အပိုင်း (၁၂) - ချန်ဖေး၏ တောင်းဆိုမှု
"ဟုတ်တယ်၊ ကျွန်တော်က မြို့တော်က လာတာပါ။ အဲ့ဒီမှာ နေလာတာ အနှစ် ၂၀ ကျော်ပြီ။ ဒီတစ်ခါ ကျန်းလင်းကို လာတာကလည်း ငွေရေးကြေးရေး အခက်အခဲလေး ရှိလို့ပါ" ယဲ့ထျန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ဒါပေမဲ့ သူ့ရင်ထဲမှာတော့ မြို့တော်ကို ပြန်ချင်တဲ့ ဆန္ဒ ပြင်းပြနေသည်။ အခုချက်ချင်းသာ ပြန်သွားပြီး သူ့ကို မြို့တော်ကနေ ထွက်သွားအောင် ဖိအားပေးခဲ့တဲ့ ကောင်တွေကို ပါးရိုက်ပစ်ချင်နေသည်။
'မြို့တော်က ယဲ့ထျန်း ဟုတ်လား။ ဒီလူငယ်လေးက နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီးဖြစ်တဲ့ ဂုဏ်သရေရှိ ယဲ့မိသားစုကများလား။'
'မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး။'
'ငါက ယဲ့မိသားစု ခေါင်းဆောင်နဲ့ အမြဲတမ်း ဆက်ဆံရေး ကောင်းခဲ့တာ။ ယဲ့မိသားစုက လူငယ်တွေကို အကုန် မသိပေမယ့် ထူးချွန်တဲ့ လူငယ်တွေကိုတော့ ငါ ဆုံဖူးပါတယ်။ ဒီလူငယ်လေးကိုတော့ ငါ လုံးဝ မမှတ်မိဘူး။'
'ဆရာယဲ့ရဲ့ အံ့ဖွယ်စွမ်းရည်နဲ့ဆိုရင်၊ တကယ်လို့သာ သူက ယဲ့မိသားစုဝင် စစ်စစ်ဆိုရင် နာမည်မကြီးဘဲ နေစရာ အကြောင်းမရှိဘူး။'
'တိုက်ဆိုင်မှု သက်သက် ဖြစ်မှာပါ။'
ဒါကို တွေးပြီး ကော်ရုံ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာပျက်သွားပြီး ပြင်းထန်စွာ ချောင်းဆိုးလာသည်။ မျက်နှာတွင်လည်း နာကျင်သော အမူအရာ ပေါ်လာသည်။
ဒါကို မြင်တော့ ကော်ဇီယို စိတ်မကောင်း ဖြစ်သွားပြီး အဘိုးအို၏ ကျောကို ညင်သာစွာ ပုတ်ပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။ "အဘိုး... အဆင်ပြေရဲ့လား"
"မပူပါနဲ့... ဘာမှ မဖြစ်ပါဘူး။ ရောဂါဟောင်း ထတာပါ၊ သိပ်ကိစ္စ မရှိပါဘူး" ကော်ရုံက လက်ကာပြပြီး ဘာမှ စိုးရိမ်စရာ မလိုကြောင်း မြေးမလေးကို အသိပေးလိုက်သည်။
ထိုအချိန်တွင် ယဲ့ထျန်း ရုတ်တရက် ဝင်ပြောလိုက်သည်။ "အတင်းအကျပ် အတွင်းအား သုံးလိုက်လို့ မူလရင်းမြစ် ထိခိုက်သွားတာ မဟုတ်လား။ အဲ့ဒါက အဓိက အကြောင်းရင်းပဲ"
"ဗျာ... ဆရာယဲ့က ဆေးပညာလည်း နားလည်တာလား။ ဒါကိုတောင် ပြောပြနိုင်တယ်ပေါ့"
ကော်ရုံ အံ့သြသွားသည်။ ဒီတစ်ခါတော့ တကယ်ကို အံ့သြသွားခြင်း ဖြစ်သည်။ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ သိုင်းပညာမှာ ထူးချွန်ရုံမကဘူး ဆေးပညာမှာပါ ကျွမ်းကျင်နေတယ် ဆိုရင်တော့ တကယ့် ပါရမီရှင်ပဲ။
တကယ်သာဆိုရင် တရုတ်နိုင်ငံမှာ သူ့ကို ယှဉ်နိုင်မယ့် လူငယ် ရှားပါလိမ့်မယ်။
ကော်ဇီယို၏ မျက်လုံးများ အရောင်တောက်လာပြီး ယဲ့ထျန်းကို အံ့သြစွာ ကြည့်လိုက်သည်။ သူမ အမြန် ရှင်းပြလိုက်သည်။ "ဟိုးအရင်တုန်းက အရှေ့တောင်အာရှ စစ်ပွဲမှာ အဘိုးက တပ်မတော်နဲ့အတူ လိုက်ပါပြီး တိုက်ပွဲဝင်ခဲ့ဖူးတယ်"
"ရုတ်တရက် တိုက်ခိုက်ခံရချိန်မှာ ရန်သူတွေထဲမှာ အရှေ့တောင်အာရှက အင်အားကြီးတဲ့ တိုင်းရင်းသားတစ်ယောက် ပါလာတယ်။ အဘိုးက သူ့ရဲဘော်တွေကို ကာကွယ်ဖို့အတွက် လျှို့ဝှက်သိုင်းပညာကို အတင်းအကျပ် ထုတ်သုံးပြီး ရန်သူကို အနိုင်ယူခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒါကြောင့် သူ့ရဲ့ အသက်ဓာတ် ထိခိုက်သွားပြီး နာတာရှည်ရောဂါ ဖြစ်လာခဲ့တာပါ"
"နှစ်တွေအများကြီး ကြာခဲ့ပြီ၊ တိုင်းရင်းဆေး ဆရာဝန်ကြီးတွေ အများကြီးနဲ့ ပြခဲ့ပေမယ့် ဘယ်သူမှ မကုနိုင်ခဲ့ဘူး။ အခုဆို ဆေးသောက်ပြီး ရောဂါလက္ခဏာကို ထိန်းထားရုံပဲ တတ်နိုင်တော့တယ်"
"ဆရာယဲ့က အဘိုးရဲ့ ဒဏ်ရာကို ချက်ချင်း သိတယ်ဆိုတော့ ကုပေးနိုင်မယ့် နည်းလမ်း ရှိမလားဟင်။ ဇီယို တောင်းပန်ပါတယ်၊ အဘိုးကို ကူညီပေးပါနော်"
ပြောရင်းနှင့် ကော်ဇီယို လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ကော်ရုံ၏ မြေးမလေးအနေဖြင့် အဘိုးဖြစ်သူ ချောင်းဆိုးတိုင်း မည်မျှ ခံစားရကြောင်း သူမ ကောင်းကောင်း သိသည်။
ဒါက အမြစ်တွယ်နေတဲ့ ဒဏ်ရာကြောင့် ဖြစ်တဲ့ ရောဂါမို့ ခေတ်မီဆေးပညာနဲ့ ဘာမှ လုပ်မရဘူး။ အကောင်းဆုံး တိုင်းရင်းဆေး ဆရာဝန်တွေတောင် လက်မြှောက်ထားရပြီး နည်းပညာတွေနဲ့ သက်သာအောင် လုပ်ပေးရုံပဲ တတ်နိုင်ကြတယ်။
အခု ယဲ့ထျန်းရဲ့ အံ့ဖွယ်စွမ်းရည်ကို မြင်တွေ့ပြီးတဲ့အပြင် အဘိုးရဲ့ ရောဂါကို တစ်ချက်တည်းနဲ့ အကဲခတ်နိုင်တာ မြင်လိုက်ရတော့ မျှော်လင့်ချက် ရောင်ခြည် သန်းလာကြသည်။ ယဲ့ထျန်းသာဆိုရင် သူတို့အဘိုးကို တကယ် ကုပေးနိုင်လိမ့်မယ်လို့ ယုံကြည်လာကြသည်။
ကော်ဇီယို၏ တောင်းပန်မှုကို ကြားသောအခါ ယဲ့ထျန်း ချက်ချင်း မငြင်းဘဲ တွန့်ဆုတ်နေသည်။
ကော်ရုံ၏ ရောဂါက ကုသရ ခက်ခဲပြီး ခေတ်မီဆေးပညာရော တိုင်းရင်းဆေး ပညာရှင်တွေပါ လက်မြှောက်ထားရသည် ဆိုသော်လည်း ဒါက သာမန်လူတွေအတွက်သာ ဖြစ်သည်။
စနစ် ပိုင်ဆိုင်ထားသော ယဲ့ထျန်းအတွက်တော့ ခေတ်မီဆေးပညာနှင့် တိုင်းရင်းဆေး ဆရာဝန်ကြီးများ ကုသနိုင်ခြင်း မရှိသည့် ရောဂါများနှင့် သာမန်ရောဂါများအကြား ကွာခြားချက်မှာ သူ တစ်ကြိမ် ဟိတ်ဟန်ထုတ်ရမလား၊ အကြိမ်ကြိမ် ဟိတ်ဟန်ထုတ်ရမလား ဆိုသည့် ကွာခြားချက်သာ ရှိသည်။
ယဲ့ထျန်းက ဒီလူနှစ်ယောက်ကို မတော်တဆ တွေ့ဆုံခြင်းသာ ဖြစ်သည်။ စနစ်က အလွန်တန်ဖိုးရှိသဖြင့် ဝိညာဉ်ဆေးလုံးများ လဲလှယ်ပြီး ကျင့်ကြံမှု မြန်ဆန်အောင် မလုပ်လျှင် အလွန် နစ်နာပေလိမ့်မည်။
ကျင့်ကြံမှုကို မြန်မြန်ဆန်ဆန် လုပ်မှသာ အတိတ်ဘဝက မတရားမှုများနှင့် အရှက်ခွဲခံရမှုများကို လက်တုံ့ပြန်နိုင်မည်။ သူတို့ ပေးခဲ့တဲ့ မျှော်လင့်ချက်မဲ့ခြင်းနှင့် နာကျည်းမှုများကို သူတို့ကိုယ်တိုင် ပြန်လည် ခံစားစေနိုင်မည်။
ဒါပေမဲ့ ဒီအဘိုးအိုက အရှေ့တောင်အာရှက မငြိမ်မသက်မှုတွေကြားမှာ တိုက်ပွဲဝင်ခဲ့ပြီး အသက်ရှင် ကျန်ရစ်ခဲ့တဲ့ စစ်ပြန်ကြီး၊ နိုင်ငံတော် သူရဲကောင်း တစ်ယောက် ဖြစ်နေတယ်။
"သေရွာက ပြန်လာတယ်" ဆိုတာ တင်စားပြောတာ မဟုတ်ဘဲ တကယ့် လက်တွေ့ အခြေအနေပဲ။
အရှေ့တောင်အာရှ စစ်ပွဲက ရုတ်တရက် ဖြစ်လာတာမို့ တပ်ဖွဲ့ဝင် အနည်းငယ်လောက်ပဲ စေလွှတ် တားဆီးနိုင်ခဲ့တာ။
ဒီလို သူရဲကောင်းတွေသာ အခြေအနေကို ပြောင်းလဲမပစ်နိုင်ခဲ့ရင် စစ်ပွဲက ပိုဆိုးသွားပြီး တစ်နိုင်ငံလုံး ဖရိုဖရဲ ဖြစ်သွားနိုင်တယ်။
စိတ်ခံစားချက်အရ ကြည့်ကြည့်၊ ကျိုးကြောင်းဆီလျော်မှုအရ ကြည့်ကြည့်၊ ဒီလို သူရဲကောင်းတွေ ပေးဆပ်ခဲ့လို့ ရရှိလာတဲ့ ငြိမ်းချမ်းရေးကို သူ ခံစားနေရတာပဲ။ အခု သူတို့ ဒုက္ခရောက်နေချိန်မှာ သူ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မလဲ။
ယဲ့ထျန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကော်ဇီယို ဝမ်းသာသွားသည်။
သူမ အကြောက်ဆုံးက ယဲ့ထျန်း ပြတ်ပြတ်သားသား ငြင်းလိုက်မှာကိုပဲ။ အခုလို တွန့်ဆုတ်နေတယ် ဆိုတာ ညှိနှိုင်းလို့ ရသေးတယ် ဆိုတဲ့ သဘောလေ။
ချက်ချင်းပင် ကော်ဇီယိုက ယဲ့ထျန်းကို ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ဆရာယဲ့... ကျွန်မတို့ ကော်မိသားစုက ဟိုင်ရှီးပြည်နယ်မှာ နာမည်တစ်ခုတော့ ရှိပါတယ်"
"ဆရာယဲ့... ကျွန်မ အဘိုးရဲ့ ဒဏ်ရာကို ကုပေးနိုင်သရွေ့ ဆရာ တောင်းသမျှ ပေးပါ့မယ်။ တစ်သန်းဆိုရင်ရော ဘယ်လိုလဲ။ မလောက်ရင် ထပ်တိုးပေးပါ့မယ်"
ဒါကို ကြားတော့ ယဲ့ထျန်း ငြိမ်သက်သွားသည်။
သူ့မှာ အံ့ဖွယ်အရာတွေ ပေးစွမ်းနိုင်တဲ့ စနစ် ရှိနေပေမယ့် ကန့်သတ်ချက်တွေလည်း ရှိနေသည်။
စနစ်ဆီကနေ ဝိညာဉ်ဆေးလုံး လဲလှယ်တာကလွဲရင် ကျင့်ကြံမှုကို မြန်ဆန်စေတဲ့ တစ်ခုတည်းသော နည်းလမ်းက 'အကြိမ်တစ်ရာ သန့်စင်ခြင်း အစီအရင်' ကို အသုံးပြုခြင်းပဲ။
သန့်စင်ခြင်း အစီအရင်က ကောင်းမွန်ပေမယ့် လက်ရှိအချိန်မှာ သာမန် ဆေးဖက်ဝင်အပင်တွေကိုပဲ အသုံးပြုနိုင်သေးတယ်။ ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ ဝိညာဉ်လက်နက်တွေနဲ့ ဝိညာဉ်ပစ္စည်းတွေ လိုအပ်လာမှာ ဖြစ်တယ်။
အဲ့ဒီကျရင် သူ့တစ်ယောက်တည်း အင်အားနဲ့ လုံလောက်တဲ့ ဝိညာဉ်ပစ္စည်းတွေ စုဆောင်းဖို့ မလွယ်ကူလှဘူး။
အခု ကော်မိသားစုနဲ့ မိတ်ဆွေဖွဲ့ထားလိုက်မယ်၊ ပြီးတော့ ဟိုတစ်ယောက် နင်အောက်ရွှဲရဲ့ မိသားစုနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် သူ့တစ်ယောက်တည်း ရှာတာထက် ပိုထိရောက်မှာ သေချာတယ်။
ပြီးတော့ ဒီအဘိုးအိုက နိုင်ငံတော် သူရဲကောင်း။ အကျိုးအမြတ် မရှိရင်တောင် သူ ကယ်ပေးသင့်တာပဲ။ ဒီလို သူရဲကောင်းမျိုးကို သွေးမျက်ရည် ကျခိုင်းစရာ အကြောင်းမရှိဘူး။
စဉ်းစားပြီးနောက် ယဲ့ထျန်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဘာမှ ထပ်ပြောစရာ မလိုပါဘူး။ ဒီရောဂါကို ကုသဖို့က ကျွန်တော့်အတွက် မခက်ခဲပါဘူး"
"ကျွန်တော်တို့ တွေ့ဆုံရတာ ရေစက်ပါပဲ။ ပြီးတော့ အဘိုးကော်က နိုင်ငံတော် သူရဲကောင်းဆိုတော့ ကျွန်တော် ဘယ်လိုလုပ် မကယ်ဘဲ နေနိုင်မလဲ။"
သူ ခေတ္တရပ်လိုက်ပြီး တစ်ဖက်လူ လေးဦး၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ကာ ပြုံးလျက် ဆက်ပြောသည်။ "ဒီလိုလုပ်ကြတာပေါ့"
"လောလောဆယ် ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေလို့၊ ပြီးတော့ ရောဂါကုဖို့လည်း ပြင်ဆင်စရာတွေ လိုသေးတာမို့ နောက် နှစ်ရက်လောက်နေမှ အဘိုးကော်ဆီ လာခဲ့ပါ့မယ်။ အဆင်ပြေမလား။"
"ပြေပါတယ်၊ အဆင်ပြေတာပေါ့။ အဘိုး ရောဂါပျောက်ဖို့သာ အဓိကပါ"
မြေးမလေး၏ ဝမ်းသာအားရ ဖြစ်နေသော ပုံစံနှင့် ယှဉ်လျှင် ကော်ရုံသည် ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသူ ပီပီ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင် အလွန် ပျော်ရွှင်နေသည်။
သူက ယဲ့ထျန်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင်တော့ ဆရာယဲ့ကို ဒုက္ခပေးရတော့မယ်"
ပြောရင်းနှင့် ကော်ရုံက သူ့ဘေးတွင် ပြုံးနေသော လူကို လှမ်းပြောလိုက်သည်။ "လင်းတုန်း... ဆရာယဲ့ရဲ့ ဆက်သွယ်ရန် လိပ်စာကို မှတ်ထားလိုက်ဦး"
ထို့နောက် ယဲ့ထျန်းဘက် လှည့်ပြောလိုက်သည်။ "ဆရာယဲ့... လင်းတုန်းကို ဖုန်းဆက်လိုက်ရုံပါပဲ၊ သူ လာကြိုပါလိမ့်မယ်"
"နောက်ပြီးတော့ ကျန်းလင်းမြို့မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် လင်းတုန်းကိုသာ ခိုင်းလိုက်ပါ။ ကျွန်တော် ကော်ရုံက ကျန်းလင်းမှာ ဩဇာအနည်းငယ်တော့ ရှိပါသေးတယ်။"
"ဟုတ်ကဲ့၊ နားလည်ပါပြီ" ယဲ့ထျန်း ခေါင်းညိတ်လိုက်သည်။
ဆက်သွယ်ရန် လိပ်စာ ပေးပြီးသည်နှင့် ယဲ့ထျန်း လှည့်ထွက်လာခဲ့သည်။
ယဲ့ထျန်း ထွက်သွားတော့မည်ကို မြင်သောအခါ ကော်ရုံ အမြန်မေးလိုက်သည်။ "ဆရာယဲ့ ဘယ်သွားမလို့လဲ မသိဘူး။ ကျွန်တော့်ရဲ့ တုံးအအ မြေးမလေးကို လိုက်ပို့ခိုင်းလိုက်ရမလား"
"မလိုပါဘူး၊ ကျွန်တော် အလုပ်သွားမလို့ပါ။ ဒီနားလေးပါပဲ"
ပေါက်ကရ ဆင်ခြေတစ်ခု ပေးပြီးနောက် ယဲ့ထျန်း လက်ကာပြပြီး လှည့်မကြည့်ဘဲ သစ်တောအုပ်ထဲ ဝင်သွားတော့သည်။ ကျန်ရစ်သူများမှာ အံ့သြကျန်ရစ်ခဲ့ကြသည်။
အလုပ်... သွားမလို့ ဟုတ်လား။
ဘုရားရေ... သူက အမျိုးသား လုံခြုံရေး ဗျူရိုမှာ လုပ်တာများလား။ မဟုတ်ရင် ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းက ဒီလို ဆရာတစ်ဆူ အဆင့်ရှိတဲ့ လူမျိုးကို ခိုင်းစားနိုင်မှာလဲ။
သူ့ရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုက အဘိုးကော်နှင့် အဖွဲ့ကို အကြီးအကျယ် အံ့သြသွားစေမှန်း ယဲ့ထျန်း မသိလိုက်ပေ။ သူက 'အကြိမ်တစ်ရာ သန့်စင်ခြင်း အစီအရင်' ကိစ္စကိုသာ စဉ်းစားနေသည်။
သန့်စင်ခြင်း အစီအရင်က ကောင်းမွန်ပေမယ့် သန့်စင်ရမယ့် ဆေးတွေက တော်တော် တန်ဖိုးကြီးတယ်။ ယဲ့ထျန်းအနေနဲ့ တစ်ခါနှစ်ခါလောက်တော့ တတ်နိုင်ပေမယ့် မကြာခဏဆိုရင် ခက်ခဲလာနိုင်တယ်။
ဒီနေ့ကိုပဲ ကြည့်၊ စမ်းသပ်မှု လုပ်တာမို့လို့ အခြေခံ အနည်းဆုံး ပမာဏပဲ ဝယ်တာတောင် ယွမ် နှစ်ထောင်ကျော် ကုန်သွားပြီ။
နောက်ပိုင်း ပုံမှန် ကျင့်ကြံလာရရင် ကုန်ကျစရိတ်က မသေးလှဘူး။
"ကြည့်ရတာ ငါ အပိုဝင်ငွေရမယ့် နည်းလမ်း ရှာမှ ဖြစ်မယ်။ မဟုတ်ရင် အကြွေးတင်တော့မယ်" ယဲ့ထျန်း ခေါင်းခါပြီး ခါးသက်သက် ပြုံးလိုက်မိသည်။
မော့ကြည့်လိုက်တော့ ကျိန့်ရွှမ်တို့ အိမ်ရာဝင်း အပြင်ဘက် ပြန်ရောက်နေပြီ။
ထိုအချိန်တွင် လူရိပ်တစ်ခု ပြေးထွက်လာပြီး သူ့လမ်းကို ပိတ်ရပ်လိုက်သည်။
"မနေ့က လူကောင်ကြီး မဟုတ်လား" ယဲ့ထျန်း ထိုလူကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ မနေ့က အကန်ခံရတာ အားမရလို့ နောက်ထပ် အထိုးခံချင်လို့ လာရှာတာလား"
ဒါကို ကြားတော့ ချန်ဖေး ခေါင်းကို တွင်တွင်ခါပြီး ပြောလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီး... အထင်လွဲနေပါပြီ။ ကျွန်တော် ဒီနေ့ ရန်လာရှာတာ မဟုတ်ပါဘူး"
အစ်ကိုကြီး ဟုတ်လား။
ယဲ့ထျန်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ချန်ဖေးက သူ့ထက် အသက်ကြီးတာ သေချာပါလျက်နဲ့ သူ့ကို "အစ်ကိုကြီး" လို့ ခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ အကန်ခံရလွန်းလို့ ကြောက်သွားတာများလား။
သူ ခါးသက်သက် ပြုံးလိုက်ပြီး "ကောင်းပြီလေ... မင်းက ရန်လာရှာတာ မဟုတ်ဘူးဆိုရင် ဘာလို့ ငါ့ကို လာတားနေတာလဲ။ ငါ အိမ်ပြန်ဖို့ အလျင်လိုနေတယ်"
ချန်ဖေးက မေးလိုက်သည်။ "အစ်ကိုကြီး... ဒီနေ့ အားလား"
"ဟမ်... ဘာကိစ္စလဲ။ ငါ့ဆီက တစ်ခုခု လိုချင်လို့လား" ယဲ့ထျန်း ပြန်မေးလိုက်သည်။
အကြောင်းမရှိဘဲ ဘုရားကျောင်း မလာဘူး ဆိုသလိုပေါ့။ ဒီကောင်က အပြင်မှာ စောင့်နေတာ ကြာပြီပုံပေါက်တယ်။ ဘာမှ မလုပ်ဘဲ နေနေတာတော့ မဖြစ်နိုင်ဘူး။
"ဒီလိုပါ... မနေ့က အစ်ကိုကြီးကို အထင်လွဲမိပြီးကတည်းက ကျွန်တော် နောင်တရနေတာပါ။ ပြီးတော့ အစ်ကိုကြီးရဲ့ စွမ်းရည်ကိုလည်း မြင်လိုက်ရတော့ ကျွန်တော် လုံးဝ မယှဉ်နိုင်မှန်း သိသွားပါပြီ"
