အပိုင်း (၁၅) - ပရိသတ်ကြီးကို အံ့အားသင့်စေခြင်း
မူလက ယဲ့ထျန်းကို အထင်မကြီးခဲ့ပေ။ ပိန်ပိန်ပါးပါး လူကောင်ကြောင့် လက်ဝှေ့သမားနှင့် မတူဘဲ အထိုးခံရမည့် လူပုံစံ ပိုပေါက်နေသောကြောင့် ဖြစ်သည်။
သို့သော် ယခု ချန်ဖေး ရှုံးနိမ့်သွားပြီဖြစ်ရာ မျက်နှာပျက်စရာ ကိစ္စမဖြစ်စေရန်၊ အစားထိုးစရာလူလည်း ချက်ချင်း ရှာမရနိုင်သည့်အတွက်ကြောင့် ယဲ့ထျန်းကိုသာ ရွေးချယ်ရန်မှတစ်ပါး အခြားမရှိတော့ပေ။
ဟယ်ဒိုင်လီ အလွန် စိတ်မကောင်း ဖြစ်မိသည်။ လူများများ ခေါ်လာခဲ့သင့်ပါသည်။ သူက ချန်ဖေးကို မေးလိုက်သည်။ "မင်း ခေါ်လာတဲ့လူက ဆရာတစ်ဆူ ဆိုတာ သေချာလို့လား။ ငါ့ကို မလိမ်ပါဘူးနော်"
ချန်ဖေးက ယဲ့ထျန်းကို လှမ်းကြည့်လိုက်သည်။ ယဲ့ထျန်း ခေါင်းညိတ်ပြသည်ကို မြင်မှ သူ ကပျာကယာ ပြန်ဖြေလိုက်သည်။ "မလိမ်ပါဘူး သခင်လေးဟယ်။ စိတ်ချပါ၊ ကျွန်တော့်အစ်ကိုကြီးက ထိပ်တန်းအဆင့်ပါ"
"ကျွန်တော် နိုင်ထားတဲ့ ဆုကြေးငွေတွေ အကုန်လုံးနဲ့ အာမခံပါတယ်။ အစ်ကိုကြီးသာ ရှုံးရင် ကျွန်တော် သခင်လေးဟယ်ကို အကုန်ပြန်ပေးပါ့မယ်"
ချန်ဖေး ထိုသို့ ပြောလာသည်ကို မြင်သောအခါ၊ ပြီးတော့ တခြား အားကိုးစရာလည်း မရှိတော့သဖြင့် ဟယ်ဒိုင်လီ ယဲ့ထျန်းကို သွားပြောရန် စဉ်းစားလိုက်သည်။
ထိုအချိန်တွင် ပေါင်ယွိနှင့် အခြားသူများလည်း သူတို့စကားဝိုင်းကို သတိထားမိသွားကြပြီး ယဲ့ထျန်းကိုပါ မြင်သွားကြသည်။
ဟယ်ဒိုင်လီ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူတို့က မီးလောင်ရာ လေပင့် လုပ်ကြတော့သည်။
"ဟေး... ဟေး... မင်းက ငါတို့ကို ပိုက်ဆံတွေ တမင် လာပေးချင်နေတာလား။ ဒီကောင်လေးကို ကြည့်ပါဦး၊ လေတိုက်ရင်တောင် လွင့်ပါသွားမယ့် ပုံစံနဲ့။ ဖန်ရှောင်ရဲ့ ပါးရိုက်ချက် တစ်ချက်လောက်တောင် ခံနိုင်ပါ့မလား"
"လာပါ၊ လာပါ။ ငါတို့ တစ်ပွဲ နိုင်ပြီးပြီ၊ အခု နောက်တစ်ပွဲ ထပ်နိုင်လို့ရပြီ။ ဒီတစ်ခါ ဒီကောင်လေး ရှုံးမယ်ဘက်ကနေ တစ်သန်း လောင်းတယ်ကွာ"
"ကောင်းပြီ... ရက်ရောလိုက်တာ။ ငါလည်း မင်းနဲ့အတူ တစ်သန်း လောင်းမယ်"
ဟယ်ဒိုင်လီ ဘေးနားရှိ ချမ်းသာသော လူငယ်လေးများ အော်ဟစ်ဆူညံနေကြပြီး မည်သူမျှ ယဲ့ထျန်းကို အယုံအကြည် မရှိကြပေ။
မတတ်နိုင်ဘူးလေ... သူတို့အမြင်မှာ ကြွက်သားနဲ့ လူကောင်ထွားမှ အင်အားကြီးတယ်လို့ ထင်ကြတာကိုး။ ယဲ့ထျန်းမှာကျတော့ အဲ့ဒီအချက် နှစ်ချက်စလုံး မရှိဘူး။
ဒါကြောင့် သူတို့အမြင်မှာ ယဲ့ထျန်းက ကြွက်သားအဖုအထစ်များနှင့် ထွားကျိုင်းသော ဖန်ရှောင်ကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် ပေါင်ယွိက ယဲ့ထျန်းကို အထင်သေးစွာ ကြည့်လိုက်ပြီးနောက် အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။ "သခင်လေးဟယ်... မင်း လက်လျှော့လိုက်ပြီ ထင်တယ်။ တစ်ပွဲ ရှုံးပြီးသားပဲ ဆိုတော့ နောက်တစ်ပွဲ ထပ်ရှုံးလည်း ဂရုမစိုက်တော့ဘူး မဟုတ်လား"
ဒီလို လှောင်ပြောင်မှုတွေကို ကြားရတော့ ဟယ်ဒိုင်လီ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သို့သော် ပြန်မပြောနိုင်သဖြင့် နှာမှုတ်ရုံသာ တတ်နိုင်တော့သည်။
သူ ယဲ့ထျန်းရှေ့သို့ လျှောက်လာပြီး တင်းမာစွာ ပြောလိုက်သည်။ "ဟေ့ကောင်... စင်ပေါ်က ဖန်ရှောင်ကို နိုင်မယ်ဆိုတာ သေချာလို့လား။ မင်း ချန်ဖေးကို လှည့်စားထားသလိုမျိုး လုပ်လို့ရမယ် မထင်နဲ့နော်"
"မင်း သူ့ကို လိမ်ရင် ကိစ္စမရှိပေမယ့် ငါ့ကို လာလိမ်ရင်တော့ ရက်စက်တယ်လို့ မပြောနဲ့။ ငါ ဟယ်ဒိုင်လီ ဘယ်လို နည်းလမ်းတွေ သုံးတတ်လဲ ဆိုတာ မင်း သိမှာပါ။"
သူ့စကားထဲတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။ ယဲ့ထျန်း မဲ့ပြုံး ပြုံးလိုက်ပြီး "အမှန်အတိုင်း ပြောရရင် ငါ လှုပ်ရှားပေးတာက ချန်ဖေး မျက်နှာကြောင့်ပဲ"
"မဟုတ်ရင် မင်းက ငါ့ကို ခိုင်းဖို့ အရည်အချင်း မရှိဘူး"
ယဲ့ထျန်း၏ စကားကြောင့် ဟယ်ဒိုင်လီ ကြောင်သွားသည်။ သူ့ကို အရည်အချင်း မရှိဘူးဟု ဘယ်သူက ပြောဖူးလို့လဲ။
ကျန်းလင်းမြို့တွင် သူ ဘယ်လောက် အစွမ်းထက်ကြောင်း ကြွားစရာ မလို။ ဘယ်သွားသွား သူ့ရွယ်တူတွေက သူ့ကို "သခင်လေးဟယ်" ဟု ခေါ်ကြစမြဲ။
အခု ဒီပိန်လှီလှီ၊ အဝတ်အစား ဈေးပေါပေါ ဝတ်ထားတဲ့ ကောင်လေးက သူ့ကို အရည်အချင်း မရှိဘူးလို့ ပြောရဲတယ်ပေါ့။
ဟယ်ဒိုင်လီ ဒေါသထွက်လာပြီး သက်တော်စောင့်များကို ခေါ်ကာ ဒီကောင်လေးကို နေရာတင် သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားသည်။
ထိုအချိန်တွင် ယဲ့ထျန်း ကြိုးဝိုင်းပေါ်သို့ တက်သွားသည်။ ဟယ်ဒိုင်လီ ဒေါသကို မြိုသိပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဟွန်း... မင်း ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ရဲတယ်ပေါ့"
"မင်း ဖန်ရှောင် လက်ချက်နဲ့ စင်ပေါ်က လွင့်ကျလာမှ ငါ့အကြောင်း သိစေရမယ်။ ဟေ့ကောင်... မင်းမျက်နှာ ရောင်ကိုင်းသွားတဲ့အထိ ရိုက်ပြမယ်။ အဲ့ဒီအခါကျမှ ပန်းတွေ ဘာလို့ နီလဲဆိုတာ သိသွားလိမ့်မယ်"
ယဲ့ထျန်း စင်ပေါ်တက်သွားသည်ကို မြင်သောအခါ ဘေးနားရှိ လူငယ်လေးများ လောင်းကြေး ထပ်ကြပြန်သည်။ ဒီတစ်ခါ ပုံမှန်နှင့်မတူဘဲ နှစ်ဖက်စလုံး လောင်းကြေး ထပ်ကြသော်လည်း ဖန်ရှောင် နိုင်မည်ဘက်တွင် အပြတ်အသတ် များပြားနေသည်။
ဟယ်ဒိုင်လီကတော့ ယဲ့ထျန်း၏ အပြုအမူကြောင့် ဒေါသထွက်နေပြီး လောင်းကြေးထပ်ရန် စိတ်ကူးမရှိပေ။
ဟယ်ဒိုင်လီ ဒေါသထွက်နေသည်ကို မြင်သောအခါ ချန်ဖေး ယဲ့ထျန်းအတွက် တိတ်တဆိတ် စိုးရိမ်နေမိသည်။ ယဲ့ထျန်းက ဒီလောက် မာနကြီးပြီး ဟယ်ဒိုင်လီကို ဒီလိုစကားမျိုး ပြောရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
သူ့စိတ်ထဲတွင် ယဲ့ထျန်း သန်မာသည် မှန်သော်လည်း တစ်ယောက်တည်း ဖြစ်နေပြီး ဒီလို ချမ်းသာပြီး အာဏာရှိတဲ့ လူငယ်လေးတွေကို ယှဉ်နိုင်စွမ်း မရှိဘူးဟု ထင်နေသည်။
ဒီလိုလူမျိုးကို စိတ်ဆိုးအောင် လုပ်လိုက်ရင် ပိုက်ဆံနည်းနည်း သုံးလိုက်ရုံနဲ့ ကိုယ့်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ ဒါကြောင့် ချန်ဖေး ဟယ်ဒိုင်လီကို ဒီလောက် ရိုသေနေရတာ ဖြစ်တယ်။
သူ ရှေ့ထွက်ပြီး ယဲ့ထျန်းဘက်က ဝင်ပြောပေးချင်သော်လည်း ဟယ်ဒိုင်လီ ဒေါသထွက်နေဆဲ ဖြစ်သဖြင့် မသွားရဲပေ။
ဟယ်ဒိုင်လီ စိတ်ငြိမ်သွားမှ ယဲ့ထျန်းအတွက် ဝင်ပြောပေးရန် သူ စောင့်နေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ယဲ့ထျန်း စင်ပေါ်တက်သွားသည်နှင့် ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ကြောင်း စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။
သူ့စကားကြောင့် ဟယ်ဒိုင်လီ စိတ်ဆိုးမဆိုး သူ ဂရုမစိုက်။ အများဆုံး ဟယ်ဒိုင်လီက ပျက်စီးနေတဲ့ ကလေးဆိုး တစ်ယောက်သာ ဖြစ်သည်။
ယခု သူ အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သာမန်လူများ လက်လှမ်းမမီနိုင်သော စည်းစိမ်နှင့် အာဏာများသည် သူ့အတွက် စိတ်ဝင်စားစရာ မဟုတ်တော့ပေ။
ယဲ့ထျန်း စင်ပေါ်တက်သွားသည်နှင့် ပရိသတ်များနှင့် လောင်းကစားသမားများက ယဲ့ထျန်းလိုလူမျိုးကို ဘာလို့ စင်ပေါ်တက်ခွင့် ပေးလဲဟု မေးခွန်းထုတ်ကြသည်။ ရှုံးဖို့ တက်လာတာ သေချာနေသည် မဟုတ်ပါလော။
ပရိသတ် အများစုက ဖန်ရှောင်ဘက်တွင် ရှိနေပြီး ယဲ့ထျန်းကို ဘယ်သူမှ မယုံကြည်သလို အခြေအနေ ပြောင်းပြန်လှန်နိုင်မယ်လို့လည်း မထင်ကြပေ။
အဓိက အကြောင်းရင်းမှာ စင်ပေါ်ရှိ လူနှစ်ယောက်၏ ခန္ဓာကိုယ် ကွာခြားချက် ကြီးမားလွန်းနေခြင်းကြောင့် ယဲ့ထျန်းကို အထင်မကြီးကြခြင်း ဖြစ်သည်။
ယဲ့ထျန်း စင်ပေါ်ရောက်လာသောအခါ ဖန်ရှောင် မျက်လုံးမှေးပြီး အကဲခတ်ကြည့်လိုက်သည်။ ယဲ့ထျန်းတွင် လေ့ကျင့်ထားသော အတွေ့အကြုံ လုံးဝ မရှိကြောင်း တွေ့လိုက်ရသဖြင့် ဖန်ရှောင် ချက်ချင်း စိတ်အေးသွားသည်။
သူ ချက်ချင်း မဲ့ပြုံးပြုံးပြီး "ကောင်လေး... ဒါ ကစားစရာနေရာ မဟုတ်ဘူး။ မြန်မြန် ဆင်းသွားလိုက်၊ မဟုတ်ရင် နာပြီး ငိုနေရမယ်။ ကြည့်မကောင်းဘူးကွ" ဟု ပြောလိုက်သည်။
ဒါကို ကြားတော့ ပရိသတ်များ တဟားဟား ရယ်မောကြပြီး ဖန်ရှောင်နှင့်အတူ ယဲ့ထျန်းကို လှောင်ပြောင်ကြသည်။
ယဲ့ထျန်း ပြန်မပြောသလို ဒေါသလည်း မထွက်ပေ။ သူ့မျက်နှာထား တည်ငြိမ်နေပြီး ဒိုင်လူကြီးဘက် လှည့်ကာ အမိန့်ပေးနိုင်ကြောင်း အချက်ပြလိုက်သည်။
ယဲ့ထျန်းက သူ့ကို အဖက်မလုပ်ဘဲ ပြန်မပြောရဲဘူး ထင်ကာ ဖန်ရှောင် ပို၍ မောက်မာလာသည်။
ဖန်ရှောင် ဒေါသထွက်သွားသည်။ ဆံပင်တောင် မပေါက်သေးတဲ့ ကောင်လေးက ဒီလောက် မာနကြီးရဲတယ်ပေါ့။ နောက်ကျရင် သင်ခန်းစာ ကောင်းကောင်း မပေးရင် ယဉ်ကျေးမှု ဆိုတာ ဘာလဲ သိမှာ မဟုတ်ဘူးဟု တွေးလိုက်မိသည်။
ပရိသတ်ထဲတွင် ထိုင်နေသော ဝတ်စုံဝတ် လူငယ်က သူ့ဘေးရှိ သိုင်းဝတ်စုံနှင့် လူကို မေးလိုက်သည်။ "အစ်ကိုလော့... ဒီလူက တကယ် စွမ်းတာလား၊ ဟန်ဆောင်နေတာလား"
သူ့လေသံက လက်အောက်ငယ်သားကို ပြောသလို မဟုတ်ဘဲ သူငယ်ချင်းချင်း ပြောသလိုမျိုး ဖြစ်သဖြင့် တာအိုဝတ်စုံနှင့် လူသည် သာမန်မဟုတ်ကြောင်း သိသာသည်။
ဒါကို ကြားတော့ တာအိုဝတ်ရုံနှင့် လူက ယုံကြည်မှုရှိရှိ တည်ငြိမ်စွာ နေလိုက်သည်။ ချန်ဖေးလို ဟယ်ဒိုင်လီကို ကြောက်ရွံ့နေသည့် ပုံစံမျိုး မဟုတ်ပေ။
သူ့အကြည့်က ယဲ့ထျန်းအပေါ် ရောက်သွားပြီး ပြောလိုက်သည်။ "ဒီလူ သိုင်းပညာ လေ့ကျင့်ထားတဲ့ လက္ခဏာ လုံးဝ မတွေ့ဘူး"
"သူ့အနေအထားက သာမန်လူနဲ့ ဘာမှ မခြားဘူး။ စောစောက ချန်ဖေးလောက်တောင် သန်မာမယ် မထင်ဘူး"
"ဒါဆို ဟယ်ဒိုင်လီ ဒီတစ်ခါ အကြီးအကျယ် မျက်နှာကွဲတော့မှာပေါ့" ဝတ်စုံဝတ် လူငယ်က တာအိုဝတ်ရုံနှင့် လူ၏ ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။
သူ တခြားလူကို မယုံရင်တောင် ဒီတာအိုဝတ်ရုံနှင့် လူ၏ စကားကိုတော့ လုံးဝ ယုံကြည်သည်။
စင်မြင့်ပေါ်တွင် ဒိုင်လူကြီး အမိန့်ပေးလိုက်ပြီး ပွဲ တရားဝင် စတင်လိုက်သည်။
ချန်ဖေးနှင့် တိုက်ခိုက်တုန်းက သတိထားခဲ့သလို မဟုတ်ဘဲ ဒီတစ်ခါ ဖန်ရှောင်က အရင် စတင် တိုက်ခိုက်လိုက်သည်။
သူ့အမြင်တွင် ယဲ့ထျန်းသည် သာမန်လူတစ်ယောက်သာ ဖြစ်ပြီး လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးနိုင်သဖြင့် ချန်ဖေးနှင့် တိုက်တုန်းကလို သတိထားနေစရာ မလိုပေ။
ဖန်ရှောင် တိုက်ခိုက်လာသော်လည်း ယဲ့ထျန်း မလှုပ်မယှက် ရပ်နေဆဲ။
ဘေးလူများ အမြင်တွင် သူ ကြောက်လွန်း၍ မလှုပ်ရဲတော့ဟု ထင်မြင်ကြပြီး ပရိသတ်များက လှောင်ပြောင် အော်ဟစ်လာကြသည်။
ပေါင်ယွိက ကျေနပ်အားရစွာဖြင့် ဟယ်ဒိုင်လီကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ "သခင်လေးဟယ်... ဒီလူက ဖိအားအောက်မှာ တကယ် တည်ငြိမ်တာပဲ။ မင်း လူရွေးမှန်တယ်ကွ။ ဟားဟားဟား..."
ဒါက သိသိသာသာ လှောင်ပြောင်နေခြင်း ဖြစ်ပြီး ဘေးလူများကလည်း ထောက်ခံကြသည်။
"ဟားဟား... ဟုတ်တယ်၊ ဟုတ်တယ်၊ သူ တကယ် တည်ငြိမ်တာပဲ။ လက်သီးက မျက်နှာနား ရောက်နေပြီ၊ တစ်လက်မတောင် မရွေ့ဘူး။ စစ်သူကြီး တစ်ယောက်ရဲ့ ဟိတ်ဟန်မျိုးပဲ"
"ဟုတ်တာပေါ့... တော်တော် စတိုင်လ်ကျတာပဲ။ နောက်ကျရင် ရပ်မနေနိုင်တော့ဘူး ဆိုတာ သိချင်သေးတယ်၊ ဟားဟား..."
ဒီလို လှောင်ပြောင်ခံရသဖြင့် ဟယ်ဒိုင်လီ ဒေါသကြောင့် အံကြိတ်ထားမိသည်။ စင်ပေါ်တွင် 'မှင်သက်နေသော' ယဲ့ထျန်းကို ကြည့်ရင်း "သောက်ကောင်စုတ်လေး... ငါ့ကို လူရှေ့သူရှေ့ အရှက်ခွဲတယ်" ဟု တွေးလိုက်မိသည်။
စောစောက စကားကြီးစကားကျယ် ပြောနေတုန်းက တကယ် စွမ်းရည်ရှိမယ် ထင်ခဲ့တာ။ နောက်ကျရင် ဒီကောင်ကို သေချာပေါက် ပညာပေးရမယ်။
ဪ... ပြီးတော့ ချန်ဖေးကိုပါ ပညာပေးရမယ်။ သူသာ အာမမခံရင် ငါ ယဲ့ထျန်းကို ပေးဝင်ပြိုင်မှာ မဟုတ်ဘူး။
အခုတော့ ဟယ်ဒိုင်လီက ချန်ဖေးကိုပါ အငြိုးထားလိုက်ပြီ။
ရလဒ်က သေချာနေပြီဟု အားလုံး ထင်နေချိန်တွင် နောက်ဆက်တွဲ ဖြစ်ပျက်သွားသည့် အရာက မျက်လုံးပြူးမတတ် အံ့သြသွားစေခဲ့သည်။ မျက်လုံးအိမ်ထဲက မျက်လုံးများ ပြုတ်ကျလာမတတ် ဖြစ်သွားကြသည်။
မျက်နှာနား ရောက်လာသော ဖန်ရှောင်၏ လက်သီးကို ရင်ဆိုင်ရာတွင် ယဲ့ထျန်း ရှောင်တိမ်းခြင်း မပြုပေ။ အစား နှောင့်ယှက်နေသော ယင်ကောင်တစ်ကောင်ကို မောင်းထုတ်လိုက်သလို စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သည်။ ထိုလက်ဝှေ့ယမ်းမှုက ဖန်ရှောင်၏ လက်သီးတည့်တည့်ကို ထိမှန်သွားသည်။
ဒုန်းခနဲ အသံနှင့်အတူ ဖန်ရှောင်၏ အထင်သေးမှုများ ချက်ချင်း အေးခဲသွားသည်။ ကုန်တင်ကားကြီးတစ်စီး သူ့လက်ကို ဝင်တိုက်လိုက်သလို ခံစားလိုက်ရသည်။
တားဆီးမရနိုင်သော အင်အားတစ်ခု ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်တက်သွားစေကာ လွင့်ထွက်သွားစေသည်။
ကြိုးပြတ်သွားသော စွန်တစ်ကောင်လို လွင့်ထွက်သွားပြီး စင်အောက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားသည်။ ခွေးသေတစ်ကောင်လို မလှုပ်မယှက် လဲလျောင်းနေတော့သည်။
တိတ်ဆိတ်ခြင်း... သေလောက်အောင် တိတ်ဆိတ်ခြင်း။
အားလုံး မျက်လုံးပြူးပြီး ကြည့်နေကြသည်။ ဘယ်သူမှ အသံမထွက်ရဲကြ။ ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။
ထို့နောက် တစ်စုံတစ်ယောက်က တံတွေးမျိုချလိုက်သံ ထွက်ပေါ်လာမှ ရပ်တန့်နေသော ကမ္ဘာကြီး ပြန်လည် လှုပ်ရှားလာသည်။
လူတိုင်း ဘာဖြစ်သွားမှန်း သဘောပေါက်လိုက်ပြီး မယုံကြည်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။
"သောက်ကျိုးနည်း... ငါ သရဲ မြင်လိုက်တာလား။ ဘာဖြစ်သွားတာလဲ"
"ငါ ဘာမြင်လိုက်တာလဲ။ လက်တစ်ချက် ဝှေ့လိုက်ရုံပဲလား။ ယင်ကောင် မောင်းထုတ်သလို လက်ဝှေ့လိုက်တာနဲ့ ဖန်ရှောင် လွင့်ထွက်သွားတာလား"
"ဒါ... ဒါ လူ ဟုတ်ရဲ့လား။ ဘုရားရေ... မယုံနိုင်စရာပဲ"
...
ဒီအလှည့်အပြောင်းက ရုတ်တရက်ဆန်လွန်းသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။ စိတ်ခံစားချက် အပြောင်းလဲဆုံး လူကတော့ ဟယ်ဒိုင်လီပင်။ ဒေါသထွက်နေသော မျက်နှာထားမှ အံ့သြဝမ်းသာသော မျက်နှာထားသို့ ချက်ချင်း ပြောင်းလဲသွားသည်။
သူ သုံးပေလောက် မြှောက်တက်သွားအောင် ခုန်လိုက်ပြီး ရှေ့နောက်မညီသော စကားများ အော်ပြောလိုက်သည်။ "သောက်ကျိုးနည်း..."
"ဒါ ကျွမ်းကျင်သူ အဆင့် မဟုတ်တော့ဘူး။ ပြိုင်ဘက်ကင်း ဆရာတစ်ဆူ မဟုတ်ရင် ငါ အီးစားပြမယ်။"
"ဘုရားရေ... ဘုရားရေ... ဒီလို ဆရာတစ်ဆူကို ရှာတွေ့တာ ငါ တော်တော် ကံကောင်းတာပဲ၊ ဟားဟားဟား..."
ဟယ်ဒိုင်လီ၏ ပျော်ရွှင်မှုနှင့် ဆန့်ကျင်ဘက်တွင် ယဲ့ထျန်းကို အမြဲတမ်း နှိမ်ချနေသော ပေါင်ယွိနှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အီးစားထားရသလို မျက်နှာထားများ ဖြစ်နေကြသည်။
မြို့ထဲတွင် နာမည်ကြီး ဆန်ဒါကစားသမား ဖန်ရှောင်ကို ဒီလို ပိန်ပိန်ပါးပါး ကောင်လေးက လက်တစ်ဖက် ဝှေ့လိုက်ရုံနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူ ယုံမှာလဲ။
ဒါ... ဒါက လုံးဝ တခြားအဆင့်ပဲ။
အခုအချိန်မှာ ပရိသတ်ထဲက ဘယ်သူက ယဲ့ထျန်းကို လှောင်ရဲတော့မှာလဲ။
လှောင်ရဲဖို့ နေနေသာသာ၊ ယဲ့ထျန်းကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို ကြည့်နေကြသည်။
အထူးသဖြင့် လောင်းကစားသမားများမှာ အခြေအနေကို မှားယွင်းစွာ သုံးသပ်မိခဲ့သဖြင့် နောင်တရနေကြသည်။ ဒီလို အလှည့်အပြောင်း ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။
ဒီတစ်ခါ လောင်းကစားသမား အများအပြား အကြီးအကျယ် ရှုံးနိမ့်သွားကြပြီး ဖန်ရှောင့်ကို မုန်းတီးသွားကြသည်။ အရင်က ပိုက်ဆံနိုင်တုန်းက ပျော်ရွှင်ခဲ့တာတွေကို မေ့သွားကြပြီ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: