အပိုင်း (၁၇) - ဆရာတစ်ဆူရဲ့ စရိုက်လက္ခဏာစစ်စစ်
လက်ထဲမှ နာကျင်မှုက ပြင်းထန်နေသော်လည်း လော့ဝေက ခန္ဓာကိုယ်ကို ကိုးဆယ်ဒီဂရီအထိ ကိုင်းညွှတ်ပြီး ယဲ့ထျန်းကို အရိုအသေပြုလိုက်သည်။ လက်အုပ်ချီပြီး ပြောလိုက်သည်။ "စီနီယာ... ကျွန်တော် မျက်စိကန်းပြီး စီနီယာ့ရဲ့ ကြီးမြတ်မှုကို မသိခဲ့မိပါဘူး။ ပြစ်မှားမိတာ ခွင့်လွှတ်ပေးပါ"
အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။ စောစောက ဒေါသတကြီး ဖြစ်နေသော လော့ဝေသည် ယခုအခါ ဘယ်သူ့ထက်မဆို ပို၍ ရိုသေလေးစားနေသည်။ ဒါက အတော်လေး အံ့သြစရာ ကောင်းနေပြီး အားလုံးက လော့ဝေ ဘာလုပ်နေသလဲဟု တွေးတောနေကြသည်။
တစ်ချိန်တည်းမှာပင် မျက်လုံးများ ပြူးကျယ်နေသော ပေါင်ယွိသည် သတိပြန်ဝင်လာပြီး လော့ဝေ အသုံးမကျကြောင်း တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ နာမည်ကြီးတာသာ ရှိတယ်၊ ဘာမှ သုံးစားမရတဲ့ကောင်။
ယဲ့ထျန်းက သူဖိတ်ထားသော ဖန်ရှောင့်ကို အနိုင်ယူပြီး သူ့ကို အရှက်ခွဲခဲ့သဖြင့် ဟယ်ဒိုင်လီရှေ့တွင် မောက်မာခွင့် မရတော့ပေ။ ဒါကြောင့် ယဲ့ထျန်းကို မကျေနပ်ချက်များ ရှိနေသည်။
လော့ဝေက ယဲ့ထျန်းကို ပညာပေးလိမ့်မည်၊ ဒါမှ ဟယ်ဒိုင်လီကို ပြန်နှိမ်နိုင်မည်ဟု သူ ထင်ခဲ့သည်။
မထင်မှတ်ထားဘဲ ပုံစံက လုံးဝ ပြောင်းလဲသွားသဖြင့် နားမလည်နိုင် ဖြစ်နေရသည်။
လက်မလျှော့ချင်သော ပေါင်ယွိက ရှေ့တိုးပြီး လော့ဝေကို မေးလိုက်သည်။ "အစ်ကိုလော့... ဘာဖြစ်သွားတာလဲ..."
"ပါးစပ်ပိတ်ထား... ဒါ မင်းနဲ့မဆိုင်တဲ့ကိစ္စ၊ ထွက်သွားစမ်း"
မထင်မှတ်ထားစွာပင် ပေါင်ယွိ စကားမဆုံးခင်မှာပင် ကိုးဆယ်ဒီဂရီ ဦးညွှတ်ထားသော လော့ဝေက လှည့်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။
အော်ဟစ်ပြီးနောက် သူက ခေါင်းပြန်ငုံ့ကာ ယခင် ရိုသေလေးစားမှုကို ဆက်လက် ထိန်းသိမ်းထားသည်။
လူအများရှေ့တွင် လော့ဝေ၏ ပြင်းပြင်းထန်ထန် ငေါက်ငမ်းခြင်းကို ခံလိုက်ရသဖြင့် ပေါင်ယွိ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ပြန်မပြောရဲတော့။
သူက ချမ်းသာသော ဒုတိယမျိုးဆက် ဖြစ်သော်လည်း လော့ဝေလိုလူမျိုးကို မပြစ်မှားရဲပေ။ ဒေါသကို မြိုသိပ်ပြီး အရှက်ရမှုကို ခါးစည်းခံလိုက်ရသည်။ ထို့နောက် အပြစ်အားလုံးကို ယဲ့ထျန်းအပေါ် ပုံချလိုက်သည်။
ဒီကောင်လေးသာ မရှိရင် ငါ ဒီလို လူသိရှင်ကြား အကြိမ်ကြိမ် အရှက်ကွဲရမှာ မဟုတ်ဘူး။ ငါ ပြဿနာ စရှာခဲ့မိတာကိုတော့ ထည့်မတွက်ဘူး။
ဘေးနားရှိ လုပိုင်၊ ဟယ်ဒိုင်လီနှင့် အခြားသူများလည်း သံသယများ ပြည့်နှက်နေပြီး မေးချင်နေကြသည်။
ပေါင်ယွိ အဆူခံလိုက်ရသည်ကို မြင်သောအခါ သူတို့ မမေးရဲကြတော့။ ယဲ့ထျန်းကို သံသယနှင့် လေးစားမှု ရောပြွမ်းနေသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
လော့ဝေတောင်မှ ယဲ့ထျန်းကို "စီနီယာ" ဟု လေးလေးစားစား ခေါ်နေမှတော့ ယဲ့ထျန်း၏ အဆင့်အတန်းက သာမန် မဖြစ်နိုင်ပေ။
အထူးသဖြင့် တစ်ညလုံး စိတ်ခံစားချက် အတက်အကျများ ဖြစ်နေသော ဟယ်ဒိုင်လီသည် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာပြီး ရေရွတ်လိုက်မိသည်။ "သောက်ကျိုးနည်း... ဒီည တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"
"ဘယ်ဘုရားကျောင်းက နတ်ဘုရားကြီး ဒီကို ရောက်လာတာလဲ။ ကံကောင်းလို့ ငါ သူ့ကို တဲ့တိုး မပြစ်မှားမိတာ။ မဟုတ်ရင် အဖေ သိသွားတဲ့အခါ ငါ့အရေခွံ ခွာပစ်လိမ့်မယ်"
တွေးရင်းနှင့် ဟယ်ဒိုင်လီ နဖူးမှ ချွေးစေးများကို သုတ်လိုက်မိသည်။ သူ တကယ် ကြောက်နေပြီ။
တစ်ဖက်တွင် လုပိုင်က ပို၍ နားမလည်နိုင် ဖြစ်နေသည်။ သူ့သူငယ်ချင်း ဘယ်လောက် မောက်မာကြောင်း၊ သာမန်လူတွေကို အဖက်မလုပ်ကြောင်း သူ ကောင်းကောင်း သိသည်။
အခုတော့ ဒီကောင်လေးရှေ့မှာ အလွန် ရိုသေလေးစားနေပြီး မျက်နှာမှာ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ သူ့ပုံမှန် တည်ငြိမ်သော ပုံစံနှင့် လုံးဝ မတူတော့သဖြင့် သူ ဘယ်လောက် တုန်လှုပ်နေကြောင်း ပြသနေသည်။
ဒါကို တွေးမိရင်း လုပိုင် တစ်ခုခု လွဲနေကြောင်း သတိထားမိလိုက်သည်။ သူ့ရှေ့မှ လူသည် သေချာပေါက် သာမန်မဟုတ်ကြောင်း သိလိုက်သည်။
ယခုအချိန်တွင် ယဲ့ထျန်းသည် လူတိုင်း၏ မျက်လုံးထဲတွင် နက်နဲပြီး ခန့်မှန်းရခက်သော သူတစ်ယောက် ဖြစ်နေသည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ပိုင်ရှင်အနေဖြင့် နက်နဲပြီး ခန့်မှန်းရခက်သော အဆင့်မြင့် ဟိတ်ဟန်ထုတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အမှတ် ၅၀ တိုးလာပါသည်"
စနစ်၏ အသိပေးသံကို ကြားလိုက်ရသောအခါ ယဲ့ထျန်း ကျေနပ်သွားသည်။ ဒီဟိတ်ဟန်ထုတ်ရတာ တန်သည်။
ယဲ့ထျန်းသည် အတွင်းစိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း အပြင်ပန်းတွင် မပြဘဲ အေးစက်တည်ငြိမ်သော ပုံစံကို ထိန်းသိမ်းထားသည်။ ကိုးဆယ်ဒီဂရီ ဦးညွှတ်နေဆဲ ဖြစ်သော လော့ဝေကို ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... မင်း နားလည်သွားပြီ ဆိုတော့လည်း စောစောက မင်းရဲ့ မိုက်ရူးရဲဆန်မှုကို အပြစ်မယူတော့ပါဘူး"
"မင်းဆရာဆီ ပြန်သွားပြီး ပြောလိုက်ပါ။ ရေစက်ဆုံရင် ငါ လာလည်မယ်လို့။"
လော့ဝေ ခေါင်းမမော့ရဲဘဲ ရိုသေစွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ စီနီယာ... ဆရာ့ကို သေချာပေါက် ပြောပြလိုက်ပါ့မယ်"
ယဲ့ထျန်း ခေါင်းညိတ်လိုက်သည်။ ကျန်လူများကို တစ်ချက်ပင် မကြည့်ဘဲ လှည့်ထွက်သွားသည်။
"ကောင်းောင်းပြန်ပါ စီနီယာ။ စီနီယာ့နာမည်ကို မေးခွင့်ပြုပါ" လော့ဝေ အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်။
"ယဲ့ထျန်း"
အသံက အဝေးမှ လွင့်ပျံလာသည်။ သူတို့ မော့ကြည့်လိုက်ချိန်တွင် ယဲ့ထျန်းကို မမြင်ရတော့ပေ။
လော့ဝေ ခါးကို ဖြည်းညှင်းစွာ ဆန့်လိုက်သည်။ ထုံကျဉ်ကိုက်ခဲနေသော ညာလက်ကို စမ်းကြည့်ရင်း "ယဲ့ထျန်း... ကျန်းလင်းမြို့မှာ ဒီလို ဆရာတစ်ဆူ ဘယ်တုန်းက ပေါ်လာတာလဲ" ဟု တွေးလိုက်မိသည်။
လော့ဝေ မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ လုပိုင် မနေနိုင်တော့ဘဲ ရှေ့တိုးမေးလိုက်သည်။ "အစ်ကိုလော့... ခုနက ဘာဖြစ်သွားတာလဲ။ ဘာလို့ အဲ့ဒီကောင်လေးကို ဒီလောက် ရိုသေနေရတာလဲ။ ဒါ မင်းပုံစံ မဟုတ်ပါဘူး"
လော့ဝေက သူ့ညာလက်ကို ကွေးဆန့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "လုပိုင်... ငါ ကြိုမပြောဘူးလို့ မင်း မထင်နဲ့နော်"
"နောက်နောင် စီနီယာယဲ့ကို မလေးမစား လေသံနဲ့ မပြောနဲ့။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်။"
လုပိုင် လန့်သွားသည်။ လော့ဝေ ဒီလို ခက်ထန်သော စကားမျိုး ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ မနေနိုင်ဘဲ မေးလိုက်သည်။ "ဟမ်... အဲ့ဒီကောင်လေး... အဲ... ယဲ့ထျန်းက တကယ် အဲ့လောက် စွမ်းလို့လား"
လော့ဝေ သေချာ စဉ်းစားပြီးမှ ပြောလိုက်သည်။ "စွမ်းတာလား။ စွမ်းတာထက် ပိုတယ်၊ သဘာဝလွန် အဆင့်ပဲ"
ငါ့ဆရာတောင် သူ့ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်မှာ။
"ဘာ... ဆရာကြီး လွမ်ထျန်းလုံတောင် သူ့ကို မယှဉ်နိုင်ဘူး ဟုတ်လား။ အစ်ကိုလော့... မင်း နောက်နေတာလား"
လုပိုင် အံ့သြရုံ မကတော့၊ ထိတ်လန့်တုန်လှုပ်သွားသည်။
လော့ဝေက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ "ငါ့ဆရာ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး ငါ နောက်စရာလား"
သူ ခေတ္တရပ်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ "ငါ့ကိုယ်ငါ ရှားပါး ပါရမီရှင်လို့ ထင်ခဲ့တာ။ အမြဲတမ်း ကိုယ့်ကိုယ်ကို အထင်ကြီးနေခဲ့တာ"
"ဒီနေ့ ဒီလောက် ငယ်ရွယ်တဲ့ စီနီယာတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ တကယ်ကို ရှက်စရာ ကောင်းလိုက်တာ။"
ပြောပြီးသည်နှင့် သူသည် လုပိုင်နှင့် အခြားသူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ထွက်ခွာသွားတော့သည်။
လော့ဝေ ထွက်သွားသည်ကို မြင်သောအခါ သူတို့ စကားဝိုင်းကို ကြားလိုက်ရသော ဟယ်ဒိုင်လီ ပို၍ ထိတ်လန့်သွားသည်။ ယဲ့ထျန်းက ဒီလောက် စွမ်းအားကြီးတာ၊ လော့ဝေကတောင် သူ့ဆရာကြီး လွမ်ထျန်းလုံ မယှဉ်နိုင်လောက်ဘူးလို့ ထင်နေတာပဲ။
ယဲ့ထျန်းနှင့် စတွေ့တုန်းက ငါ့ပုံစံကို ပြန်စဉ်းစားကြည့်တော့ သူ့ရဲ့ ကြီးမြတ်မှုကို မမြင်နိုင်လောက်အောင် ငါ မျက်စိကန်းခဲ့တာပဲ။
ကံကောင်းသည်မှာ သူ မောက်မာခဲ့သော်လည်း အလွန်အကျွံ မဖြစ်ခဲ့သဖြင့် ယဲ့ထျန်းနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေး ရှိနေသေးသည်။
ဟယ်ဒိုင်လီသည် ပလေးဘွိုင်း တစ်ယောက် ဖြစ်သော်လည်း မအဘူး။ ယဲ့ထျန်းနှင့် မိတ်ဆွေဖွဲ့ထားခြင်းက သူ့အနာဂတ်အတွက် အများကြီး အကျိုးရှိမည်ကို သူ သိသည်။
ဒါကို တွေးမိပြီး ထွက်သွားတော့မည့် ချန်ဖေးကို အမြန် လှမ်းဆွဲလိုက်သည်။ "ချန်ဖေး... ဒီ ယဲ့ထျန်းက မင်း အစ်ကိုကြီးလို့ ပြောတယ်နော်"
ချန်ဖေး ခေါင်းညိတ်လိုက်သည်။ "သူက ကျွန်တော့် ရည်းစားဟောင်းရဲ့ ဝမ်းကွဲအစ်ကိုလေ။ ဒါကြောင့် ကျွန်တော်လည်း အစ်ကိုကြီးလို့ ခေါ်တာ"
"ကောင်းတယ်... မင်းအစ်ကိုကြီး ဖြစ်နေရင် ပြီးတာပါပဲ။ သူ့ကို တွေ့ရင် ငါ့အတွက် ကောင်းကြောင်းလေး ပြောပေးပါဦး" ဟယ်ဒိုင်လီက ပြုံးပြီး ပြောလိုက်သည်။
ယခုအချိန်တွင် ဟယ်ဒိုင်လီ၏ ပုံစံက အရင်နှင့် မတူတော့။ အရင်လို မလေးမစား၊ ဆရာလုပ်သော ပုံစံမျိုး မဟုတ်တော့ဘဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံလာသည်။
ဟယ်ဒိုင်လီ ဒီလိုဖြစ်လာလိမ့်မည်ဟု ချန်ဖေး ထင်မထားခဲ့ပေ။ ယဲ့ထျန်းကြောင့်မှန်း သူ နားလည်လိုက်ပြီး ယဲ့ထျန်းကို ပို၍ လေးစားသွားသည်။
ဟယ်ဒိုင်လီကို စကားအများကြီး မပြောတော့ဘဲ ယဲ့ထျန်းနောက်သို့ လိုက်သွားလိုက်သည်။
တစ်ဖက်တွင် ယဲ့ထျန်းကို မုန်းတီးနေသော ပေါင်ယွိသည် ထိုစကားများကို ကြားပြီးနောက် ပို၍ မကျေမနပ် ဖြစ်လာသည်။
လော့ဝေက နာမည်ကြီးပေမယ့် တကယ်တမ်းကျတော့ အသုံးမကျတဲ့ကောင်ပဲ။ သူ ယဲ့ထျန်းကို ချီးကျူးနေတာက သူ ယဲ့ထျန်းကို မနိုင်လို့ ဖုံးကွယ်ချင်ရုံ သက်သက်ပဲ။
ယဲ့ထျန်းက တကယ် အဲ့လောက် စွမ်းတယ်ဆိုတာ ငါ မယုံဘူး။ စွမ်းရင်လည်း သိုင်းပညာရှင် တစ်ယောက်ပဲ မဟုတ်လား။
ပိုက်ဆံရှိရင် သူ့ကို ဖျက်ဆီးပစ်လို့ ရတာပဲ။
တွေးရင်းနှင့် ပေါင်ယွိ၏ မျက်လုံးများတွင် သူ့ပင်ကိုစရိုက်အမှန် ပေါ်လာသည်။
တစ်ဖက်တွင် မြေအောက် လက်ဝှေ့ကွင်းမှ ထွက်ခွာလာသော လော့ဝေသည် ကျန်းလင်းမြို့လယ်ရှိ ထျန်းလုံ သိုင်းသင်တန်းကျောင်းသို့ ရောက်ရှိလာသည်။ အားကစားကွင်းကြီး တစ်ခုစာလောက် ကျယ်ဝန်းသော အဆောက်အအုံကြီး ဖြစ်သည်။
လော့ဝေ ဝင်သွားချိန်တွင် အတွင်း၌ သိုင်းသင်တန်းသား ဒါဇင်ပေါင်းများစွာ ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။
ဒုတိယထပ် ဧည့်ခန်းသို့ ရောက်သောအခါ အဖြူရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ငြိမ်သက်စွာ ထိုင်နေသည်။ သူထံမှ ထွက်ပေါ်နေသော အရှိန်အဝါက အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ချက်ချင်း သိသာစေသည်။
သူ့မျက်နှာချင်းဆိုင်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူတစ်ယောက် ထိုင်နေပြီး "ဒါဆိုရင် သဘောတူလိုက်ပြီနော်" ဟု ပြောလိုက်သည်။
နောက် နှစ်ပတ်နေရင် ဆရာကြီးလွမ်ကို ကိုယ်တိုင် လာရောက်ပြီး ကျွန်တော်တို့ ဝန်ထမ်းတွေကို လမ်းညွှန်ပေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ပြောပြီးသည်နှင့် ထိုလူ မတ်တပ်ရပ်ကာ လွမ်ထျန်းလုံကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။
ထိုလူ ထွက်သွားပြီးနောက် လော့ဝေ တံခါးဖွင့်ဝင်လာပြီး လွမ်ထျန်းလုံကို ဦးစွာ ဦးညွှတ်လိုက်သည်။
သူ စကားမပြောရသေးခင် လွမ်ထျန်းလုံ၏ အကြည့်က သူ့ညာလက်ပေါ် ရောက်သွားပြီး မေးလိုက်သည်။ "မင်းညာလက် ဘာဖြစ်တာလဲ"
"တစ်ယောက်ယောက်နဲ့ လက်ရည်စမ်းခဲ့တာလား။ မင်းလက် ဒီလိုဖြစ်သွားတယ်ဆိုတော့ အဲ့ဒီလူ တော်တော် သန်မာမှာပဲ။"
လော့ဝေ အလျင်စလို ပြောလိုက်သည်။ "ဆရာ... ကျွန်တော် လက်ရည်စမ်းတာ မဟုတ်ပါဘူး။ ကျွန်တော် လူတစ်ယောက်ကို ရိုက်လိုက်တာ၊ အဲ့ဒါနဲ့ လက်က ဒီလို ဖြစ်သွားတာပါ"
"မင်းက လူတစ်ယောက်ကို ရိုက်လိုက်တာနဲ့ လက်က ဒီလို ဖြစ်သွားတာ ဟုတ်လား" လွမ်ထျန်းလုံ မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒီလူကလည်း သိုင်းပညာရှင်လား"
"ဟုတ်ပါတယ်၊ ပြီးတော့ ကျွန်တော် ထင်တာက သူက ခန္ဓာကိုယ် ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို တတ်မြောက်ထားတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင်လို့ ထင်ပါတယ်"
ဒီစကားကို ပြောလိုက်ချိန်တွင် လော့ဝေ၏ ပါးစပ်များ ခြောက်ကပ်နေပြီး အိမ်မက်မက်နေသလို ခံစားနေရဆဲ ဖြစ်သည်။
"ဘာ..."
ဒါကို ကြားတော့ လွမ်ထျန်းလုံ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အံ့သြတကြီး အာမေဋိတ် ပြုလိုက်သည်။ "မင်း ပြောတာ အမှန်ပဲလား"
လော့ဝေ အချိန်မဆွဲရဲတော့ဘဲ ဖြစ်ပျက်ခဲ့သမျှကို လွမ်ထျန်းလုံအား အမြန် ပြောပြလိုက်သည်။
လွမ်ထျန်းလုံ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး စဉ်းစားကာ ပြောလိုက်သည်။ "မင်းက ဒီလက်သည်းသိုင်းကွက်ကို လေ့ကျင့်လာတာ နှစ်အတော်ကြာပြီ။ မင်းရဲ့ လက်သည်းအားက တော်တော် ပြင်းထန်တယ်။ သာမန်လူတစ်ယောက်ရဲ့ ပေါင်ရိုးတောင် မင်းလက်သည်းကို ခံနိုင်မှာ မဟုတ်ဘူး"
ဒါပေမဲ့ မင်းက သူ့လည်ဂုတ်ရိုးကို ကုတ်လိုက်တာ၊ ပြန်ရလာတာက မင်းလက် ဒဏ်ရာရသွားတာ။ ဒါ ပြင်ပအား သိုင်းပညာ မဟုတ်ရင် သေချာပေါက် ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ပဲ ဖြစ်ရမယ်။
ဒီ ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ရောက်မှသာ ကျင့်ကြံလို့ ရတာ မှန်တယ်။ ဒါပေမဲ့ မင်း ခုနက ပြောလိုက်တာ အဲ့ဒီလူက အသက် ၂၀ လောက်ပဲ ရှိသေးတယ် ဆို၊ ဟုတ်လား။
လော့ဝေ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်၊ အသက် ၂၀ လောက်ပဲ ရှိသေးတာမို့လို့ ကျွန်တော် ဒီလောက် အံ့သြနေရတာပါ"
လော့ဝေ အံ့သြသွားအောင်ပင် ဒါကို ကြားလိုက်ရသောအခါ လွမ်ထျန်းလုံ၏ ယခင် လေးနက်မှုများ ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုဖြင့် အစားထိုး ဝင်ရောက်လာသည်။ "ဝေအာ... မင်း ကြောက်လွန်းလို့ စိတ်ကယောင်ကတမ်း ဖြစ်သွားပြီ ထင်တယ်"
"ဗျာ... ဆရာ... ဘာကို ဆိုလိုတာလဲ"
လော့ဝေ ကြောင်သွားပြီး နားမလည်နိုင် ဖြစ်သွားသည်။
"စဉ်းစားကြည့်စမ်း... သမိုင်းတစ်လျှောက်မှာ အသက် ၂၀ အရွယ်နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ရောက်နိုင်တဲ့သူ ဘယ်နှယောက် ရှိလို့လဲ"
ပြင်ပအား သိုင်းပညာရှင်တွေက အတွင်းအား သိုင်းပညာရှင်တွေနဲ့ မတူဘူး။ သူတို့ရဲ့ အစပိုင်း လေ့ကျင့်မှုက ချီနဲ့ သွေးကို သွေးပြီး အတွင်းအင်အား စုစည်းဖို့ အဓိကထားရတယ်။ အဲ့ဒီလုပ်ငန်းစဉ်က အချိန်နဲ့ ခွန်အား အများကြီး ပေးရတယ်။
ဒါက လူတစ်ဦးချင်းစီရဲ့ အကန့်အသတ်နဲ့ အချိန်ကန့်သတ်ချက်တွေကြောင့် ဖြစ်ပြီး အလွယ်တကူ ကျော်လွှားလို့ရတဲ့အရာ မဟုတ်ဘူး။ ဒီအရွယ်မှာ အများဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့်လောက်ပဲ ရောက်နိုင်မှာ။
ဒီနေရာမှာ လွမ်ထျန်းလုံ ခဏရပ်လိုက်ပြီး လော့ဝေကို စဉ်းစားချိန် ပေးလိုက်သည်။
သူ ဆက်ပြောသည်။ "အတွင်းအား သိုင်းပညာက ပြင်ပအား သိုင်းပညာထက် သင်ယူရ ခက်ခဲပေမယ့် ကျင့်ကြံရတာ ပိုလွယ်ကူတယ်။ ငါ လျှို့ဝှက်ကျင့်စဉ်ကို ကိုယ်တိုင် ကျင့်ကြံလာတာ အနှစ် ၂၀ ကျော်ပြီ။ အခုမှ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်တာ"
"မင်းပြောတော့ သူက ပြင်ပအား သိုင်းပညာရှင်တဲ့၊ ပြီးတော့ အသက် ၂၀ နဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေပြီတဲ့။ ဒါ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စကြီး မဟုတ်ဘူးလား"
လွမ်ထျန်းလုံ ဆက်တိုက် ပြောလိုက်သည်။ "မင်း သူ့ကို တိုက်ခိုက်တုန်းက သူက မင်းကို ဉာဏ်ရည်မမီဘူးလို့ပဲ ပြောခဲ့တာ မဟုတ်လား။ အခု ပြန်စဉ်းစားကြည့်တော့ သူက ဟန်ဆောင်ပြီး ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ရမယ်"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: