အခန်း (၁၇၆) ထပ်မံကြိုးစားခြင်း
အဲဒီအချိန်မှာ လင်းထောင်က စမ်းသပ်ဆောင်ဘေးက ဝါးရုံတောထဲမှာ ဓားကစားနေတယ်။ အဲဒီနေရာကလည်း အရမ်းတိတ်ဆိတ်တဲ့နေရာပဲ။
ဆယ်မိနစ်ကျော်လောက်ကြာတော့ လင်းထျန်က ဝါးရုံတောထဲမှာ ဓားကစားနေတဲ့ လင်းထောင်ကို ရှာတွေ့သွားတယ်။
ဓားသိုင်းလေ့ကျင့်ဖို့အတွက် လင်းထောင်က ဓားတစ်လက်တောင် ဝယ်ထားသေးတယ်။ ဒါပေမဲ့ ဓားသွားတော့ မသွေးထားပါဘူး။
ဝှစ်!
အဝေးကနေ ကြည့်လိုက်တာနဲ့ လင်းထောင်ရဲ့ စွမ်းရည်က တစ်ရက်တည်းနဲ့ ပိုတိုးတက်လာမှန်း လင်းထျန် သတိထားမိလိုက်တယ်။
"သူက တကယ် ပါရမီရှိတာပဲ" လင်းထျန် တွေးလိုက်မိတယ်။ ဖြစ်နိုင်တာက သူနဲ့ စုမိုမို တကယ်ပဲ ဖူးစာပါလာတာ ဖြစ်နိုင်တယ်။
ဒါကိုတွေးပြီး လင်းထျန် ရှေ့တက်လာတယ်။
ခြေသံကြားတော့ ဘေးနားမှာထိုင်ပြီး ဖုန်းပွတ်နေကြတဲ့ ကော့ရုံနဲ့ ဖုန်းကျားပေါင်တို့နှစ်ယောက်က ခြေသံလာရာဘက်ကို မော့ကြည့်လိုက်ကြတယ်။
လင်းထျန်ကို ချက်ချင်း မြင်သွားကြတယ်။
"လင်းထျန် ဘာလာလုပ်တာလဲ" ကော့ရုံက စူးစမ်းသလို မေးလိုက်တယ်။ လင်းထျန်က အခန်းထဲမှာ ဓားသိုင်းဗီဒီယိုတွေ ကြည့်နေခဲ့တာ သူမှတ်မိတယ်လေ။
"ကူညီဖို့ လာတာပေါ့" လင်းထျန်က တခစ်ခစ်ရယ်ပြီး လျှောက်လာကာ လင်းထောင်ကို တစ်ချက်ကြည့်လိုက်တယ်။
လင်းထောင်ရဲ့ လှုပ်ရှားမှုတွေကို ခဏလောက် ကြည့်ပြီးနောက် လင်းထျန် ရုတ်တရက် ပြောလိုက်တယ်။ "ခဏလောက် ရပ်ပါဦး"
"ဘာလဲ" လင်းထျန်စကားကြားတော့ လင်းထောင်က လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး လင်းထျန်ကို ထူးဆန်းသလို ကြည့်လိုက်တယ်။
"စုမိုမိုကို အနိုင်ယူချင်သေးလား" လင်းထျန်က သူ့ကိုကြည့်ပြီး မေးလိုက်တယ်။
လင်းထောင် ခဏလောက် ပြောစရာစကားမဲ့သွားပြီးမှ မျက်စောင်းထိုးလိုက်တယ်။ "အဲဒီလို အသုံးမကျတဲ့ မေးခွန်းမျိုး မေးမယ့်အစား မမေးဘဲ နေလိုက်ပါ"
"ကောင်းပြီလေ မင်း လိုချင်မှတော့ ငါကူညီပေးမယ်" လင်းထျန် တခစ်ခစ်ရယ်လိုက်တယ်။
"ဘယ်လို ကူညီမှာလဲ" လင်းထောင်က လက်ထဲက ဓားကိုခါရင်း စိတ်မပါတပါ မေးလိုက်တယ်။
သူ လင်းထျန်ကို လုံးဝ မယုံပါဘူး။
ဒါကို ဘယ်လိုကူညီပေးနိုင်မှာလဲ။
"ကဲပါ တော်ပါပြီ။ ခဏနေရင် မင်း သိရမှာပါ" လင်းထျန် လျှို့ဝှက်တဲ့အပြုံးနဲ့ ပြုံးလိုက်ပြီး ကော့ရုံဘက်လှည့်ကာ "အခုချိန် စုမိုမို ဓားသိုင်းကလပ်မှာ ရှိနေတုန်းလား" လို့ မေးလိုက်တယ်။
"ရှိလောက်တယ် သူ တနေကုန် အဲဒီမှာ ရှိနေတယ်လို့ ထောင်ထောင် ပြောတယ်" ကော့ရုံက လင်းထောင်ကို မရေမရာ ကြည့်ပြီး ပြောလိုက်တယ်။
လင်းထောင်က ခေါင်းမမော့ဘဲ လက်ထဲက ဓားကို ဖြည်းဖြည်းချင်း ပွတ်သပ်နေရင်း "သူ တကယ် ရှိနေတယ်" လို့ ပြောလိုက်တယ်။
"ကောင်းပြီ သူရှိနေမှတော့ ပိုလွယ်သွားပြီ" လင်းထျန် တခစ်ခစ်ရယ်ပြီး လင်းထောင်ရဲ့လက်ကို ဆွဲကာ အပြင်ဘက်ကို ခေါ်ထုတ်သွားတယ်။
"ဘာလုပ်မလို့လဲ" လင်းထောင် လန့်သွားပြီး သူ့ခန္ဓာကိုယ်က မသိစိတ်နဲ့ အပြင်ကို ပါသွားတယ်။
"သွားစိန်ခေါ်မလို့လေ" လင်းထျန်က လင်းထောင်လက်ကို ဆွဲရင်း ပြန်ဖြေလိုက်တယ်။
"ဘာစိန်ခေါ်တာလဲ။ ငါ အခု အဆင်သင့်မဖြစ်သေးဘူး။ ငါ့အရည်အချင်း ပြည့်မီတဲ့အချိန်မှ သွားဖို့ စီစဉ်ထားတာ" လင်းထောင်ရဲ့ မျက်နှာထားက စိတ်ပျက်လက်ပျက် ဖြစ်နေတယ်။
"စိတ်မပူပါနဲ့ ငါ ကူညီပေးပါ့မယ်" လင်းထျန် ရပ်မသွားဘဲ လင်းထောင်ကို ဆက်ဆွဲခေါ်သွားတယ်။
"မင်းက ဘယ်လိုကူညီမှာလဲ။ လာမနောက်ပါနဲ့ကွာ" လင်းထောင် လုံးဝ မယုံပါဘူး။ ပြောရင်းနဲ့ လင်းထျန်ရဲ့ လက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားတယ်။
လင်းထောင် ရုန်းကန်နေတာကို သတိထားမိတော့ လင်းထျန် ရပ်တန့်လိုက်ပြီး လေးလေးနက်နက် ကြည့်ကာ "မင်း ငါ့ကို ယုံလား" လို့ မေးလိုက်တယ်။
"ယုံပါတယ် ဒါပေမဲ့..."
"ဒါပေမဲ့တွေ မလိုဘူး။ ငါ့ကို ယုံပြီး လိုက်ခဲ့။ ငါ ကူညီမယ်။ ငါ တာဝန်ယူတယ်" လင်းထျန်က လင်းထောင်စကားကို ဖြတ်ပြောပြီး ရှေ့ဆက်ဆွဲခေါ်သွားတယ်။
မယုံကြည်ပေမယ့် မတတ်သာတဲ့အဆုံး လင်းထောင် လိုက်သွားရတယ်။ တစိတ်တစ်ပိုင်းကတော့ လင်းထျန်ကို အရှက်မကွဲစေချင်လို့ဖြစ်ပြီး နောက်တစ်ချက်ကတော့ လင်းထျန် ပြောသလိုပဲ ဘယ်လောက်ပဲ မဖြစ်နိုင်ဘူးထင်ရပါစေ လင်းထျန်ပြောတာတွေ အကုန် တကယ်ဖြစ်လာခဲ့တာကိုး။
ဒါကိုတွေးပြီး လင်းထောင် လိုက်သွားတာပါ။
ကော့ရုံနဲ့ ဖုန်းကျားပေါင်တို့ ခဏကြောင်သွားပြီးမှ အနောက်ကနေ အမြန်ပြေးလိုက်သွားကြတယ်။
လင်းထျန်က လင်းထောင်ကို အကြောင်းရင်း မပြောပြတာက အဓိက အကြောင်းရင်း သုံးချက်ရှိတယ်။ ပထမအချက်က ဒီစွမ်းရည်ကို ရှင်းပြရ ခက်လို့ပါ။ သူများတွေကို စွမ်းရည်သင်ပေးလို့ရတယ်လို့ ပြောလိုက်ရင် သဘာဝမကျဘူးလေ။
ဒါကြောင့် လင်းထျန်က မရှင်းပြတော့ဘဲ လင်းထောင်ကို ကိုယ်တိုင် ခံစားခိုင်းလိုက်တာပါ။
လင်းထောင်ကို အခု ဗဟုသုတတွေ မလွှဲပြောင်းပေးသေးတာက ဗဟုသုတတွေက သက်တမ်းရှိလို့ပါ။ တစ်လကြာရင် အတွေ့အကြုံတွေ ပျောက်ကွယ်သွားမှာလေ။
နောက်မှ သင်ပေးတာက လင်းထောင်အတွက် လိုက်လျောညီထွေဖြစ်အောင် အချိန်ပိုရမယ်လို့ လင်းထျန် တွေးလိုက်တယ်။
လင်းထောင်ကို ဓားသိုင်းစွမ်းရည်တွေ ကြိုမသင်ပေးတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။ အဲဒါကတော့ လင်းထျန် ကြွားချင်လို့ပါ။
လင်းထောင်က မနိုင်တော့ဘူးလို့ ထင်နေတဲ့အချိန် ရုတ်တရက် သူ့မှာ စွမ်းရည်ရှိနေမှန်း သိလိုက်ရရင် ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ။
လင်းထျန် ဒီခံစားချက်ကို ကြိုက်တယ်။
လင်းထျန် ဘာမှမပြောတော့ လင်းထောင်နဲ့ ကျန်တဲ့သူတွေလည်း ဆက်မမေးတော့ဘဲ လေးယောက်သား ဓားသိုင်းကလပ်ဆီ ထွက်လာခဲ့ကြတယ်။
မိနစ်နှစ်ဆယ်ကြာတော့ သူတို့လေးယောက် ဓားသိုင်းကလပ်ကို ပြန်ရောက်လာကြတယ်။
သူတို့လေးယောက် ဝင်သွားတာနဲ့ တခန်းလုံး တိတ်ဆိတ်သွားပြီး အားလုံးက သူတို့ဆီ လှည့်ကြည့်လာကြတယ်။
သူတို့လေးယောက်ကို မြင်တာနဲ့ ဓားသိုင်းကလပ် အသင်းသားတွေ စိတ်ပျက်သွားကြတယ်။ ချက်ချင်းဆိုသလို တီးတိုးပြောသံတွေ လှောင်ပြောင်သံတွေ ထွက်ပေါ်လာတယ်။
"ဒီအကောင်တွေ ရောက်လာပြန်ပြီ ဘယ်တော့မှ ရပ်မှာလဲ"
"အေးလေ မသေချင်ရင် သေလမ်းမရှာနဲ့။ ဒီတစ်ခါ သူတို့ကို ကောင်းကောင်း ပညာပေးရမယ်"
"ရွံစရာကောင်းလိုက်တာ လာပြန်ပြီ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: