ရှားရင် မစ်ရှင်ကျရှုံးသွားလိမ့်မယ်။

လင်းထျန် ဘာမှဂရုမစိုက်တော့ဘဲ နောက်ပြန်လှည့်ပြီး ကျောင်းပြင်က စူပါမားကတ်အသေးလေးဆီ အမြန်ပြေးသွားတယ်။

စူပါမားကတ်ထဲ ရောက်တာနဲ့ လင်းထျန် အမျိုးသမီးသုံးပစ္စည်းတန်းဆီ တန်းသွားလိုက်တယ်။

လင်းထျန် ရောက်သွားတဲ့အချိန်မှာ ကောင်မလေးနှစ်ယောက် ပစ္စည်းရွေးနေတာ တွေ့လိုက်ရတယ်။

"အမ်..." ဒါမြင်တော့ လင်းထျန် နည်းနည်း ရှက်သွားတယ်။

ခဏလောက် စောင့်နေပေမယ့် ကောင်မလေးနှစ်ယောက်က ထွက်သွားမယ့်ပုံ မပေါ်တာကြောင့် အချိန်မရှိတော့မှန်းသိတဲ့ လင်းထျန် အံကြိတ်ပြီး တန်းဝင်သွားလိုက်တယ်။

ဒီလိုနေရာမျိုးမှာ လင်းထျန်ကို တွေ့လိုက်ရတော့ ကောင်မလေးနှစ်ယောက်လုံး စူးစမ်းသလို ကြည့်လာကြတယ်။ သူတို့အကြည့်တွေက ထူးဆန်းနေတယ်။

လင်းထျန် မျက်နှာပူထူသွားပြီး တစ်ထုပ်ဆွဲယူကာ ငွေရှင်းကောင်တာဆီ ပြေးသွားလိုက်တယ်။

"ပိုက်ဆံရှင်းမယ်" ငွေရှင်းကောင်တာမှာ ထိုင်နေတာက ကောင်မလေးတစ်ယောက်ပါ။

ကောင်မလေးက လင်းထျန်လက်ထဲက ပစ္စည်းကို ခဏလောက် စိုက်ကြည့်ပြီး ပြုံးကာ "ကောင်မလေးအတွက် ဝယ်ပေးတာလား။ အခုသုံးဖို့ဆိုရင် ညသုံးတာ ဝယ်သွားတာ ပိုကောင်းမယ်။ ရှင်ကိုင်ထားတာက နေ့ဘက်သုံးတဲ့ဟာလေ" လို့ ရှင်းပြတယ်။

"အမ်..." လင်းထျန်ရဲ့ နဖူးပေါ်မှာ ချွေးစေးတွေ သီးလာတယ်။

လင်းထျန်ရဲ့ ရှက်နေတဲ့ပုံစံကို မြင်တော့ ကောင်မလေးက အနည်းငယ်ပြုံးပြီး အောက်ကနေ Seven Spaces တံဆိပ် တစ်ထုပ်ကို ဆွဲထုတ်ပြီး ကမ်းပေးကာ "ရော့ ဒါက ညဘက်သုံးတဲ့ဟာ ယူမလား" လို့ မေးလိုက်တယ်။

"အင်း မြန်မြန်လုပ်ပေး" လင်းထျန် ခေါင်းညိတ်လိုက်တယ်။ ယောကျ်ားတစ်ယောက်အနေနဲ့ ဒီလိုပစ္စည်းမျိုး ဝယ်ရတာ နေရခက်တယ်လို့ သူ အမြဲခံစားရတယ်။

ပိုက်ဆံရှင်းပြီးတာနဲ့ လင်းထျန် အမြန် ပြေးထွက်လာခဲ့တယ်။

ကျောင်းဝင်းထဲ ပြေးဝင်လာရင်း လင်းထျန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ ရှန်မုန့်ရီဆီက ထွက်ပေါ်နေတဲ့ အနီရောင်အလင်းတန်းအရ သူ အဆောင်အိမ်သာမှာ မဟုတ်ဘဲ အားကစားရုံက အိမ်သာမှာ ရောက်နေမှန်း သိလိုက်ရတယ်။

နေရာသိတာနဲ့ လင်းထျန် အားကစားရုံ အိမ်သာဆီ အမြန်ပြေးသွားတယ်။

လင်းထျန် အပြေးအလွှား လာနေတဲ့အချိန်မှာ ရှန်မုန့်ရီက အိမ်သာထဲမှာ စိတ်ညစ်နေတယ်။

"ဒီနေ့ ဘာလို့ ဒီလောက်စောလာရတာလဲ။ ၇ ရက်တောင် စောနေတယ် ပြီးတော့ များလိုက်တာ..." သူ တီးတိုးရေရွတ်နေမိတယ်။

ဒီတစ်ခါ ရာသီလာတာက လုံးဝ မမျှော်လင့်ထားတဲ့ အချိန်မှာ ရောက်လာတာပါ။ ရုတ်တရက်ကြီး ဖြစ်သွားတာမို့ သူ ဘာမှ အဆင်သင့် မပါလာဘူး။

မတတ်သာတဲ့အဆုံး ဖုန်းထုတ်ပြီး အခန်းဖော်ဆီ လှမ်းဆက်လိုက်ရတယ်။ "ဟဲလို ရှောင်ဆွေ ငါ ရာသီလာနေလို့ ဘာမှမပါလာဘူး။ ငါ့ဆီ လာပို့ပေးလို့ ရမလား"

"ရတယ် ဘယ်လောက်ကြာမလဲ"

"ဟင်... မိနစ် ၂၀ လား။ ကြာလိုက်တာ။ အေးပါ မြန်မြန်လုပ်နော် အမြန်ဆုံး လာခဲ့ပါ"

ဖုန်းချပြီးနောက် ရှန်မုန့်ရီ နှုတ်ခမ်းစူပြီး "မိနစ် ၂၀ တောင် ဟုတ်လား။ ငါ ဘယ်လိုလုပ် စောင့်ရမှာလဲ။ တစ်ယောက်ယောက် လာပို့ပေးရင် ကောင်းမှာပဲ" လို့ ညည်းတွားလိုက်တယ်။

ဘာကြောင့်မှန်းမသိ အဲဒီအချိန်မှာ လင်းထျန်ရဲ့ ပုံရိပ်က ရှန်မုန့်ရီရဲ့ ခေါင်းထဲ ပေါ်လာတယ်။

လင်းထျန်ကို သတိရမိတာနဲ့ ရှန်မုန့်ရီ ခေါင်းခါလိုက်ပြီး "သွားစမ်း ဘာလို့ အခုချိန်မှ သူ့ကို သတိရနေရတာလဲ။ တကယ်ပါပဲ" လို့ ပြောလိုက်တယ်။

"တီ တီ..." ရုတ်တရက် ရှန်မုန့်ရီရဲ့ ဖုန်းမြည်လာတယ်။

ရှန်မုန့်ရီ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်တဲ့သူကို မြင်တော့ ကြောင်သွားတယ်။

လင်းထျန်!

လင်းထျန် ဖုန်းဆက်လာတာ!

အဲဒီအချိန်မှာ လင်းထျန်က အားကစားရုံ အိမ်သာအပြင်ဘက် ရောက်နေပြီ။ လင်းထျန် အချိန်ကြည့်လိုက်တော့ စောသေးတယ် ငါးမိနစ် လိုသေးတယ်။

လင်းထျန် အထဲဝင်ဖို့ မလောသေးပါဘူး။ ဖုန်းထုတ်လိုက်ပြီး "ရှန်မုန့်ရီ အခုချိန် တော်တော်လေး ဒုက္ခရောက်နေလောက်ပြီ။ ဖုန်းဆက်ပြီး စနောက်လိုက်ရင် ကောင်းမလား။ အင်း..." လို့ တွေးပြီး ပြုံးလိုက်တယ်။

မျက်လုံးထဲမှာ ကောက်ကျစ်တဲ့ အရိပ်အယောင်တွေနဲ့ လင်းထျန် ရှန်မုန့်ရီဆီ ဖုန်းခေါ်လိုက်တယ်။

"ဟဲလို မုန့်ရီလား"

"ငါ့ကို မုန့်ရီလို့ မခေါ်နဲ့။ ပြီးတော့ ဘာကိစ္စ ဖုန်းဆက်တာလဲ"

"မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပေါ့" လင်းထျန်က တခစ်ခစ်ရယ်ပြီး ပြောလိုက်တယ်။

"ဘာပြဿနာလဲ" ရှန်မုန့်ရီ ကြောင်သွားတယ်။

"မင်း အခု ဘာဒုက္ခရောက်နေလဲ မသိဘူးလား" လင်းထျန် ရယ်မောလိုက်တယ်။ သူ့အပြုံးမှာ နှာဘူးဆန်ဆန် အရိပ်အယောင်တွေ ပါနေတယ်။

အခု ဒုက္ခရောက်နေတာ ဟုတ်လား။

ဒါကြားတော့ ရှန်မုန့်ရီ ခဏကြောင်သွားပြီး သူ့အောက်ပိုင်းကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တယ်။ ဖြစ်နိုင်မလား...