လင်းထျန်နဲ့ သူ့သူငယ်ချင်းလေးယောက်ကို မြင်တာနဲ့ ဓားသိုင်းလေ့ကျင့်နေတဲ့ စုမိုမို မျက်မှောင်ကြုတ်လိုက်တယ်။

ဒီတစ်ခါတော့ သူ တကယ် စိတ်ပျက်နေပြီ။

လင်းထောင်ရဲ့ ဓားသိုင်းပါရမီကို သူ သဘောကျပေမယ့် လင်းထောင်ရဲ့ မာန်တက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ စိတ်ဓာတ်ကိုတော့ သူ တကယ် စိတ်ပျက်တယ်။

သူတို့ကို တစ်ချက်ကြည့်ပြီးနောက် စုမိုမို မျက်နှာလွှဲသွားပြီး သူတို့ကို ဂရုမစိုက်တော့ဘူး။ ဒီတစ်ခါတော့ သူတို့ကို လုံးဝ လစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်တယ်။

လင်းထျန်တို့အဖွဲ့ ထပ်ရောက်လာတာ မြင်တော့ လင်းထောင်ကို အရင်က အနိုင်ယူခဲ့တဲ့ ကောင်လေးက ဒေါသတကြီးနဲ့ လျှောက်လာတယ်။

သူတို့လေးယောက်ရှေ့ ရောက်တော့ သူက လင်းထောင်ကို မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်ပြီး "မင်း မျက်နှာပြောင်တိုက်ပြီး ဘာလာလုပ်တာလဲ" လို့ လှောင်ပြောင်သရော် မေးလိုက်တယ်။

လင်းထောင် ဘာမှမပြောပါဘူး။ ရိုးရိုးသားသား ပြောရရင် ဒါက သူစီစဉ်ထားတဲ့ကိစ္စ မဟုတ်ဘူးလေ။

လင်းထောင် တိတ်ဆိတ်နေတာမြင်တော့ ဟိုကောင်လေးက လင်းထောင် လိပ်ပြာမလုံဖြစ်နေပြီလို့ ထင်ပြီး "ဘာလဲ ပြီးခဲ့တဲ့ တခေါက်က သင်ခန်းစာ မလုံလောက်သေးလို့လား။ ထပ်စမ်းချင်သေးတာလား။ လာလေ ဒီတစ်ခါ ငါ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ မိုးဘယ်လောက်မြင့်လဲ မြေဘယ်လောက်နိမ့်လဲဆိုတာ မင်းသိစေရမယ်" လို့ ဆက်ပြီး လှောင်ပြောင်လိုက်တယ်။

သူ တကယ် စိတ်တိုနေပြီ!

စုမိုမိုသာ မရှိရင် လင်းထောင်ကို ဆေးရုံရောက်အောင် လုပ်ပစ်ချင်နေတာ။

ဒါပေမဲ့ ဒီတစ်ခါတော့ သူ အလျှော့ပေးမှာ မဟုတ်ဘူး လင်းထောင်ကို ကောင်းကောင်း ပညာပေးရမယ်။

ဟိုကောင်လေးရဲ့ ရန်လိုတဲ့လေသံကို ကြားတော့ လင်းထျန် မျက်ခုံးပင့်လိုက်ပြီး သူ့ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်ကာ "ပြိုင်ချင်တာလား။ လာလေ ဒါပေမဲ့ ငါ့ကို အဖေလို့ လာမခေါ်နဲ့နော်" လို့ ပြောလိုက်တယ်။

လင်းထျန်ရဲ့ လှောင်ပြောင်သံကို ကြားတော့ ဟိုကောင်လေး မျက်ခုံးပင့်ပြီး ဆဲရေးချင်သွားတယ်။ ဒါပေမဲ့ တစ်ခုခုကို သတိရသွားပြီး စိတ်ကိုထိန်းကာ "လေကြီးမနေနဲ့ လာခဲ့။ ဟွန့်" လို့ အံကြိတ်ပြီး ပြောလိုက်တယ်။

သူ့မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားတယ်။ ဒီတစ်ခါတော့ လင်းထောင်ကို ဆေးရုံတက်ရတဲ့အထိ ရိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

"သွားလေ" ဒါကြားတော့ လင်းထျန်က လင်းထောင်ကို အနောက်ကနေ တွန်းလိုက်တယ်။ လင်းထောင် ရှေ့ကို ယိုင်သွားတယ်။

တွန်းလိုက်တဲ့အချိန်မှာပဲ လင်းထျန်က စွမ်းရည်လွှဲပြောင်းပေးခြင်းကို ချက်ချင်း အသုံးပြုလိုက်တယ်!

အတွေ့အကြုံတွေ လွှဲပြောင်းပေးလိုက်ပြီ!

"အမ်..." လင်းထျန် တွန်းလိုက်လို့ လင်းထောင် ရှေ့ကို ခြေလှမ်းနည်းနည်း ယိုင်သွားတယ်။

လင်းထောင် လင်းထျန်ဘက်ကို အနေရခက်စွာ လှည့်ကြည့်လိုက်တယ်။

"သွားပါ ဘာမှမဖြစ်ပါဘူး။ ငါ့ကို ယုံလိုက်" လင်းထျန်က လင်းထောင်ကို အိုကေ သင်္ကေတ ပြလိုက်တယ်။

လင်းထောင် ခဏလောက် ပြောစရာစကားမဲ့သွားတယ်။

ဒါက ဘာသဘောလဲ။

ဒါကို ဘာမှမဖြစ်ဘူးလို့ ပြောရသေးတာလား။

ဒါက ပြဿနာအကြီးကြီးပဲ။

မင်း ငါ့ကို ကူညီတာက ဒီလိုလား။ ငါ့ကို ကူညီတယ်လို့ ငါ လုံးဝ မမြင်ပါလား။

လင်းထောင် ပြောစရာစကား မရှိတော့ဘူး။

ဒါပေမဲ့ လင်းထျန်က သူ့ကို ရှေ့တွန်းပို့လိုက်ပြီဖြစ်လို့ လင်းထောင် အခုမှ နောက်ဆုတ်လို့ မဖြစ်တော့ဘူး။ မဟုတ်ရင် သူ အလှောင်ခံရတော့မှာ။

ခေါင်းကို မတတ်သာတဲ့အဆုံး ခါလိုက်ပြီး လင်းထောင် ပြိုင်ပွဲစင်မြင့်ပေါ် တက်လိုက်တယ်။

လင်းထောင် စင်ပေါ်တက်သွားတာမြင်တော့ ဟိုကောင်လေးလည်း လိုက်တက်သွားတယ်။ ပြီးတော့ နှစ်ယောက်သား တိတ်ဆိတ်စွာ စိုက်ကြည့်နေကြတယ်။

သူတို့နှစ်ယောက်ကို ကြည့်ပြီး အောက်ဘက်ကနေ တီးတိုးပြောသံတွေ ထွက်ပေါ်လာတယ်။

"အစ်ကိုပေါင် ဒီတစ်ခါ အလျှော့ပေးမှာ မဟုတ်တော့ဘူး ထင်တယ်"

"ဘယ်လိုလုပ် အလျှော့ပေးမှာလဲ။ မမြင်ဘူးလား။ အစ်ကိုပေါင် တကယ် ဒေါသထွက်နေပြီ။ ပွဲကောင်းတော့ ကြည့်ရတော့မယ်"

"ဒီကောင် သွားပြီပဲ" တစ်ယောက်က ခေါင်းခါလိုက်တယ်။

"သေချာတာပေါ့ သူတို့နဲ့ တန်ပါတယ်"

"ဟုတ်တယ် အဲဒီလိုလူမျိုးတွေက အရွံဆုံးပဲ။ မနိုင်ဘဲနဲ့ ခဏခဏ လာနေတယ်။ ပညာပေးချင်နေတာ ကြာပြီ"

"ဟုတ်တယ် ဟုတ်တယ်..."

အောက်ဘက်ကနေ ထောက်ခံသံတွေ ထွက်ပေါ်လာပြီး အားလုံးက လင်းထောင် ရှုံးတော့မယ် အပြတ်အသတ် ရှုံးတော့မယ်လို့ ယုံကြည်နေကြတယ်။

ဒီအသံတွေကို ကြားတော့ လင်းထျန်က ယုံကြည်မှုရှိတဲ့ပုံစံနဲ့ နေနေတယ်။

ရှုံးမယ် ဟုတ်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

လင်းထျန် လင်းထောင်ကို တွန်းလိုက်တုန်းက သူ့ရဲ့ ဓားသိုင်းအတွေ့အကြုံတွေကို လင်းထောင်ဆီ လွှဲပြောင်းပေးလိုက်ပြီးပြီ။

လင်းထောင် အခု မသိသေးပေမယ့် ဓားကို ကိုင်လိုက်တာနဲ့ ခံစားမိသွားလိမ့်မယ်။

ပြိုင်ပွဲအတွက် အထူးပြုလုပ်ထားတဲ့ ဓားတွေ လိုအပ်တာကြောင့် လင်းထောင်ရဲ့ မူရင်းဓားက လင်းထျန်လက်ထဲမှာ ရှိနေတယ်။

ဟိုကောင်လေးက ဓားတစ်လက်ကို လင်းထောင်ဆီ ပစ်ပေးလိုက်ပြီး "ပြီးပြီလား" လို့ မေးလိုက်တယ်။

"ငါ..."

လင်းထောင် တစ်ခုခုပြောမလို့ လုပ်ပေမယ့် ဓားကို ကိုင်လိုက်တာနဲ့ သူ မှင်သက်သွားပြီး လက်ထဲက ဓားကို ကြောင်ငေးကြည့်နေမိတယ်။

ဒီခံစားချက်က...

လင်းထောင်လက်ထဲက ဓားက အရမ်းရင်းနှီးနေသလို ခံစားရတယ်။ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသလိုပဲ။

အရမ်း ရင်းနှီးနေတယ်!

ဒီလိုခံစားချက်မျိုး လင်းထောင် တခါမှ မခံစားဖူးဘူး။

ဘယ်လိုဖြစ်တာလဲ။

တစ်ခုခုကို သတိရသွားပြီး လင်းထောင် လင်းထျန်ဘက် လှည့်ကြည့်လိုက်တယ်!

လင်းထျန်ကြောင့်များလား။

လင်းထောင်ရဲ့ နားမလည်နိုင်တဲ့အကြည့်ကို သတိထားမိတော့ လင်းထျန် အနည်းငယ်ပြုံးပြီး အိုကေ သင်္ကေတ ပြလိုက်တယ်!

"ပြီးပြီလားလို့" လင်းထောင် ကြောင်နေတာမြင်တော့ ဟိုကောင်လေး စိတ်မရှည်တဲ့ပုံစံနဲ့ မေးလိုက်တယ်။

"ဟင်... ပြီးပြီ ပြီးပြီ" သတိပြန်ဝင်လာပြီး လင်းထောင် ခေါင်းညိတ်လိုက်တယ်။

လင်းထောင် မျက်နှာဖုံးစွပ်ပြီး အဆင်သင့်ဖြစ်တာနဲ့ ဟိုကောင်လေးရဲ့ ဓားက ချက်ချင်း တုန်ခါသွားတယ်!

ဝှစ်!

ဒီဓားချက်က လျင်မြန်ပြီး ရက်စက်တယ်!

ဒါကိုမြင်တော့ အောက်ဘက်ကနေ တီးတိုးပြောသံတွေ ထပ်ထွက်လာပြန်တယ်။

"အစ်ကိုပေါင် အတည်ကြီးကွ"

"ဟိုကောင် ဒုက္ခရောက်ပြီ"

ပေါင်ကော (အစ်ကိုပေါင်) ရဲ့ ဓားချက်ကို မြင်တော့ အောက်ဘက်က လူတွေ တီးတိုးဆွေးနွေးနေကြပြီး အားလုံးက လင်းထောင် သေချာပေါက် ရှုံးတော့မယ်လို့ ပြောနေကြတယ်။

ပေါင်ကော ဓားဆွဲထုတ်လိုက်တဲ့အချိန်မှာ လင်းထောင် မျက်လုံးမှေးလိုက်တယ်...

ပေါင်ကောရဲ့ ဓားချက်တွေက အရမ်းနှေးကွေးနေတယ်လို့ သူ ခံစားလိုက်ရတယ်... အရမ်း နှေးကွေးနေတာ...

တချိန်တည်းမှာပဲ ပေါင်ကောရဲ့ ဓားကွက်မှာ အားနည်းချက်တွေ ဟာကွက်တွေ အများကြီးရှိနေတာကိုလည်း သူ ခံစားမိလိုက်တယ်!

ဒီမြင်ကွင်းက လင်းထောင်ကို မှင်သက်သွားစေတယ်။

ဝှစ်!

လင်းထောင် ကြောင်နေတုန်းမှာပဲ ပေါင်ကောက ဓားကို လင်းထောင်ရဲ့ ရင်ဘတ်ဆီ ရုတ်တရက် ထိုးစိုက်လိုက်တယ်။

ဒါကိုမြင်တော့ လင်းထောင် ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ သူ့ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားသွားတယ်။

ဝှစ်!

ရွှပ်!

ဖျောင်း!

လင်းထောင် ဓားကို ထိုးစိုက်လိုက်တယ်!

လျှပ်စီးလို လျင်မြန်တယ်!

အကြိမ်ပေါင်း ထောင်ချီ သောင်းချီ လေ့ကျင့်ထားသလိုမျိုးပဲ!

ဒေါင်!

ဒုတ်ခနဲအသံနဲ့အတူ ဓားတစ်လက် ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။

ဒါန်း!

ကြမ်းပြင်ပေါ်က ဓားကို မြင်တော့ အားလုံး ကြောင်အသွားကြတယ်။

မှင်သက်နေကြတယ်...

ပြိုင်ပွဲစင်မြင့်ပေါ်မှာ လင်းထောင်က မူလအနေအထားအတိုင်း ရှိနေပြီး သူ့ဓားက ပေါင်ကောရဲ့ လက်ကို တည့်တည့် ချိန်ထားတယ်...

ပေါင်ကောရဲ့ ဓားကတော့ ကြမ်းပြင်ပေါ် ကျနေပြီး သူ ကြောင်တောင်တောင် ဖြစ်နေတယ်။

ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ကြဘူး!

မြန်တယ်!

လင်းထောင်ရဲ့ ဓားချက်က အရမ်းမြန်လွန်းတယ်!

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် တလောကလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားပြီး လူတွေ ဝိုင်းပြောကုန်ကြတယ်။

"ခုနက မြင်လိုက်လား"

"မမြင်လိုက်ဘူး မြန်လွန်းတယ်"

"မင်းလည်း မမြင်လိုက်ဘူးလား"

"ဟင့်အင်း သူ အရမ်းမြန်တယ်။ ဘယ်အချိန် လှုပ်ရှားလိုက်မှန်းတောင် ငါမသိလိုက်ဘူး"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ယုံနိုင်စရာ မရှိဘူး"

လူအုပ်ကြီးဆီက ဆွေးနွေးသံတွေ ထွက်ပေါ်လာတယ်။

ပေါင်ကောက သူ့ညာလက်က ဓားကို ကြောင်ကြည့်နေပြီး လုံးဝ နားမလည်နိုင် ဖြစ်နေတယ်။

ဒါကို လုံးဝ ထင်မထားခဲ့ဘူး!

လင်းထောင် ဒီလိုလုပ်မယ်လို့ သူ လုံးဝ ထင်မထားခဲ့ဘူး။ လင်းထောင်မှာ ဒီလောက်မြန်တဲ့ ဓားချက်ရှိမယ်လို့ သူ လုံးဝ ထင်မထားခဲ့ဘူး။

ယုံနိုင်စရာမရှိလောက်အောင် မြန်တယ်!

သူ ဓားနဲ့ အထိုးခံလိုက်ရတာကို တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။

လက်ထဲက ဓားကို ကိုင်ထားရင်း လင်းထောင်လည်း အံ့သြနေပြီး သူ့မျက်နှာမှာ ဇဝေဇဝါဖြစ်နေတဲ့ပုံ ပေါ်နေတယ်။

တခြားလူတွေလည်း မသိဘူး သူလည်း မသိဘူး။

ဘာတွေဖြစ်သွားလဲဆိုတာ သူ လုံးဝ နားမလည်ဘူး။ ခုနက ပေါင်ကောရဲ့ ဓား သူ့ရင်ဘတ်ကို ထိခါနီးလေးမှာ ဘာကြောင့်မှန်းမသိ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လိုက်တာ။

သူ့ရဲ့ လှုပ်ရှားမှုတွေကလည်း အရမ်းကျွမ်းကျင်နေပြီး ဒီထိုးချက်ကို အကြိမ်ပေါင်း ထောင်ချီ လေ့ကျင့်ထားသလိုမျိုးပဲ။

အရမ်း ရင်းနှီးနေတယ်။

ဘာတွေ ဖြစ်နေတာလဲ။

လင်းထောင် တွေးရင်းနဲ့ ငေးမောနေတယ်။

တစ်ခုခုကို သတိရသွားပြီး လင်းထောင် ခေါင်းလှည့်ကာ စင်အောက်က လင်းထျန်ကို လှမ်းကြည့်လိုက်တယ်။

လင်းထောင်ရဲ့ အကြည့်ကို သတိထားမိတော့ လင်းထျန် ပြုံးဖြီးဖြီးနဲ့ တောက်ပတဲ့ အပြုံးတစ်ခု ပြလိုက်တယ်။

လင်းထျန်ရဲ့ အပြုံးကို ကြည့်ပြီး လင်းထောင် အံ့သြတကြီးနဲ့ မသေချာမရေရာ ဖြစ်နေတယ်။

သူ့ဆီမှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေက လင်းထျန်ကြောင့်ဆိုတာ သူ အခု သေချာသလောက် ရှိသွားပြီ!

ဒီမှာ ဖြစ်ပျက်နေတာတွေက စုမိုမိုရဲ့ အာရုံကိုလည်း ဖမ်းစားလိုက်တယ်။

အစတုန်းက သူတို့ပြိုင်ပွဲကို သူ လုံးဝ မကြည့်ခဲ့တာမို့ ဘာဖြစ်သွားမှန်း သူ မသိလိုက်ဘူး!

သူတို့ပြိုင်ပွဲရဲ့ ရလဒ်က အစကတည်းက သေချာနေပြီးသားလို့ သူ ထင်ထားခဲ့တာ။

ဒါပေမဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့် စုမိုမို လန့်သွားတယ်!

စုမိုမို မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်ကာ ဆံပင်ရှည်တွေကို အနောက်ပစ်လိုက်ပြီး စင်မြင့်ပေါ်ကို နားမလည်နိုင်တဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်။

လှည့်ကြည့်လိုက်တာနဲ့ ဝမ်ပေါင်ရဲ့ ဓား ကြမ်းပြင်ပေါ် ကျနေတာကို တွေ့လိုက်ရတယ်။

"ဝမ်ပေါင် ရှုံးသွားတာလား" လို့ သူ တွေးလိုက်မိတယ်။

သူ ဝမ်ပေါင်ကို အနိုင်ယူလိုက်တာလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စုမိုမို လင်းထောင်ကို စိုက်ကြည့်နေပြီး သူ့မျက်နှာမှာ နားမလည်နိုင်တဲ့ အမူအရာတွေ ဖြစ်ပေါ်နေတယ်။