လင်းထျန် ဟယ်ချန်ချန်ရဲ့ နားရွက်ဖျားလေးကို ခဏလောက် စုပ်ယူပြီးမှ လွှတ်ပေးလိုက်တယ်။

အဲဒီအချိန်မှာ ဟယ်ချန်ချန်ရဲ့ မျက်နှာလေးတစ်ခုလုံး ရဲနေပြီ။

"ရှင် အရမ်းဆိုးတာပဲ" ဟယ်ချန်ချန် မျက်နှာရဲရဲလေးနဲ့ လင်းထျန်ရဲ့ ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ထုရိုက်လိုက်တယ်။

လင်းထျန်က ဟယ်ချန်ချန်ရဲ့ လက်ကလေးကို ဖမ်းဆွဲလိုက်ပြီး ပြုံးဖြီးဖြီးနဲ့ ကြည့်ကာ "မကြိုက်ဘူးလား။ ခုနကတော့ သာယာနေသလိုပဲ" လို့ ပြောလိုက်တယ်။

"သွားစမ်း။ ရှင့်ကို မခေါ်တော့ဘူး" ဟယ်ချန်ချန် ရှက်သွေးဖြာပြီး လင်းထျန်ကို ထားခဲ့ကာ ရှေ့ကို အမြန်ပြေးထွက်သွားတယ်။

ဟယ်ချန်ချန် ထွက်သွားတာကို ကြည့်ပြီး လင်းထျန် တခစ်ခစ်ရယ်ကာ အနောက်ကနေ အမြန်လိုက်သွားတယ်။

နှစ်ယောက်သား လမ်းပေါ်မှာ နာရီဝက်လောက် လမ်းလျှောက်နေကြတယ်။ ရုတ်တရက် လင်းထျန် မော့ကြည့်လိုက်ပြီး ရှေ့နားက ဂိမ်းဆိုင်ကို မြင်တော့ "ဂိမ်းဆိုင်သွားပြီး ဆော့ကြမလား" လို့ မေးလိုက်တယ်။

"မသွားချင်ပါဘူး ကလေးကစားစရာတွေပဲ ရှိတာ"

"သွားကြည့်ရအောင်ပါ မကြိုက်ရင် ပြန်ထွက်လာကြတာပေါ့" လင်းထျန် ဂိမ်းဆိုင်မရောက်တာ နှစ်အတော်ကြာနေပြီဖြစ်လို့ ရုတ်တရက် စိတ်ဝင်စားသွားတာပါ။

"သွားကြည့်ကြတာပေါ့" ပြောပြီးတာနဲ့ လင်းထျန် ဟယ်ချန်ချန်လက်ကို ဆွဲပြီး ဂိမ်းဆိုင်ဘက် ထွက်လာခဲ့တယ်။

လင်းထျန်နဲ့ ဟယ်ချန်ချန် ဂိမ်းဆိုင်ထဲ ဝင်ပြီး သိပ်မကြာခင်မှာပဲ လူငယ်ဆယ်ယောက်ကျော်လောက် ဝင်လာကြတယ်။

အဲဒီလူတွေကို ဦးဆောင်လာတဲ့သူကတော့ နေ့ခင်းက လင်းထျန်လက်ချက်နဲ့ ဝက်ခေါင်းကြီးလို ဖြစ်သွားတဲ့ ကျုံချန်ချန်ပါပဲ။

သူတို့ ဒီနေ့ လင်းထျန်လက်ချက်နဲ့ ခံလိုက်ရလို့ ဂိမ်းဆိုင်လာပြီး စိတ်ဖြေဖျောက်ကြတာလေ။

သူတို့ စကားပြောရင်း ဝင်လာကြတယ်။

"သခင်လေးကျုံ လင်းတန်က ရဲစခန်းသွားတိုင်တယ်ဆို။ ရယ်စရာကောင်းလိုက်တာကွာ" တစ်ယောက်က မျက်နှာလိုမျက်နှာရ အပြုံးနဲ့ ပြောလိုက်တယ်။

"ဟွန့် အဲဒီအရူးမ ငါ့နောက်ခံကိုတောင် မသိဘဲ ရဲစခန်းသွားတိုင်ရဲတယ်ပေါ့။ တုံးလိုက်တာ" ကျုံချန်ချန် ညည်းတွားလိုက်တယ်။

လင်းထျန် ရိုက်ထားတာ ပြင်းလွန်းလို့ အခု သူ စကားကျယ်ကျယ် မပြောရဲဘူး။ အသံကျယ်လိုက်ရင် ပါးစပ်က နာတယ်လေ။

နှုတ်ခမ်းက နာကျင်မှုကို ခံစားလိုက်ရတော့ ကျုံချန်ချန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့အရိပ်အယောင် ဖြတ်ပြေးသွားပြီး "အဲဒီကောင်ကို သေအောင် ရိုက်သတ်ပစ်မယ်။ နေပါဦး အားဖေး သူ့အကြောင်း စုံစမ်းလို့ ရပြီလား" လို့ မေးလိုက်တယ်။

ကျုံချန်ချန်မေးတာကြားတော့ ဘေးနားက ပိန်ပိန်ပါးပါး လူငယ်လေးက ခေါင်းညိတ်ပြီး "မကြာခင် ရတော့မယ် မနက်ဖြန်လောက်ဆို သိရလောက်ပြီ" လို့ ပြောလိုက်တယ်။

"ဟွန့် ကောင်းပြီ။ မနက်ဖြန်ကျရင် သူ့ကို သေချာပေါက် သတ်ပစ်မယ်။ သောက်ကျိုးနည်း ငါ့ဘဝမှာ ဒီလိုအဖြစ်မျိုး တခါမှ မကြုံဖူးဘူး" ကျုံချန်ချန် ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်တယ်။

"စိတ်မပူပါနဲ့ အဲဒီကောင် သခင်လေးရှေ့မှာ ဒူးထောက်လာအောင် လုပ်ပေးပါ့မယ်" ဘေးနားက တစ်ယောက်က ယုံကြည်မှုရှိရှိ ပြောလိုက်တယ်။

"အဲဒီကောင်က ရန်ဖြစ်တာ တော်တော်ကောင်းတယ် လက်နက်တွေ ယူလာဖို့ မမေ့နဲ့နော်" ကျုံချန်ချန် စိုးရိမ်တကြီး မှာလိုက်တယ်။

"စိတ်မပူပါနဲ့ အကုန် စီစဉ်ထားပြီးသားပါ" ဟိုလူက ယုံကြည်မှုရှိရှိ ပြုံးပြီး ပြောတယ်။

"ဒါဆို ပြီးတာပဲ" ကျုံချန်ချန် အသံတိုးတိုးနဲ့ ခေါင်းညိတ်ပြီး ဂိမ်းဆိုင်ထဲ ဝင်သွားတယ်။

ဂိမ်းဆိုင်က နှစ်ထပ်ရှိတယ်။ ကျုံချန်ချန်တို့ ဝင်လာတဲ့အချိန်မှာ လင်းထျန်နဲ့ ဟယ်ချန်ချန်က ဒုတိယထပ်မှာ ရောက်နေပြီ။

ဂိမ်းဆိုင်ဒုတိယထပ်မှာ လင်းထျန်က ဟယ်ချန်ချန်လက်ကို ဘယ်လက်နဲ့ ကိုင်ထားပြီး ညာလက်နဲ့ ဂိမ်းကစားဖို့ တိုကင်ပြားတွေကို ကြည့်နေတယ်။

ဟယ်ချန်ချန်က လင်းထျန်နောက်ကနေ ပါလာပြီး "ဘာပျော်စရာရှိလို့လဲ။ ဗီဒီယိုဂိမ်းတွေချည်းပဲဟာ။ ပြီးတော့ ဒီမှာ ဆေးလိပ်နံ့တွေကလည်း နံလိုက်တာ" လို့ နှုတ်ခမ်းစူပြီး ပြောတယ်။ ပြောရင်းနဲ့ ဟယ်ချန်ချန် မျက်မှောင်ကြုတ်ပြီး နှာခေါင်းရှေ့မှာ လက်ကလေးနဲ့ ယပ်ခတ်လိုက်တယ်။

ဟယ်ချန်ချန် ဆေးလိပ်နံ့မကြိုက်မှန်း လင်းထျန် သိပါတယ်။

"အမ်..." လင်းထျန် ဟယ်ချန်ချန်ကို လှည့်ကြည့်ပြီး နည်းနည်း အားနာသွားတယ်။ ပြီးတော့ ထောင့်က ဘတ်စကက်ဘောပစ်တဲ့စက်ကို လှမ်းကြည့်ပြီး "ဟိုမှာ ဘတ်စကက်ဘော သွားပစ်ရအောင် အဲဒီမှာ လူနည်းတယ်" လို့ ပြောလိုက်တယ်။

ပြောပြီးတာနဲ့ လင်းထျန် ဟယ်ချန်ချန်လက်ကို ဆွဲပြီး အဲဒီဘက် ပြေးသွားတယ်။

မိနစ်နည်းနည်းကြာတော့ လင်းထျန်နဲ့ ဟယ်ချန်ချန် ဘတ်စကက်ဘော ပစ်နေကြတယ်။

လင်းထျန်ရဲ့ ပစ်ချက်တွေက အရမ်းတိကျတယ်။ ဘတ်စကက်ဘောကွင်းမှာတင် မကဘူး ဒီမှာလည်း တိကျတယ်။ ဒါကြောင့် ဘေးနားက ဂိမ်းကစားနေတဲ့လူတွေ လင်းထျန် ပစ်တာကို မြင်တော့ အားလုံး မှင်သက်ကုန်ကြတယ်။

ဘာလို့လဲဆိုတော့ လင်းထျန် ပစ်လိုက်တာနဲ့ လုံးဝ မလွဲဘူးလေ။ ဂိုးကွင်းက ရွေ့နေတာတောင် လင်းထျန် ပစ်သမျှ အကုန်ဝင်တယ်။

"ဟေး" နောက်ဆုံး ဘတ်စကက်ဘောလုံး ဝင်သွားတော့ လင်းထျန် ဂုဏ်ယူတဲ့ပုံစံနဲ့ လက်ခုပ်တီးလိုက်ပြီး ဟယ်ချန်ချန်ကို ပြုံးဖြီးဖြီးနဲ့ "ဘယ်လိုလဲ မဆိုးဘူးမလား" လို့ မေးလိုက်တယ်။

"ဒီဟာက ရှင့်အတွက် စိန်ခေါ်မှု မရှိပါဘူး" ဟယ်ချန်ချန် နှုတ်ခမ်းစူပြီး ပြောလိုက်တယ်။ လင်းထျန်ရဲ့ ဘတ်စကက်ဘော စွမ်းရည်ကို သူ သိတယ်လေ။

"ရပါတယ် ပါဝင်ဆင်နွှဲတာပေါ့ ပျော်ဖို့ပဲဟာ" လင်းထျန် ပြုံးလိုက်တယ်။

"ဒါဆို..." ဟယ်ချန်ချန် တစ်ခုခုပြောမလို့ လုပ်တုန်း အောက်ထပ်ကနေ ကျယ်လောင်တဲ့ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အော်သံသဲ့သဲ့လည်း ပါနေတယ်။

အသံကြားတော့ ဟယ်ချန်ချန် လန့်သွားပြီး လင်းထျန်လည်း နားမလည်နိုင် ဖြစ်သွားတယ်။

တလောကလုံး ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဘေးနားက လူအများကြီး ရှေ့ကို ပြေးသွားကြတယ်။

သွားကြည့်ကြမယ်!

ဘာဖြစ်လဲဆိုတာ အားလုံး သိချင်နေကြတယ်။

ခဏလောက် ကြောင်နေပြီးနောက် လူအုပ်ကြီး ပြေးသွားတာကို ကြည့်ပြီး လင်းထျန် စူးစမ်းချင်စိတ်နဲ့ ဟယ်ချန်ချန်လက်ကို ဆွဲကာ "သွားကြည့်ရအောင်" လို့ ပြောပြီး လျှောက်သွားလိုက်တယ်။

လင်းထျန်နဲ့ ဟယ်ချန်ချန် မီတာအနည်းငယ် လျှောက်လာတော့ ဒုတိယထပ် လက်ရန်းဘောင်နားမှာ လူအုပ်ကြီး စုဝေးနေတာ တွေ့လိုက်ရတယ်။ အားလုံးက အောက်ကို ငုံ့ကြည့်နေကြတယ်။

ဒီလက်ရန်းဘောင်ကနေကြည့်ရင် အောက်ထပ်မှာ ဘာဖြစ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရတယ်လေ။

လင်းထျန် နည်းနည်း စိတ်ဝင်စားသွားတာနဲ့ ဟယ်ချန်ချန်လက်ကို ဆွဲပြီး လူအုပ်ကြား တိုးဝင်သွားလိုက်တယ်။

လက်ရန်းဘောင်နားရောက်တော့ လင်းထျန် စူးစမ်းချင်စိတ်နဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်။

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လင်းထျန် နည်းနည်း လန့်သွားတယ်။

ကျုံချန်ချန်!

ဝက်ခေါင်းကြီးလို ရောင်ကိုင်းနေတဲ့ မျက်နှာနဲ့လူကို မြင်တော့ လင်းထျန် ကြောင်သွားတယ်။ ဒါ နေ့ခင်းက သူ ဝက်ခေါင်းဖြစ်အောင် ရိုက်လိုက်တဲ့ကောင် မဟုတ်ဘူးလား။

"သူလား" ကျုံချန်ချန်ကို မြင်တော့ ဘေးနားက ဟယ်ချန်ချန်လည်း အံ့သြသွားတယ်။

လင်းထျန် အောက်က ကျုံချန်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစွန်းမှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ "သူက တကယ် မောက်မာတာပဲ"

လူရိုက်နေတယ်!

ကျုံချန်ချန်က အောက်မှာ လူတစ်ယောက်ကို ရိုက်နေတာ တွေ့လိုက်ရတယ်!

"ခွေးမသား မင်းက ငါ့ကို လှောင်တာလား။ ရယ်လေ ဆက်ရယ်လေ" ကျုံချန်ချန်က ကြမ်းပြင်ပေါ် လဲကျနေတဲ့ လူငယ်တစ်ယောက်ကို အားကုန် ကန်ထည့်လိုက်တယ်။

လူငယ်လေးက ပြန်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် ကျုံချန်ချန်ရဲ့ လူမိုက်တွေက ဝိုင်းကန်လိုက်ကြတယ်။ လူအင်အားချင်း မမျှဘူးလေ။

"ဘာဖြစ်တာလဲ"

"ဟုတ်တယ် ဘာဖြစ်တာလဲ"

...

အဲဒီအချိန်မှာ လင်းထျန်ဘေးကနေ မေးခွန်းထုတ်သံတွေ ကြားလိုက်ရတယ်။ လူတော်တော်များများက ဘာဖြစ်လဲဆိုတာ မမြင်လိုက်ရဘဲ စူးစမ်းချင်စိတ်နဲ့ မေးနေကြတာပါ။

မေးခွန်းတွေကို ကြားတော့ ဘာဖြစ်လဲဆိုတာ မြင်လိုက်ရတဲ့သူတစ်ယောက်က "ကြမ်းပြင်ပေါ် လဲနေတဲ့ကောင်လေးက ဟိုဝက်ခေါင်းနဲ့လူကို တစ်ချက်လှမ်းကြည့်လိုက်မိတာ။ အဲဒါကို ဝက်ခေါင်းက သူ့ကို လှောင်တယ်ထင်ပြီး ရိုက်တာပဲ" လို့ တိုးတိုးလေး ရှင်းပြတယ်။

"တကယ်လား။ လွန်လိုက်တာကွာ"

"တကယ် လွန်တာပဲ"

ဘေးပတ်ဝန်းကျင်ကနေ ဆွေးနွေးသံတွေ ထွက်ပေါ်လာတယ်။ ရှင်းပြတာကို ကြားတော့ အားလုံးက ကျုံချန်ချန် လွန်တယ် အရမ်းမောက်မာတယ်လို့ ထင်ကြတယ်။

ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်ကို ကြည့်မိရုံနဲ့ အထိုးခံရတယ်ဆိုတဲ့ ဇာတ်လမ်းတွေ ကြားဖူးပေမယ့် ကိုယ်တိုင် မြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ကြဘူး။

အပေါ်ထပ်ကလူတွေတင် မကပါဘူး အောက်ထပ်က လူတချို့လည်း ကျုံချန်ချန်အကြောင်း တိုးတိုးတိတ်တိတ် ပြောနေကြတယ်။

သူတို့လည်း ကျုံချန်ချန်က နည်းနည်း မောက်မာလွန်းတယ်လို့ ထင်နေကြတာ။

"ကြည့်မိရုံလေးပါ သူတို့က တမင်လုပ်တာမှ မဟုတ်တာ။ ဒီလူတွေ လွန်လွန်းတယ်"

"ဟုတ်တယ် ငါ ခုနက အဲဒီမှာ ရှိနေတာ။ ဟိုကောင်လေးက ဘာရည်ရွယ်ချက်မှ မရှိပါဘူး ဒါပေမဲ့ အထိုးခံလိုက်ရတယ်။ ဒီလူတွေ ရွံစရာကောင်းလိုက်တာ"

"ကြည့်ရတာ လူမိုက်ရုပ်ပဲ လူကောင်းမဟုတ်တာ သေချာတယ်"

...

လူတွေက တိုးတိုးလေး ပြောနေကြပေမယ့် ကျုံချန်ချန်က တချို့စကားတွေကို ကြားလိုက်ရတယ်။

ဒီစကားတွေကို ကြားတော့ ကျုံချန်ချန် ဒေါသထွက်သွားပြီး ရုတ်တရက် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ပြီးတော့ မျက်နှာမှာ ဝက်ခြံတွေနဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက်ဆီ အကြည့်ရောက်သွားတယ်။

ကောင်မလေးကို မြင်တာနဲ့ ကျုံချန်ချန် အေးစက်တဲ့မျက်နှာထားနဲ့ အမြန် လျှောက်သွားလိုက်တယ်။

ကျုံချန်ချန် သူ့ဆီအမြန်လျှောက်လာတာ မြင်တော့ ကောင်မလေး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး "ဘာ... ဘာလုပ်မလို့လဲ" လို့ စိုးရိမ်တကြီး မေးလိုက်တယ်။

ကျုံချန်ချန် ဘာမှမပြောဘဲ ကောင်မလေးအနားရောက်တာနဲ့ ဆံပင်ကို ရုတ်တရက် လှမ်းဆွဲပြီး ဆောင့်ဆွဲလိုက်တယ်!

"အာ..." ကောင်မလေး အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရှေ့ကို ယိုင်ပါလာတယ်။

ကောင်မလေး ယိုင်လာတာမြင်တော့ ကျုံချန်ချန် ခုန်ကန်လိုက်တယ်!

ဘုန်း!

ကောင်မလေးကို အားကုန် ကန်ထည့်လိုက်တာပါ!

ကောင်မလေး ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားတယ်။

လဲကျသွားတဲ့ ကောင်မလေးအနား အမြန်လျှောက်သွားပြီး ကျုံချန်ချန်က ပေါင်ကို အားကုန် ကန်ထည့်လိုက်ကာ "ငါ့ကိစ္စကို ဘာလို့ ဝင်ပါချင်ရတာလဲ။ သေချင်နေတာလား" လို့ ဆဲရေးလိုက်တယ်။

"ဟေး မင်း လွန်မနေဘူးလား" လူအုပ်ထဲက လူငယ်တစ်ယောက်က ဒါကိုမြင်ပြီး ဒေါသတကြီး ပြောလိုက်တယ်။

"သောက်ကျိုးနည်း မင်းက ပြဿနာရှာချင်တာလား။ ရိုက်သတ်လိုက်မယ်" ကျုံချန်ချန် စကားမဆုံးခင်မှာပဲ သူ့လူတချို့ ဒေါသထွက်သွားပြီး ခုနစ်ယောက် ရှစ်ယောက်လောက်က စကားပြောလိုက်တဲ့ လူငယ်ဆီ ပြေးဝင်သွားကြတယ်။

ဒါမြင်တော့ လူငယ်လေးဘေးနားက လူတွေက သူတို့ပါ ရောထိမှာစိုးလို့ အမြန် ရှောင်ပေးလိုက်ကြတယ်။

လူငယ်လေးက အလျင်စလို ခုခံပေမယ့် လူအင်အားချင်း မမျှတာကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ လူ ခုနစ်ယောက် ရှစ်ယောက်ရဲ့ ဝိုင်းရိုက်တာကို ခံလိုက်ရပြီး ကြမ်းပြင်ပေါ် လဲကျသွားတယ်။

ကောင်မလေးကို အကြိမ်ကြိမ် ကန်ပြီးနောက် ကျုံချန်ချန်က လူငယ်လေးအနား အမြန်လျှောက်သွားပြီး ဘေးနားက ကုလားထိုင်ကို ဆွဲယူကာ လူငယ်လေးရဲ့ ကိုယ်ပေါ် ရိုက်ချလိုက်တယ်။

"ဘုန်း!" လူငယ်လေးခမျာ ကွေးကွေးလေးနေပြီး အရိုက်ခံနေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။

လူငယ်လေးကို အကြိမ်ကြိမ် ကန်ပြီးနောက် ကျုံချန်ချန်က လက်ထဲက ကုလားထိုင်ကို လွှင့်ပစ်လိုက်ပြီး ပတ်ဝန်းကျင်က လူအုပ်ကြီးကို မောက်မာစွာ လက်ညှိုးထိုးပြီး "ငါ့ကိစ္စကို ဘယ်သူမဆို ဝင်ပါရဲရင် သတ်ပစ်မယ်" လို့ အော်ပြောလိုက်တယ်။

ကျုံချန်ချန်ရဲ့ မောက်မာတဲ့ပုံစံကို မြင်တော့ တလောကလုံး တိတ်ဆိတ်သွားတယ်။

အားလုံး သူ့ရဲ့ အပြုအမူကြောင့် မှင်သက်သွားကြတယ်။

အပေါ်ထပ်မှာတော့ လူတွေ တီးတိုးပြောနေကြတုန်းပဲ ဒါပေမဲ့ အသံတွေက အရင်ကလောက် မကျယ်တော့ဘူး။ "ငါတို့က ဘာလို့ သူ့ကို ကြောက်နေရမှာလဲ။ အားလုံးဝိုင်းချရင် သူ့လူ ဆယ်ယောက်လောက်ကို မနိုင်ဘူးလား"

"မင်းပြောတာ လွယ်တာကိုး။ ဘယ်သူက အရင်စသွားမှာလဲ။ ပြီးတော့ တခြားလူတွေက မလိုက်လာရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်တည်း သွားရင် အသေခံသလို ဖြစ်နေမှာပေါ့" သူ့သူငယ်ချင်းက တိုးတိုးလေး ပြန်ပြောတယ်။

"ငါတို့အရင်သွားလိုက်မယ် ပြီးမှ လူတွေကို စုလိုက်ကြတာပေါ့" ပထမလူက ပြောတယ်။

"မင်း ရူးနေလား။ သွားချင်ရင် မင်းဘာသာမင်းသွား။ ငါ့ကို လာမဆွဲနဲ့" သူ့သူငယ်ချင်း ပြောစရာစကားမဲ့သွားတယ်။

"သူတို့က အရမ်း မောက်မာလွန်းတယ်။ ငါသာ သိုင်းဆရာတစ်ယောက်ဆိုရင် သူတို့ကို ခဏလေးနဲ့ မှောက်လိုက်မှာ"

"သိုင်းဆရာ ဟုတ်လား။ မင်း သိုင်းဝတ္ထုတွေ ဖတ်တာ များသွားပြီ။ လက်တွေ့မှာ တစ်ယောက်တည်းနဲ့ လူဆယ်ယောက်လောက်ကို နိုင်တဲ့လူ ရှိလို့လား။ အထူးတပ်ဖွဲ့ဝင်တွေတောင် အဲဒီလောက် မစွမ်းဘူးကွ"

"ရှိကောင်း ရှိနိုင်ပါတယ်" ဟိုလူက ပြန်ပြောတယ်။

ထားလိုက်ပါတော့!

လင်းထျန် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်ပြုံးကာ လျှောက်သွားလိုက်တယ်။ အနားရောက်တော့ သူတို့ပခုံးကို ပုတ်လိုက်တယ်။

ပခုံးပုတ်ခံလိုက်ရလို့ သူတို့နှစ်ယောက် လန့်သွားပြီး အံ့သြတကြီး လှည့်ကြည့်လိုက်ကြတယ်။

လင်းထျန် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး "သိုင်းဆရာကို ရှာနေတာလား။ ငါပဲလေ" လို့ ပြောလိုက်တယ်။

"အမ်..."

"ဟင်..." နှစ်ယောက်လုံး လင်းထျန်ကို အံ့သြတကြီး ကြည့်လိုက်ကြတယ်။

ပြီးတော့ လင်းထျန်ကို အရူးတစ်ယောက်လို ကြည့်လိုက်ကြတယ်။

သူတို့ရဲ့ အံ့သြနေတဲ့ မျက်နှာထားတွေကို မြင်တော့ လင်းထျန် ဘာမှဆက်မပြောတော့ဘူး။ လက်ရန်းဘောင်ကို အားပြုပြီး ခုန်ချလိုက်တယ်!

ဝှစ်!

လင်းထျန်က ဒုတိယထပ်ကနေ ပထမထပ်ကို တန်းခုန်ချလိုက်တာပါ!