"ပြီးတော့ ကျွန်တော် ရှောင်ရှောင်ကို ပြန်လိုချင်သေးတယ်။ အဲ့ဒါကြောင့် အစ်ကိုကြီးနဲ့ အဆင်ပြေအောင် ပေါင်းထားမှ ဖြစ်မယ်လို့ တွေးမိတယ်။ အစ်ကိုကြီးသာ ကူညီပေးရင် ရှောင်ရှောင် ကျွန်တော့်ဆီ ပြန်ရောက်လာနိုင်တယ်လေ"
ပြောရင်းနှင့် ချန်ဖေး တစ်ခုခု စဉ်းစားမိသလို ငတုံးငအပုံစံနှင့် ပြုံးလိုက်သည်။
ယဲ့ထျန်း မျက်နှာကို ပွတ်သပ်ပြီး မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ပြောချင်တာ မြန်မြန်ပြော။ ငါက ဝူရှောင်ရှောင်အိမ်မှာ ခဏပဲ လာနေတာ။ ဝူရှောင်ရှောင်နဲ့ ငါ့ဆက်ဆံရေးက သာမန်ပါပဲ။ ငါ မင်းကို ကူညီနိုင်မယ် မထင်ဘူး"
"နောက်တစ်ချက်က သူ့အဖေက လူမှုအဆင့်အတန်းနဲ့ မိသားစု နောက်ခံကို သိပ်ကြည့်တာ။ မင်း ဝူရှောင်ရှောင်နဲ့ ပြန်တွဲနိုင်ဖို့ အခွင့်အရေး နည်းတယ်လို့ ငါထင်တယ်"
ချန်ဖေး မျက်နှာ ချက်ချင်း ပျက်သွားပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "အစ်ကိုကြီး ပြောတာ ကျွန်တော် နားလည်ပါတယ်။ လမ်းခွဲတုန်းက ရှောင်ရှောင်လည်း အဲ့အတိုင်း ပြောတာပါပဲ"
"ကျွန်တော်က သိပ်မတော်ဘူး။ လင်းနန် အထက်တန်းကျောင်းကို ဝင်ခွင့်ရတာတောင် အားကစား ပါရမီရှင် ဖြစ်လို့ရယ်၊ ဆန်ဒါပြိုင်ပွဲမှာ ဒုတိယဆု ရထားလို့ အမှတ်ပေါင်းပေးလိုက်လို့ရယ်ကြောင့်ပါ"
"ဒါပေမဲ့ ကျွန်တော် ရှောင်ရှောင်ကို တကယ် ချစ်တာပါ။ သူ့အတွက်နဲ့ သူ့အဖေ လေးစားလာအောင် ပိုက်ဆံ ကြိုးစားရှာနေတာပါ..."
ယဲ့ထျန်း ဖြတ်ပြောလိုက်သည်။ "ဒါဆို မင်း ငါ့ကို လာရှာတာက မင်းရဲ့ ပိုက်ဆံရှာတဲ့ ကိစ္စနဲ့ ပတ်သက်နေတာပေါ့၊ ဟုတ်လား"
ယဲ့ထျန်း ပြောလိုက်သည်နှင့် ချန်ဖေး၏ မျက်လုံးများ အရောင်တောက်လာသည်။ "အစ်ကိုကြီး ပြောတာ မှန်ပါတယ်။ ပိုက်ဆံရဖို့အတွက် အခု ကျွန်တော် လက်ဝှေ့ပွဲတွေ ထိုးနေပါတယ်"
"မနေ့က အစ်ကိုကြီး ကန်လိုက်လို့ ခြေထောက် ကျိုးလုနီးပါး ဖြစ်သွားတယ်။ စွမ်းရည် တော်တော် ကျသွားတယ်။ ဒီည ပြိုင်ဘက်က နည်းနည်း တင်းတယ်ဗျ။ ကျွန်တော် ကောင်းကောင်း မယှဉ်နိုင်မှာ စိုးလို့... အဲ့ဒါ..."
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: