စင်အောက်တွင် ရှိနေသော ဝတ်စုံဝတ် လူငယ်က သိုင်းဝတ်စုံနှင့် လူကို လှမ်းကြည့်လိုက်သည်။ စကားမပြောသော်လည်း သူ့အကြည့်ထဲတွင် မေးခွန်းထုတ်မှုများ ပါဝင်နေသည်။

တာအိုဝတ်ရုံနှင့် လူသည် စင်ပေါ်မှ ယဲ့ထျန်းကို အံ့သြစွာ ကြည့်နေပြီး "ဒီကောင် မရိုးဘူး... သူက တမင် အားနည်းချင်ယောင်ဆောင်ပြီး တခြားသူတွေကို လှည့်စားလိုက်တာပဲ။ သူ့ကို သွားတွေ့မှ ဖြစ်မယ်" ဟု တွေးလိုက်မိသည်။

ဝတ်စုံဝတ် လူငယ်က အဖြေမရသော်လည်း ဂရုမစိုက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ချန်ဖေးမှာတော့ ပြုံးဖြဲဖြဲ ဖြစ်နေသည်။ ရလဒ်ကို အံ့သြပုံမရပေ။ သို့သော် ယဲ့ထျန်းက ဒီလောက် ပြတ်ပြတ်သားသား အနိုင်ယူလိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် သူ့ရန်သူတော်ကို ဖြိုလှဲလိုက်သည်လေ။

စောစောက သူ ယဲ့ထျန်းနိုင်မည်ဘက်မှ လောင်းကြေးထပ်ထားခဲ့သည်။ ယဲ့ထျန်းက ရေပန်းမစားသူ ဖြစ်နေသဖြင့် လောင်းကြေးနှုန်းမှာ တစ်ဆ လောင်းလျှင် ဆယ်ဆရမည့် အခြေအနေ ဖြစ်သည်။

အခုတော့ ယွမ် ၃ သောင်းကနေ ယွမ် ၃ သိန်း ဖြစ်သွားခဲ့ပြီ။

ယဲ့ထျန်း ဖန်ရှောင့်ကို ဖြေရှင်းပြီးသည်နှင့် စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ပိုင်ရှင်အနေဖြင့် လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် ဟိတ်ဟန်ထုတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အမှတ် ၂၀ တိုးလာပါသည်"

"တင်း... ပိုင်ရှင်သည် လွှမ်းမိုးခြယ်လှယ်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်ပြီး ပရိသတ်တစ်ခွင်လုံးကို မှင်သက်သွားစေခဲ့ပါသည်။ အပိုဆုကြေး အမှတ် ၅၀ ရရှိပါသည်"

ဆက်တိုက် ထွက်ပေါ်လာသော အသိပေးသံများကြောင့် ယဲ့ထျန်း ဝမ်းသာသွားသည်။ ဒီလို မမျှော်လင့်ထားသော အကျိုးအမြတ် ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

စိတ်ထဲတွင် ဝမ်းသာနေသော်လည်း ယဲ့ထျန်းက အပြင်ပန်းတွင် တည်ငြိမ်နေဆဲ ဖြစ်သည်။ စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် အေးဆေးတည်ငြိမ်ပြီး နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှု အငွေ့အသက်များ ထွက်ပေါ်နေသည်။

"ဆရာ... ခင်ဗျား တကယ်ကို အံ့သြစရာ ကောင်းတာပဲဗျာ။ စောစောက လက်ဝှေ့ယမ်းလိုက်တာက တကယ့်ကို ကြည့်ကောင်းလွန်းတယ်"

ယဲ့ထျန်းကို အထင်သေးခဲ့သော ဟယ်ဒိုင်လီသည် ယခုအခါ တောက်ပသော အပြုံးဖြင့် အမြန် နှုတ်ဆက်နေတော့သည်။

ယဲ့ထျန်းက ဒီလူနှင့် စကားမပြောချင်သဖြင့် ဂရုမစိုက်စွာ ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။

သူ လှည့်ထွက်ရန် ပြင်လိုက်သည်။ ဒီနေရာမှာ ဆက်နေချင်စိတ် မရှိတော့။ သူ မကြာသေးမီက ရရှိထားသော လက်ဆောင်အိတ်ငယ်ကို ဖွင့်ကြည့်ပြီး ဘာတွေပါမလဲ ဆိုတာ သိချင်နေပြီ။

"ဆရာ... အစ်ကို... ဆရာအစ်ကို... ခဏလေး နေပါဦး။ ခင်ဗျားကို ကျွန်တော့်အတွက် ဆက်ကစားပေးစေချင်လို့ပါ။ ဒီလိုလုပ်ပါလား... ပွဲထွက်ကြေး တစ်ပွဲကို ယွမ် ၁ သိန်း ပေးပါ့မယ်"

ဟယ်ဒိုင်လီက ယဲ့ထျန်း၏ ရှေ့ကို ပိတ်ရပ်ပြီး စည်းရုံးနေသည်။

ယဲ့ထျန်းက နှာမှုတ်လိုက်ပြီး "ငါက သိုင်းပညာရဲ့ အထွတ်အထိပ်ကိုပဲ လိုလားတာ။ ငွေကြေးနဲ့ အာဏာဆိုတာ ငါ့အတွက် လေထဲက တိမ်တိုက်တွေလိုပဲ၊ ငါ့အချိန်ကို ပေးရလောက်တဲ့ အရာတွေ မဟုတ်ဘူး"

"ငါ အရင်က ပြောခဲ့သလိုပဲ၊ ချန်ဖေးကြောင့်သာ ငါ ဝင်ပါခဲ့တာ"

"တကယ် အရည်အချင်းရှိတဲ့ ပြိုင်ဘက်ကို ရှာပေးနိုင်မှသာ ငါ စိတ်ဝင်စားကောင်း စိတ်ဝင်စားလိမ့်မယ်။ မဟုတ်ရင်တော့ မေ့လိုက်တော့"

ဒါကို ကြားတော့ ဟယ်ဒိုင်လီ စကားမပြောနိုင် ဖြစ်သွားသည်။

သူတင်မကဘဲ ဘေးနားရှိ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ယဲ့ထျန်းကို ငွေများများပေးပြီး စည်းရုံးချင်နေကြသော လူများလည်း ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ကြရသည်။

ငွေကြေးနှင့် အာဏာကို တိမ်တိုက်တွေလို သဘောထားပြီး သိုင်းပညာ အထွတ်အထိပ်ကိုပဲ စိတ်ဝင်စားတယ် ဆိုပါလား။ ဒီလို ယုံကြည်ချက်မျိုး ရှိမှတော့ ဆရာတစ်ဆူလို့ ခေါ်ထိုက်ပါပေတယ်။

ထိုအချိန်တွင် လူတိုင်း လေးစားစိတ်များ ဖြစ်ပေါ်လာကြသည်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ပိုင်ရှင်အနေဖြင့် မြင့်မြတ်သော ပုံစံဖြင့် ဟိတ်ဟန်ထုတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အမှတ် +၂၀"

ယဲ့ထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ချန်ဖေးကို ပြောလိုက်သည်။ "သွားကြစို့... ဒီမှာ ငါ့အချိန်ပေးရလောက်တဲ့ လူ မရှိဘူး"

တကယ့်ကို မာနကြီးလိုက်တာ။ ဒီနေရာမှာ ရှိနေတဲ့ လူအကုန်လုံးကို လုံးဝ လျစ်လျူရှုလိုက်တာပဲ။ ဒီမှာ လက်ဝှေ့သမားတွေ အများကြီး ရှိသေးတယ်၊ မယှဉ်ပြိုင်ရသေးတဲ့သူတွေ အများကြီးပဲ။

ဒါပေမဲ့ ဖန်ရှောင်ရဲ့ အဖြစ်ဆိုးကို တွေးမိပြီး ယဲ့ထျန်းရဲ့ လက်တစ်ဖက်တည်းနဲ့တောင် မခံနိုင်ခဲ့တာကို ပြန်သတိရသွားတော့ ဘယ်သူမှ အသံမထွက်ရဲကြပေ။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် +၁၀"

လူတိုင်း၏ တုံ့ပြန်မှုကို လျစ်လျူရှုကာ ယဲ့ထျန်း လှည့်ထွက်သွားသည်။ ချန်ဖေးလည်း အနောက်မှ ကပျာကယာ လိုက်ပါသွားသည်။

ထိုအချိန်တွင် ဝတ်စုံဝတ် လူငယ်ဘေးမှ တာအိုဝတ်ရုံနှင့် လူက ပြောလိုက်သည်။ "မင်းက သန်မာပေမယ့် တခြားလူတွေကို အထင်သေးလောက်တဲ့အထိတော့ မာနမကြီးသင့်ဘူး ထင်တယ်"

"စောစောက မင်းရဲ့ တိုက်ကွက်က အထင်ကြီးစရာ ကောင်းပေမယ့် ငါလည်း အဲ့လောက်တော့ လုပ်နိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်။ ငါ့အရည်အချင်းက မင်းရဲ့ အကူအညီကို ရယူဖို့ ထိုက်တန်မလား ဆိုတာ သိချင်မိတယ်"

ထိုလူကို ကြည့်ရင်း အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။ ဘယ်သူမှ သူ့ကို မသိကြပေ။ သူပြောတာ ကြားရတာ ဒီလူကလည်း ဆရာတစ်ဆူများလား။

ဟယ်ဒိုင်လီက ဝတ်စုံဝတ် လူငယ်ကို ကြည့်ပြီး မေးလိုက်သည်။ "လုပိုင်... ဒါ မင်းဖိတ်ထားတဲ့ လူလား။ သူ့လေသံ ကြည့်ရတာ သူကလည်း ဆရာတစ်ဆူပဲ ထင်တယ်"

ယဲ့ထျန်း၏ အဖြစ်အပျက်ကို သင်ခန်းစာ ယူထားကြသဖြင့် အချို့လူများက သံသယ ဝင်နေကြသော်လည်း ကံကောင်းစွာဖြင့် ဘယ်သူမှ ထုတ်မပြောရဲကြပေ။ မှားသွားရင် မျက်နှာကွဲမှာ စိုးရိမ်လို့ ဖြစ်သည်။

လုပိုင် ထိုင်ခုံမှ ထရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ငါက ဒီလိုလူမျိုးကို လက်အောက်ငယ်သား အဖြစ် လက်မခံနိုင်ပါဘူး။ သူက ငါ့သူငယ်ချင်း အရင်းပါ"

"ဒီနေ့ ငါနဲ့အတူ ပွဲလာကြည့်တာ။ ဒီလို ကျွမ်းကျင်တဲ့ ပြိုင်ဘက်ကို တွေ့လိုက်ရတော့ သူ လက်ယားလာပြီး စမ်းသပ်ချင်သွားတာ နေမှာ"

ထိုအချိန်တွင် တာအိုဝတ်ရုံနှင့် လူက ဖြည်းညှင်းစွာ လျှောက်လာပြီး ယဲ့ထျန်းကို ပြောလိုက်သည်။ "ငါက လော့ဝေပါ။ ထျန်းလုံ သိုင်းသင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး လွမ်ထျန်းလုံရဲ့ တပည့်ကြီးပါ။ မင်းနာမည် ဘယ်သူလဲ မေးလို့ ရမလား"

ဒီစကားတွေက တော်တော်လေး အဆင့်အတန်း ရှိပုံပေါက်နေသဖြင့် ဘေးလူများက လော့ဝေကို တကယ် အစွမ်းထက်မည်ဟု ထင်သွားကြသည်။

သို့သော် ထိုနေရာရှိ ချမ်းသာသော လူငယ်လေးများအတွက်တော့ မိုးကြိုးပစ်ချလိုက်သလိုပင်။ သူတို့အားလုံး လော့ဝေကို အံ့သြတကြီး ကြည့်လိုက်ကြသည်။

သာမန် ပရိသတ်များနှင့် မတူဘဲ သူတို့က ထျန်းလုံ သိုင်းသင်တန်းကျောင်း ပိုင်ရှင်ကို ကောင်းကောင်း သိကြသည်။ သူတို့ အဖေတွေတောင် လေးလေးစားစား ဆက်ဆံရသူ ဖြစ်သည်။

လော့ဝေက လွမ်ထျန်းလုံ၏ တပည့်ကြီး ဖြစ်ကြောင်း သူတို့ ကြားဖူးသော်လည်း တစ်ခါမှ မဆုံဖူးကြပေ။

အခုတော့ လူကိုယ်တိုင် ရောက်နေပြီ ဖြစ်ရာ ချမ်းသာသော လူငယ်လေးများ မည်သူမျှ မပေါ့ဆရဲကြပေ။ အားလုံး လေးစားသမှု ပြသကြပြီး မျက်နှာလိုမျက်နှာရ လုပ်ချင်နေကြသည်။

ဟယ်ဒိုင်လီ၏ မျက်လုံးများ လှုပ်ရှားသွားပြီး ယဲ့ထျန်းကို ချက်ချင်း ပြုံးပြကာ ဖားလိုက်သည်။ "ဆရာ... ဆရာက လက်ရည်စမ်းဖို့ ဆရာကောင်း ရှာနေတာ မဟုတ်လား"

"ဒီ လော့ဝေက ထျန်းလုံ သိုင်းသင်တန်းကျောင်းရဲ့ ထိပ်တန်း တပည့်ကြီးလေ။ သူက ဆရာနဲ့ လက်ရည်စမ်းဖို့ အရည်အချင်း ပြည့်မီမှာ သေချာတယ်"

ဒါကို ကြားတော့ လူငယ်လေးများ အသက်အောင့်ထားလိုက်ကြသည်။ ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို မျှော်လင့်နေကြသည်။

သို့သော် အားလုံး အံ့သြသွားအောင်ပင် ယဲ့ထျန်းက ခေါင်းပင် လှည့်မကြည့်ဘဲ အေးစက်စက် ပြောလိုက်သည်။

"ငါနဲ့ လက်ရည်စမ်းချင်တာလား။ မင်းရဲ့ အခြေခံလောက်ပဲ ရှိသေးတဲ့ စွမ်းရည်နဲ့ ငါ့ကို ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိသေးဘူး"

"ငါ စောစောက ပြောခဲ့သလိုပဲ၊ ဒီမှာ ငါ့အချိန်ပေးရလောက်တဲ့လူ မရှိဘူး။ မင်းလည်း အပါအဝင်ပဲ"

"မင်းကို ထားလိုက်ပါဦး... မင်းဆရာတောင် ငါ့ကို လှုပ်ရှားလာအောင် လုပ်နိုင်ဖို့ အရည်အချင်း ရှိချင်မှ ရှိမှာ"

ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားပြီး လှည့်မကြည့်ဘဲ ဆက်လျှောက်သွားတော့သည်။

"ရှီး..."

ဒီစကားတွေကြောင့် လူတိုင်း အံ့သြလွန်းလို့ အသက်ရှူမှားသွားကြသည်။ မျက်နှာများတွင် ထိတ်လန့်မှုများ ပေါ်လာသည်။ ယဲ့ထျန်း၏ ကြွားလုံးက လွန်လွန်းနေပြီဟု ခံစားလိုက်ရသည်။

ယဲ့ထျန်းက သူ့အင်အားကို ပြသခဲ့ပြီး ကြောက်စရာကောင်းလောက်အောင် သန်မာသည် မှန်သော်လည်း လော့ဝေသည်လည်း သာမန်လူ မဟုတ်ပေ။

သူ့ကိုယ်ပိုင် စွမ်းရည်ကို ထားလိုက်၊ သူ့ဆရာ လွမ်ထျန်းလုံက ကျန်းလင်းမြို့ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်တာ သေချာသည်။

သူက ကျန်းနင်းမြို့မှာ ထျန်းလုံ သိုင်းသင်တန်းကျောင်းကို ဖွင့်လာတာ နှစ် ၂၀ နီးပါး ရှိပြီ။ မရေမတွက်နိုင်သော ဆရာသမားများ လာရောက် စိန်ခေါ်ခဲ့ကြသော်လည်း ဘယ်တုန်းကမှ မရှုံးဖူးခဲ့ပေ။

အဲ့ဒီအထဲမှာ နိုင်ငံအဆင့် တိုက်ခိုက်ရေး ကျွမ်းကျင်သူတွေ၊ အငြိမ်းစား အထူးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်ပက ကျွမ်းကျင်သူတွေ အများကြီး ပါဝင်တယ်။

ဒါက လွမ်ထျန်းလုံ ဘယ်လောက် စွမ်းအားကြီးကြောင်း ပြသနေသည်။

ဒီလို ဆရာတစ်ဆူက တစ်မြို့လုံးမှာ နာမည်ကြီးပြီး အဆက်အသွယ်တွေလည်း များသည်။ နိုင်ငံရေးနှင့် စီးပွားရေးလောကမှ ပုဂ္ဂိုလ်များပင် သူ့ကို တွေ့လျှင် မျက်နှာသာ ပေးရသည်။

လွမ်ထျန်းလုံ၏ တပည့်ကြီး တစ်ယောက်အနေဖြင့် လော့ဝေတွင် သူ့အဆင့်အတန်းနှင့် လိုက်ဖက်သော အင်အား ရှိနေသည်။ လူငယ်မျိုးဆက်သစ်များကြားတွင် ထူးချွန်သူ ဖြစ်တာ သေချာသည်။ မဟုတ်ရင် လွမ်ထျန်းလုံရဲ့ တပည့်ကြီး ဖြစ်လာစရာ အကြောင်းမရှိဘူး။

ယဲ့ထျန်းရဲ့ စကားတွေက တကယ်ပဲ မောက်မာလွန်းနေသည်။

လော့ဝေရဲ့ သိုင်းပညာက သူ့ရှေ့မှာ သာမန်ပဲ ရှိတယ်လို့ ပြောရုံတင်မကဘူး၊ လွမ်ထျန်းလုံတောင် သူ့ကို လှုပ်ရှားစေဖို့ အရည်အချင်း မရှိဘူးလို့ တဲ့တိုး ပြောလိုက်တာက ဒေါသထွက်စရာ ကောင်းလွန်းသည်။

မျှော်လင့်ထားသည့်အတိုင်း လော့ဝေ ဒေါသထွက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ငါက မင်းကို ဆရာတစ်ဆူ အနေနဲ့ လေးစားလို့ သိုင်းပညာရှင်ချင်း ထားသင့်တဲ့ ယဉ်ကျေးမှုနဲ့ မင်းနာမည်ကို မေးခဲ့တာ"

"မင်း ဒီလောက် မောက်မာမယ်လို့ ထင်မထားခဲ့ဘူး။ ငါ့ကို စော်ကားရုံတင်မကဘူး၊ ငါ့ဆရာကိုပါ ပေါက်ကရတွေ ပြောပြီး စော်ကားရဲတယ်။ တကယ့်ကို သည်းခံလို့ မရတော့ဘူး"

"ဒီနေ့ ငါ့ဆရာ ကိုယ်စား မင်းဆီကနေ ပညာယူရမယ်။ မင်းမှာ ဒီလိုစကားမျိုး ပြောရဲလောက်တဲ့ ယုံကြည်မှု ရှိလား ဆိုတာ ကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် လော့ဝေ လှုပ်ရှားလိုက်သည်။ ဘယ်သူမှ မမြင်လိုက်ခင်မှာပင် ယဲ့ထျန်း၏ အနောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယဲ့ထျန်းက သူ့နောက်မှ လော့ဝေ၏ စကားကို မကြားသလိုပင် ခေါင်းမလှည့်ဘဲ ဆက်လျှောက်နေသည်။

လော့ဝေ၏ ဒေါသများ ပိုမို ပြင်းထန်လာသည်။ ယဲ့ထျန်း၏ အပြုအမူက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး သူ့ရင်ထဲတွင် အရှက်ရမှုများ ပြည့်နှက်လာသည်။

သူကသာ တခြားသူတွေကို အမြဲ အထင်သေးခဲ့တာ၊ ဘယ်သူကမှ သူ့ကို အထင်သေးတာ မခံဖူးဘူး။

ဒီနေ့ မင်း ငါ့ကို ဒီလောက် အထင်သေးရဲမှတော့ ငါ မင်းကို သင်ခန်းစာ ပေးရမယ်။

ဒေါသကြောင့် လော့ဝေသည် သေစေနိုင်သော တိုက်ကွက်တစ်ခုကို ထုတ်သုံးလိုက်မိသည်။ သူ့ညာလက်သည် တိရစ္ဆာန်လက်သည်းကဲ့သို့ ကွေးသွားပြီး ပြင်းထန်သော လေတိုးသံနှင့်အတူ ယဲ့ထျန်း၏ လည်ဂုတ်ရိုးဆီသို့ တည့်တည့် ဝင်ရောက်သွားသည်။

အရှိန်အဝါအရ ကြည့်လျှင် ဒီလက်သည်းဖြင့် အဖမ်းခံလိုက်ရပါက ကံကောင်းလျှင် အကြောသေသွားနိုင်ပြီး ကံဆိုးလျှင် နေရာတင် သေသွားနိုင်သည်။ တကယ့်ကို ရက်စက်ပြတ်သားသော တိုက်ကွက်ပင်။

လော့ဝေက ဒေါသထွက်လွန်းလို့ စိတ်လွတ်ပြီး လူသတ်ချင်နေတာ မဟုတ်ပါဘူး။ ယဲ့ထျန်းက ဒီလို သေစေနိုင်တဲ့ တိုက်ကွက်ကို သေချာပေါက် ရှောင်တိမ်းနိုင်လိမ့်မယ်လို့ သူ ယုံကြည်နေလို့ပါ။

ယဲ့ထျန်းက တော်တော် သန်မာမှန်း သိထားသလို၊ ယဲ့ထျန်းကို သင်ခန်းစာ ပေးချင်တာကြောင့် အားမလျှော့ဘဲ သေစေနိုင်တဲ့ တိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

လက်သည်းကုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းက ယဲ့ထျန်း၏ ဆံပင်များကို ဝဲပျံသွားစေသော်လည်း ယဲ့ထျန်းက မတုံ့ပြန်သေးပေ။ သတိမထားမိသလိုပင်။

လော့ဝေ၏ မျက်လုံးများ စူးရှသွားသော်လည်း တိုက်ကွက်ကို ပြောင်းလဲရန် အချိန်မရှိတော့။ သူ့လက်သည်းချွန်ချွန်များသည် ယဲ့ထျန်း၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းပြင်း ကျရောက်သွားသည်။

ကျွီ...

အား...

ပထမဆုံး ကြားလိုက်ရသည်မှာ ကျောက်သင်ပုန်းကို လက်သည်းဖြင့် ကုတ်လိုက်သလို စိတ်မချမ်းမြေ့ဖွယ် အသံဖြစ်သည်။ ထို့နောက် တိုးညှင်းသော အရိုးကျိုးသံ ထွက်ပေါ်လာပြီး ရုတ်တရက် ကျယ်လောင်သော အော်သံကြောင့် ဖုံးလွှမ်းသွားသည်။

အားလုံးက ယဲ့ထျန်း ဒုက္ခရောက်ပြီဟု ထင်လိုက်ကြသည်။ သူ ဟိတ်ဟန်ထုတ်တာ လွန်သွားပြီး လော့ဝေ လက်ချက်မိသွားပြီဟု တွေးလိုက်ကြသည်။

အထူးသဖြင့် ပေါင်ယွိက အလွန် ဝမ်းသာနေသည်။ ယဲ့ထျန်းက သူဖိတ်ထားသော ဖန်ရှောင့်ကို အနိုင်ယူပြီး သူ့ကို အရှက်ခွဲခဲ့သည်။ အခု လော့ဝေက ယဲ့ထျန်းကို ပညာပေးလိုက်ပြီ ဖြစ်၍ သူ သဘာဝကျစွာပင် ပျော်ရွှင်နေသည်။

ဒါကို တွေးပြီး သူ အမြန် လှမ်းကြည့်လိုက်သည်။ သူ့ကို မျက်နှာပျက်စေခဲ့သော ကောင်လေး မည်မျှ သနားစရာ ကောင်းနေမလဲ ဆိုတာ သိချင်၍ ဖြစ်သည်။

သို့သော် မကြည့်လျှင် အကောင်းသား၊ ကြည့်လိုက်မိသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

ယဲ့ထျန်း ဒုက္ခရောက်နေတာကို မတွေ့ရဘဲ လော့ဝေက သူ့ညာလက်ကို ကိုင်ပြီး နာကျင်စွာ ညည်းညူနေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ဖြစ်ပျက်သွားသည်မှာ လော့ဝေက ယဲ့ထျန်းကို လက်သည်းဖြင့် ကုတ်လိုက်သောအခါ အုတ်ခဲ၊ ကျောက်ခဲကို ကုတ်မိတာမျိုး မဟုတ်ဘဲ သံမဏိဓားသွားကို ဆုပ်ကိုင်လိုက်မိသလို ခံစားလိုက်ရခြင်း ဖြစ်သည်။

မဟုတ်ဘူး... တိုက်တေနီယမ် သတ္တုစပ် ဓားသွားကို ဆုပ်ကိုင်လိုက်မိသလို ဖြစ်ရမယ်။ ယဲ့ထျန်းရဲ့ လည်ဂုတ်ရိုးကို ချိုးဖို့ သူ အသုံးပြုလိုက်တဲ့ အားအင်တွေ အကုန်လုံးက သူ့လက်ချောင်းတွေဆီ ပြန်ကန်ထွက်လာတယ်။

လက်သည်းသိုင်းကွက်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသော်လည်း လော့ဝေ၏ လက်ချောင်းရိုးများက တော်တော် ထူပြီး သန်မာသည်။ သို့သော် အစွမ်းကုန် အားထည့်ထားသော တိုက်ခိုက်မှု ပြန်ကန်ထွက်လာခြင်းကိုတော့ မခံနိုင်ပေ။

လက်ချောင်းရိုးများ အားကို မခံနိုင်တော့ဘဲ အကုန် ကျိုးကုန်သည်။ ကိုယ်စိုက်တာ ကိုယ်ရိတ်ရခြင်းပင်။

လက်ချောင်းများ နာကျင်နေသော်လည်း လော့ဝေ မျက်လုံးပြူးပြီး အာမေဋိတ် ပြုလိုက်သည်။ "မင်းက ပြင်ပအား သိုင်းပညာကို တတ်မြောက်ထားတာလား။ ပြီးတော့ ရွှေခေါင်းလောင်း အကာအကွယ်ကိုပါ အောင်မြင်ထားတာလား"

ထိုအချိန်တွင် ယဲ့ထျန်းက သူ့အနောက်တွင် တစ်စုံတစ်ခု ရှိနေမှန်း သိလိုက်သလို ဖြည်းညှင်းစွာ လှည့်လာသည်။ လော့ဝေကို အထင်သေးစွာ ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းက အသိဉာဏ် လုံးဝ မရှိပါလား။ ငါ့ကို တိုက်ခိုက်ချင်သေးတယ် ဟုတ်လား။ မင်းဆရာက အဲ့လို သင်ပေးလိုက်တာလား"

ဒါကို ကြားတော့ လော့ဝေ ပို၍ မယုံကြည်နိုင် ဖြစ်သွားသည်။ တစ်စုံတစ်ခုကို သဘောပေါက်လိုက်သလို သူ့နှုတ်ခမ်းများ တုန်ရီလာပြီး ပြောလိုက်သည်။ "ဒါ... ဒါက ပြင်ပအား ခန္ဓာကိုယ် ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်များလား...?"

သူ့ဆရာ ပြောပြချက်အရ ပြင်ပအား သိုင်းပညာရဲ့ ခန္ဓာကိုယ် ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ရောက်မှသာ ကျင့်ကြံနိုင်သည်ဟု ဆိုသည်။

တကယ်လို့ ဒီလူက ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူက...

ထိုအချိန်တွင် လော့ဝေ၏ ခေါင်းထဲ၌ ဗလာဖြစ်သွားသည်။ သူ မပြစ်မှားသင့်သော လူတစ်ယောက်ကို၊ မဟုတ်ဘူး... မပြစ်မှားသင့်သော ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက်ကို ပြစ်မှားမိလိုက်ပြီ ဆိုတာ သဘောပေါက်သွားသည်။

ဒီ ထိပ်တန်း ကျွမ်းကျင်သူက အရမ်း စွမ်းအားကြီးလွန်းလို့ သူ့ဆရာတောင် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မှာ။ စောစောက သူပြောခဲ့သလိုပဲ သူ့ဆရာက သူ့ကို လှုပ်ရှားစေဖို့ အရည်အချင်း မရှိတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ဒါကို တွေးမိပြီး လော့ဝေ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ထို့နောက် ရှိနေသူ အားလုံး မျက်လုံးပြူးသွားစေမည့် အလုပ်တစ်ခုကို လုပ်လိုက်တော့သည်။