အခန်း (၁၈၆) ကိုယ့်အစွမ်းအစကို မင်းတို့သိသားပဲ
ဟယ်ချန်ချန် သဘောတူလိုက်တဲ့အချိန်မှာပဲ လင်းထျန် ရုတ်တရက် တောင့်တင်းသွားပြီး သူ့ခေါင်းထဲ အီလက်ထရောနစ်အသံ ထွက်ပေါ်လာတယ် -
"မစ်ရှင် - ဟယ်ချန်ချန်ရဲ့ ဆန္ဒဖြစ်တဲ့ ထာဝရနုပျိုမှုကို ဖြည့်ဆည်းပေးရန်။ မစ်ရှင်ပြီးမြောက်သည့်အတွက် ဆုလာဘ် - စွမ်းရည်အမှတ် တစ်မှတ်။ မှတ်ချက် - ဤမစ်ရှင်ကို တစ်လအတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ မဟုတ်ပါက မစ်ရှင်ကျရှုံးသည်ဟု သတ်မှတ်မည်"
ဒီမစ်ရှင်အကြောင်း ကြားတော့ လင်းထျန် နည်းနည်း အံ့သြသွားပေမယ့် ချက်ချင်း ဝမ်းသာသွားတယ်။
ဒါက အလကားရတဲ့ စွမ်းရည်အမှတ် တစ်မှတ်ပဲ!
ဒီမစ်ရှင်မရှိရင်တောင် ဟယ်ချန်ချန် ထာဝရနုပျိုဖို့အတွက် လင်းထျန် သေချာပေါက် လုပ်ပေးမှာပါ။ လင်းထျန်အတွက် ဒါက မဖြစ်မနေ လုပ်ပေးရမယ့်အရာလေ။
ဒါပေမဲ့ အခု စနစ်က အကြောင်းကြားလာတော့ လင်းထျန်အတွက် အလကား စွမ်းရည်အမှတ် တစ်မှတ်ရသလို ဖြစ်သွားတာပေါ့။
"ဒါပေမဲ့ ချန်ချန်ကို ထာဝရနုပျိုနေစေဖို့အတွက် စွမ်းရည်သစ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်။ အခု ငါ့မှာ စွမ်းရည်အမှတ် ရှစ်မှတ်ပဲ ရှိသေးတော့ လိုနေသေးတယ်"
ဒါကိုတွေးမိပြီး လင်းထျန် သူ့ရဲ့အသိစိတ်ပင်လယ်ထဲကနေ ပြန်ထွက်လာကာ လေထဲမှာ ပျံဝဲနေတဲ့ စွမ်းရည်အမှတ် ရှစ်မှတ်ကို တစ်ချက်ကြည့်လိုက်တယ်။
"ဒီမစ်ရှင်က တစ်လအတွင်း ပြီးအောင်လုပ်ရမယ်ဆိုတော့ တစ်လအတွင်း ငါ စွမ်းရည်အမှတ် နှစ်မှတ်ရအောင် ရှာရမယ်။ ပိုကြိုးစားရတော့မယ် ထင်တယ်" လင်းထျန် တွေးလိုက်တယ်။
"ဟေး ဘာဖြစ်နေတာလဲ။ အရူးလေး" လင်းထျန် ကြောင်နေတာမြင်တော့ ဟယ်ချန်ချန်က သူ့မျက်နှာရှေ့မှာ လက်ဝှေ့ယမ်းပြလိုက်တယ်။
မျက်နှာရှေ့မှာ ဝှေ့ယမ်းနေတဲ့ လက်ဖြူဖြူလေးကို ကြည့်ပြီး လင်းထျန် သတိပြန်ဝင်လာကာ လက်ကိုဖမ်းဆွဲပြီး "တစ်လအတွင်း မင်းကို ဘယ်လိုလုပ် ထာဝရနုပျိုအောင် လုပ်ပေးရမလဲဆိုတာ စဉ်းစားနေတာ" လို့ ရယ်မောပြီး ပြောလိုက်တယ်။
"တော်ပါတော့ဟာ" ဟယ်ချန်ချန်က လင်းထျန်ကို မျက်စောင်းထိုးပြီး လက်ကို ပြန်ရုန်းဖို့ ကြိုးစားတယ်။
ဒါပေမဲ့ ခဏလောက် ရုန်းပေမယ့် မရဘူး။
လင်းထျန်က သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာမြင်တော့ ဟယ်ချန်ချန် ဒေါသတကြီး ကြည့်ပြီး "လွှတ် ငါ အဝတ်အစား ဝတ်ရဦးမယ်" လို့ ပြောလိုက်တယ်။
ဒါကြားတော့ လင်းထျန် မျက်လုံးပြူးသွားပြီး ရင်ခုန်သံတွေ မြန်လာတယ်။
အဲဒီအချိန်မှာ ဟယ်ချန်ချန်က ဘောင်းဘီကို တဝက်လောက်ပဲ ဝတ်ရသေးတာပါ။ ဂျင်းဘောင်းဘီအပြာလေးက အကုန်မရောက်သေးဘဲ ဆက်ဆီကျတဲ့ ဇာနားကွပ် အတွင်းခံအမည်းလေးက တင်ပါးပေါ်မှာ ပေါ်နေတုန်းပဲ။
ဒီမြင်ကွင်းကို မြင်တော့ လင်းထျန် ချက်ချင်း လည်ချောင်းခြောက်သွားတယ်။
တဝက်တပျက် ဖုံးကွယ်ထားတာက ပိုပြီး ဆွဲဆောင်မှု ရှိတယ်လေ!
"ဂလု!" ရုတ်တရက် တံတွေးမြိုချသံ ထွက်ပေါ်လာတယ်။
လင်းထျန်ရဲ့ လည်ပင်းက တုန်ခါသွားတာကို မြင်ပြီး သူ့အကြည့်တွေက အနောက်ပိုင်းဆီ ရောက်နေတာကို သတိထားမိတော့ ဟယ်ချန်ချန် လင်းထျန်ကို စိုးရိမ်တကြီး ကြည့်ပြီး "ဘာလုပ်မလို့လဲ" လို့ မေးလိုက်တယ်။
ပြောရင်းနဲ့ ဟယ်ချန်ချန်က ကျန်တဲ့လက်တစ်ဖက်နဲ့ ဘောင်းဘီကို အမြန်ဆွဲတင်ဖို့ ကြိုးစားတယ်။
ဒါပေမဲ့ နောက်ကျသွားပြီ!
လင်းထျန် သူ့အပေါ် ခုန်အုပ်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ "မဝတ်နဲ့တော့ အရင် ပျော်ကြရအောင်" လို့ ရယ်မောပြီး ပြောလိုက်တယ်။
"ဘာလုပ်တာလဲ မလုပ်နဲ့" ဟယ်ချန်ချန် အခန်းထဲကနေ အော်ဟစ်လိုက်တယ်။
"အာ... ဖယ်စမ်း" ခဏနေတော့ ဘူမုန်ထင်ရဲ့ အသံ အခန်းထဲကနေ ထပ်ထွက်လာပြန်တယ်။
ပြီးတော့... နွေဦးရာသီ ရောက်ရှိလာပါပြီ။
နှစ်နာရီကြာတော့ လင်းထျန်က ဘယ်လက်မောင်းနဲ့ ဟယ်ချန်ချန်ကို ဖက် ညာလက်မောင်းနဲ့ ဘူမုန်ထင်ကို ဖက်ပြီး ဟိုတယ်ထဲကနေ ထွက်လာခဲ့တယ်။
ကောင်မလေးနှစ်ယောက်က လင်းထျန်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ငြင်းဆန်ပေမယ့် လင်းထျန်လက်ချက်နဲ့ အားကုန်ခမ်းနေပြီဖြစ်လို့ မတတ်သာတဲ့အဆုံး အဖက်ခံထားလိုက်ရတယ်။
ဒါပေမဲ့ လူတွေကိုမြင်တာနဲ့ နှစ်ယောက်လုံး ခေါင်းငုံ့ထားလိုက်ကြပြီး မျက်နှာတွေက ချက်ချင်း နီရဲသွားတယ်။
ရှက်လိုက်တာ!
ရှက်လိုက်တာ!
ယောကျ်ားတစ်ယောက်တည်းက ကောင်မလေးနှစ်ယောက်ကို ဖက်ထားပြီး ကိုယ်က အဲဒီကောင်မလေးတွေထဲက တစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အတွေးက ဟယ်ချန်ချန်နဲ့ ဘူမုန်ထင်တို့ကို မျက်နှာပူထူသွားစေတယ်။
လူလာတာမြင်တော့ လင်းထျန်က ပြုံးဖြီးဖြီးနဲ့ ခေါင်းမော့ပြီး "မယားကြီး မယားငယ်တို့ရေ သွားကြစို့" လို့ တမင် အသံကျယ်ကျယ် ပြောလိုက်တယ်။
အသံကြားတော့ ဘေးပတ်ဝန်းကျင်ကလူတွေ လင်းထျန်ဆီ လှည့်ကြည့်လာကြတယ်။
ယောကျ်ားလေးအများစုက လင်းထျန်ကို အားကျတာရော မနာလိုတာရော မုန်းတာရော ရောထွေးနေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။
သောက်ကျိုးနည်း!
ဘေးတဖက်တချက်စီမှာ မိန်းမတစ်ယောက်စီ ဖက်ထားတယ်တဲ့လား!
ပြီးတော့ အကုန်လုံးက အလှလေးတွေချည်းပဲ!
ငါ မဟုတ်ရလေခြင်း!
ပြုံးဖြီးဖြီးနဲ့ လင်းထျန်က ကောင်မလေးနှစ်ယောက်ကို ဖက်ပြီး ဟိုတယ်ထဲကနေ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာခဲ့တယ်။
ကောင်မလေးနှစ်ယောက်က လင်းထျန်ရဲ့ နံရိုးက အသားတွေကို လိမ်ဆွဲထားပေမယ့် လင်းထျန်ရဲ့ မျက်နှာထားကတော့ လုံးဝ မပြောင်းလဲပါဘူး။
ကြွားနေတာ!
လက်တစ်ဖက်နဲ့ ဟယ်ချန်ချန်ကို ဖက် နောက်တစ်ဖက်နဲ့ ဘူမုန်ထင်ကို ဖက်ပြီး လမ်းလျှောက်ရတာက လင်းထျန် အချိန်အကြာကြီး အိပ်မက်မက်ခဲ့ရတဲ့အရာလေ။
ဒီဆန္ဒကို ဖြည့်ဆည်းပြီး နည်းနည်းလောက် ကြွားခွင့်ရဖို့အတွက် အဆွဲလိမ်ခံရတာလောက်က ဘာဖြစ်လဲ။
ဂုဏ်ယူနေတဲ့ မျက်နှာထားနဲ့ လင်းထျန် ကောင်မလေးနှစ်ယောက်ကို ခေါ်ပြီး ဟိုတယ်ထဲကနေ ထွက်လာခဲ့တယ်။ ခြေလှမ်းနည်းနည်း လှမ်းပြီးနောက် ဟယ်ချန်ချန် သည်းမခံနိုင်တော့ဘဲ လင်းထျန်ကို မော့ကြည့်ပြီး ပြောလိုက်တယ်။
"ကြွားလို့ ဝပြီလား။ ဆက်လုပ်နေရင် ငါသွားတော့မယ်"
"ဟုတ်တယ် ငါ အရမ်းရှက်နေပြီ" ဘူမုန်ထင်ရဲ့ ဖြူဝင်းတဲ့ မျက်နှာလေးလည်း ရဲနေတုန်းပဲ။
"ဟဲဟဲ ဟဲဟဲ အေးပါ အေးပါ" လင်းထျန် တခစ်ခစ်ရယ်ပြီး ခေါင်းကုတ်ကာ ရိုးအတဲ့ပုံစံ လုပ်ပြလိုက်တယ်။
လင်းထျန်က အတိုင်းအတာကို သိပါတယ် ဘယ်အချိန် ရှေ့တိုးရမလဲ ဘယ်အချိန် ရပ်ရမလဲဆိုတာ သိတယ်။
လင်းထျန်ရဲ့ ခုနက အပြုအမူက နည်းနည်း လွန်သွားပေမယ့် ကောင်မလေးနှစ်ယောက်ရဲ့ စည်းကိုတော့ မကျော်သေးပါဘူး။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားရင်တော့ ညှိနှိုင်းမှုတွေ ပျက်သွားနိုင်တယ်။
ဒီအချိန်မှာ အကောင်းဆုံးကတော့ ဆုတ်ခွာပြီး အချိန်ကိုက် ရပ်လိုက်တာပါပဲ။ တချိန်တည်းမှာပဲ ဆုတ်ခွာပြီးနောက် ရိုးသားဖြူစင်ပြီး ရိုးအတဲ့ပုံစံ လုပ်ပြလိုက်ရင် ကောင်မလေးတွေရဲ့ စိတ်ကို သေချာပေါက် ပျော့ပြောင်းသွားစေမှာပါ။
ထင်တဲ့အတိုင်းပဲ လင်းထျန်ရဲ့ ကြောင်တောင်တောင်ပုံစံကို မြင်တော့ ဟယ်ချန်ချန်ရဲ့ ဒေါသတွေ တော်တော်လေး လျော့သွားတယ်။
ခပ်ဆတ်ဆတ် ပြောမလို့ လုပ်ပေမယ့် ပါးစပ်က ထွက်လာတာကတော့ -
"နောက်တစ်ခါ အဲဒီလို မလုပ်နဲ့တော့နော်။ ထပ်လုပ်ရင် နင့်ကို တကယ် စကားမပြောတော့ဘူး"
"ဟုတ်တယ် ဟုတ်တယ်" ဘေးနားက ဘူမုန်ထင်လည်း ခေါင်းညိတ်ထောက်ခံလိုက်တယ်။
"ခေါင်းဆောင်နှစ်ယောက်ကို သတင်းပို့အပ်ပါတယ် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်လို့ အာမခံပါတယ်ခင်ဗျာ" လင်းထျန်က သတိဆွဲပြီး အလေးပြုကာ လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။
ပြောရင်းနဲ့ လင်းထျန်က ဗိုလ်ချုပ်ရဲ့ စစ်ဆေးမှုကို စောင့်နေတဲ့ စစ်သားတစ်ယောက်လို မလှုပ်မယှက် အလေးပြုထားတယ်။
ဟယ်ချန်ချန်နဲ့ ဘူမုန်ထင်က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြတယ်။
ဆယ်စက္ကန့်ကျော်လောက် ကြာတော့ လင်းထျန်က အဲဒီအနေအထားအတိုင်း လေးလေးနက်နက် ဆက်နေနေတယ်။
ဒါမြင်တော့ ဘူမုန်ထင် အရင်ဆုံး မနေနိုင်ဘဲ ရယ်မောလိုက်ပြီး လင်းထျန်ရဲ့ လက်မောင်းကို ပုတ်ကာ "ကဲပါ ကဲပါ အလေးပြုစရာ မလိုတော့ပါဘူး ဒါပေမဲ့ နင်က တကယ် ယုံလောက်တဲ့ပုံစံ ပေါက်သားပဲ" လို့ ပြောလိုက်တယ်။
"ဒါပေါ့" လင်းထျန် ခေါင်းမော့ပြီး မျက်ခုံးပင့်ကာ "ကိုယ့်အစွမ်းအစကို မင်းတို့ သိသားပဲ" လို့ ပြောလိုက်တယ်။
"ငါတော့ မသိပါဘူး" ဟယ်ချန်ချန်က ဘေးကနေ ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"ကောင်းပြီလေ ကိုယ့်ယောက်ျားကို အဲဒီလို ပြောရဲတယ်ပေါ့။ ပြန်ရောက်ရင် ပညာပေးရမယ်" လင်းထျန် ပြုံးဖြီးဖြီးနဲ့ ဟယ်ချန်ချန်အနား တိုးသွားတယ်။
လင်းထျန် ပြောတဲ့ "မိသားစုစည်းကမ်း" ဆိုတာကို တွေးမိပြီး ဟယ်ချန်ချန် မျက်နှာရဲသွားတယ်။ လင်းထျန်ကို ရိုက်ပြီး "သွားစမ်း" လို့ ပြောလိုက်တယ်။
ဟယ်ချန်ချန်ရဲ့လက် သူ့ဆီလာနေတာမြင်တော့ လင်းထျန် အလိုလို ရှောင်လိုက်ပြီး ခုန်ဆွခုန်ဆွနဲ့ သီချင်းညည်းရင်း ထွက်သွားတယ်။ "လာ လာ လာ... ဘယ်ဘက်မှာ ကောင်မလေးအချောလေး ညာဘက်မှာ ကောင်မလေးအချောလေး။ ဘဝက ဘာလို့ ဒီလောက် ပေါ့ပါးလွတ်လပ်နေရတာလဲ... လာ လာ လာ"
လင်းထျန်က စိတ်လှုပ်ရှားပြီး ခြေထောက်တွေ ခုန်ပေါက်နေတယ်။
လင်းထျန်ရဲ့ ပုံစံကို မြင်တော့ ဟယ်ချန်ချန် ပြောစရာစကားမဲ့သွားပြီး မျက်စောင်းထိုးကာ "ကဲပါ အရူးမထနဲ့တော့ သွားစားကြစို့ ငါ ဗိုက်ဆာနေပြီ" လို့ ပြောလိုက်တယ်။
"ဟုတ်တယ် ဟုတ်တယ်" ဘူမုန်ထင်က ဘေးကနေ ဝင်ထောက်ခံတယ်။
ကောင်မလေးနှစ်ယောက် တကယ် ဗိုက်ဆာနေတာမြင်တော့ လင်းထျန် နောက်ပြောင်တာ ရပ်လိုက်ပြီး မျက်နှာပိုးသတ်ကာ လက်ဝှေ့ယမ်းပြီး "သွားမယ် သွားမယ် စားသောက်ပွဲကြီး သွားနွှဲကြမယ် ဟူး..." လို့ ပြောလိုက်တယ်။
ပြောရင်းနဲ့ သူက လက်တစ်ဖက်စီမှာ ကောင်မလေးတစ်ယောက်စီရဲ့ လက်ကို ဆွဲပြီး ရှေ့ကို အမြန် ပြေးထွက်သွားတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: