လော့ဝေက ချက်ချင်း သဘောပေါက်သွားသည်။ "ကံကောင်းလို့ ဆရာ သတိပေးလိုက်တာ။ မဟုတ်ရင် ကျွန်တော် သူ လှည့်စားတာကို တကယ် ခံလိုက်ရတော့မလို့"

"ဆရာ ပြောတာ မှန်တယ်။ အသက် ၂၀ အရွယ်နဲ့ ပြင်ပအား သိုင်းပညာရှင် တစ်ယောက်က အတွင်းအားအဆင့် ရောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ ဆရာ... ကျွန်တော် နားမလည်တာ တစ်ခု ရှိတယ်။ ကျွန်တော့်ရဲ့ လက်သည်းသိုင်းကွက်ကို သူက ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေတာလဲ"

လွမ်ထျန်းလုံက မထီမဲ့မြင် ပုံစံဖြင့် ပြောလိုက်သည်။ "ဘာလို့ဆို အဲ့ဒီလူက ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံထားတာ မဟုတ်ဘဲ မိစ္ဆာနည်းလမ်းတွေကို သုံးထားလို့ပေါ့။ ဒီလောကကြီးမှာ ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်နဲ့ တူတဲ့ မိစ္ဆာနည်းလမ်းတွေ အများကြီး ရှိတယ်"

"ဥပမာ ပြောရရင် စုန်းကဝေ မျိုးနွယ်စုရဲ့ သံမဏိအလောင်းကောင် လျှို့ဝှက်နည်းလမ်းတို့၊ အရှေ့တောင်အာရှ ဂိုဏ်းတချို့ရဲ့ လျှို့ဝှက် အောက်လမ်းပညာတွေ၊ ရှီးနျူဟယ်ကျိုးက နတ်ဆိုးတွေ၊ ပြီးတော့ အဆင့်မြင့် မျိုးရိုးဗီဇ နည်းပညာတွေတောင် ပါသေးတယ်"

"သူ့အဝတ်အစားအောက်မှာ မျိုးရိုးဗီဇ အရေခွံတစ်ထပ် ခံထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

လော့ဝေ၏ မျက်လုံးများ အရောင်တောက်လာသည်။ "ဟုတ်သားပဲ... ကျွန်တော် ဘာလို့ မစဉ်းစားမိပါလိမ့်"

"သူက ဒီလို နည်းလမ်းမှားတွေကို သုံးထားတယ်ဆိုရင် သူ့အဆင့်က မင်းနဲ့ တူတူလောက်ပဲ ရှိရင်တောင်မှ၊ မင်း လာကုတ်မယ့်အချိန်ကို စောင့်ပြီး အားကို အားချင်း ပြန်ကန်ထုတ်လိုက်ရုံနဲ့ သူက ဘာမှ မဖြစ်သလို ပုံပေါက်သွားပြီး ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည် တတ်မြောက်ထားသယောင် လှည့်စားလိုက်တာပဲ"

"ဟိုးအရင်တုန်းက စုန်းကဝေ မျိုးနွယ်စုက အလောင်းကောင် သန့်စင်သူ တစ်ယောက် ရှိဖူးတယ်။ သူ့ကိုယ်သူ သံမဏိအလောင်းကောင် အဖြစ် ပြောင်းလဲပြီး တစ်ကိုယ်လုံး သံမဏိလို မာကျောအောင် လုပ်ခဲ့ဖူးတယ်"

"သူက အဲ့ဒါကို သုံးပြီး ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည် တတ်မြောက်ထားသယောင် လူတွေကို လိမ်လည်လှည့်ဖြားခဲ့ဖူးတယ်။ နောက်ပိုင်းမှ ပေါ်သွားပြီး သိုင်းလောကသားတွေက ဒီလိုနည်းလမ်း ရှိမှန်း သိလာကြတာ"

"ပိုအရေးကြီးတာက ခန္ဓာကိုယ် ကာကွယ်ခြင်း နတ်ဘုရားစွမ်းရည်ကို တတ်မြောက်ထားခြင်းက ပြင်ပအား သိုင်းပညာရှင် တစ်ယောက်ရဲ့ အတွင်းအား အဆင့်ကို တိုင်းတာတဲ့ စံနှုန်းတွေထဲက တစ်ခုပဲ ရှိသေးတယ်။ အဲ့ဒါ တစ်ခုတည်း မဟုတ်ဘူး"

"သိုင်းပညာရှင် တစ်ယောက်က အတွင်းအား အဆင့်ကို ရောက်မရောက် ဆုံးဖြတ်ဖို့ဆိုရင် သူ့ရဲ့ ခွန်အား၊ အရှိန်နဲ့ တုံ့ပြန်မှုတွေကိုပါ ကြည့်ရတယ်"

"အတွင်းအား အဆင့်ကို ရောက်နေတဲ့ သိုင်းပညာရှင် စစ်စစ်တစ်ယောက်မှာ ကျင်းတစ်သောင်း (ကီလိုဂရမ် ၅,၀၀၀ ခန့်) အား ရှိတယ်။ အသံထက် မြန်တဲ့ အရှိန်ရှိပြီး ကျည်ဆန်တွေကိုတောင် အလွယ်တကူ ရှောင်တိမ်းနိုင်တယ်"

"ဒါကြောင့် သူက မင်းရဲ့ တိုက်ခိုက်မှုကို ခံယူလိုက်တာက သူ ဟန်ဆောင်နေတယ်ဆိုတာ သက်သေပြနေတာပဲ"

"မဟုတ်ရင် အတွင်းအား အဆင့်ရောက်နေတဲ့ ပြင်ပအား သိုင်းပညာရှင် တစ်ယောက်က ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတဲ့ မင်းရဲ့ တိုက်ခိုက်မှုကို မရှောင်နိုင်စရာ အကြောင်းမရှိဘူး"

ဒါကို ကြားပြီးနောက် လော့ဝေ ဗဟုသုတ ပိုရသွားသလို ခံစားလိုက်ရသည်။ ပြန်စဉ်းစားကြည့်တော့ သူ့ဆရာ ပြောတာ မှန်ပုံရသည်။ ယဲ့ထျန်းက လှည့်ကွက်တွေသုံးပြီး သူ့ကို ခြိမ်းခြောက်ခဲ့တာ သေချာသည်။

"သဘောပေါက်ပါပြီ ဆရာ။ ဆရာသာ လမ်းမညွှန်ရင် ကျွန်တော် လုံးဝ လမ်းမှား ရောက်သွားတော့မလို့"

"မင်းက ငယ်သေးတော့ ဒီလိုဖြစ်တာ မဆန်းပါဘူး။ ဒီ ယဲ့ထျန်း ဆိုတဲ့ကောင်က ငါ့ဆီ လာလည်ဖို့တောင် ကြံရွယ်ထားသေးတယ်ပေါ့"

"ဟွန်း... သူသာ လာရဲရင် လူသိရှင်ကြား သူ့လှည့်ကွက်တွေကို ဖွင့်ချပြီး ပညာပေးလိုက်မယ်"

"ပြီးရင် သူ့သိုင်းပညာကို ဖျက်ဆီးပစ်ပြီး နောက်ထပ် လိမ်လည်လို့ မရအောင် လုပ်ပစ်ရမယ်"

လွမ်ထျန်းလုံသည် လူထုအတွက် ဘေးအန္တရာယ်ကို ရှင်းလင်းပေးမည့် သူရဲကောင်းကြီး ပုံစံဖြင့် ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ယဲ့ထျန်းနှင့် ချန်ဖေးတို့သည် လူနေအိမ်ရာဝင်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ချန်ဖေးဆီမှ ပိုက်ဆံရယူပြီးနောက် ယဲ့ထျန်း အိမ်ထဲ ဝင်သွားလိုက်သည်။

ဆက်လက် မကျင့်ကြံမီ သူ့တိုးတက်မှုကို စစ်ဆေးကြည့်ရာ ဒီနေ့ ဟိတ်ဟန်ထုတ်မှုများကြောင့် အမှတ် ၂၇၀ ရရှိထားသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်ဆေးလုံး နှစ်လုံး လဲလှယ်ရန် လုံလောက်သည်။

သို့သော် ယဲ့ထျန်း အကုန် မလဲလှယ်ဘဲ တစ်လုံးသာ လဲလှယ်လိုက်ပြီး ၁၇၀ မှတ် ချန်ထားလိုက်သည်။

အကြောင်းရင်းမှာ သူ့တွင် 'အကြိမ်တစ်ရာ သန့်စင်ခြင်း အစီအရင်' ရှိနေပြီဖြစ်၍ ဝိညာဉ်စွမ်းအင်အတွက် အလွန်အမင်း မလိုလားအပ်သေးသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ အဘိုးကော်၏ ရောဂါကို ကုသရန်အတွက် ဖြစ်သည်။

မနက်တုန်းက အဘိုးကော်ကို ချက်ချင်း မကုပေးရဲခဲ့ခြင်းမှာ ရောဂါအခြေအနေ ဆိုးရွားလွန်းပြီး သူ့ဂုဏ်သတင်းရမှတ် မလုံလောက်ဘဲ ကုသပေးလျှင် အရှက်ကွဲမည် စိုးသောကြောင့် ဖြစ်သည်။

ခေတ်မီဆေးပညာရော တိုင်းရင်းဆေး ဆရာဝန်ကြီးများပါ လက်မြှောက်ထားရသည်ဆိုတော့ တော်တော် ခက်ခဲမည့် ရောဂါ ဖြစ်မှာ သေချာသည်။

အခုတော့ ဂုဏ်သတင်းရမှတ် ၁၇၀ ရှိနေပြီဆိုတော့ လုံလောက်ပြီဟု ယူဆရသည်။ ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ကို ကုသပေးနိုင်သော ဆေးက ၁၅ မှတ်သာ ပေးရသည် မဟုတ်ပါလော။

အဘိုးကော်၏ ရောဂါက ပြင်းထန်သည် ဆိုဦးတော့၊ သိုင်းပညာရှင် တစ်ယောက်ကို ကုသပေးတာထက် ဆယ်ဆ ပိုမခက်ခဲလောက်ပါဘူး။

သေချာပြီးနောက် ယဲ့ထျန်း ဝိညာဉ်ဆေးလုံးကို သောက်သုံးပြီး စတင် ကျင့်ကြံလိုက်သည်။

နောက်တစ်နေ့ မနက်တွင် ရှုပ်ပွနေသော အခန်းကို ကြည့်ပြီး ယဲ့ထျန်း ခါးသက်သက် ပြုံးလိုက်မိသည်။

အခန်းကို ရှင်းလင်းပြီးနောက် ယဲ့ထျန်း ခံစားလိုက်ရသည်မှာ သူ့ကျင့်ကြံမှုအဆင့် တိုးတက်မလာသော်လည်း စစ်မှန်သော အနှစ်သာရမှာ မနေ့ကထက် ပိုမို ပြည့်ဝလာခြင်း ဖြစ်သည်။ သန့်စင်ခြင်း အစီအရင်ဖြင့် နောက်ထပ် အကြိမ်အနည်းငယ် ကျင့်ကြံလိုက်လျှင် အဆင့်တက်နိုင်လောက်သည်။

အခန်းထဲမှ ထွက်လာပြီး မနက်စာ စားပြီးနောက် ယဲ့ထျန်းသည် ဆေးဆိုင်သို့ သွားပြီး ဆေးဝယ်ရန် ပြင်ဆင်လိုက်သည်။ သန့်စင်ခြင်း အစီအရင်ဖြင့် ဆက်လက် ကျင့်ကြံနိုင်ရန် ဖြစ်သည်။

မနေ့က ချန်ဖေးပေးလိုက်သော ပိုက်ဆံဖြင့် ဆေးဖက်ဝင် အပင်များ ပိုဝယ်နိုင်မည်ဖြစ်ပြီး ကျင့်ကြံမှု ပိုမြန်ဆန်လာမည်။

အဲ့ဒီနောက်မှ ပိုက်ဆံရှာဖို့ နည်းလမ်း စဉ်းစားရမယ်။

တစ်ချိန်တည်းမှာပင် ယဲ့ထျန်းသည် လင်းတုန်းကို ဖုန်းဆက်ပြီး အဘိုးကော်၏ ရောဂါကို ကုသရန် အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း အသိပေးလိုက်သည်။

ထိုအချိန်တွင် အလုပ်ရောက်နေပြီဖြစ်သော ကျိန့်ရွှမ်က ရုတ်တရက် ဖုန်းဆက်လာသည်။ ဝူရှောင်ရှောင်က သူမသူငယ်ချင်း၏ မွေးနေ့ပွဲ သွားမည်ဖြစ်ပြီး စိတ်မချသဖြင့် ယဲ့ထျန်းကို အဖော်လိုက်သွားပေးရန် ပြောလာသည်။

ထမင်းစားရုံ သက်သက်ဆိုတော့ အချိန်သိပ်မပေးရလောက်ဘူး၊ ပြီးမှ အဘိုးကော်ကို သွားကုပေးလို့ ရတယ်ဟု တွေးပြီး ယဲ့ထျန်းသည် ကျိန့်ရွှမ် ပေးထားသော ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ဟယ်လို... ရှောင်ရှောင်လား။ ငါ ယဲ့ထျန်းပါ"

"ငါပါ... ဘာကိစ္စလဲ"

ဝူရှောင်ရှောင်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

မနေ့ညက ချန်ဖေးနှင့် ယဲ့ထျန်း အတူရှိနေသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ထျန်းက သူမ၏ အချစ်ရေးကို ဝင်စွက်ဖက်ချင်နေသည်ဟု ထင်မြင်ကာ အေးစက်စွာ ပြောလိုက်ခြင်း ဖြစ်သည်။

ယဲ့ထျန်း ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ "အဒေါ်ကျိန့်က နင့်သူငယ်ချင်း မွေးနေ့ပွဲ ရှိတယ်ဆိုလို့ ငါ့ကို အဖော်လိုက်သွားခိုင်းလိုက်လို့ပါ"

"ဪ... ငါ မြို့လယ်က ရှင်းယွီဥယျာဉ်မှာ ရှိတယ်၊ အဲ့ဒီကို လာခဲ့လိုက်"

အမေဖြစ်သူ ပြောထားသည်ကို လက်ခံရရှိထားပုံရပြီး ဝူရှောင်ရှောင် မငြင်းပယ်ခဲ့ပေ။

ပြောပြီးသည်နှင့် ဖုန်းချသွားသည်။

"ရှောင်ရှောင်... ဘယ်သူ့ဖုန်းလဲ"

ဘေးနားရှိ ဒီဇိုင်နာ အမှတ်တံဆိပ်များ ဝတ်ဆင်ထားသော ပုုပုလုံးလုံး ကောင်မလေးက မေးလိုက်သည်။

သူမက ကျားမုန်မုန်ဖြစ်ပြီး ဝူရှောင်ရှောင်၏ အခင်ဆုံး သူငယ်ချင်း ဖြစ်သည်။ ဒီနေ့က သူမ မွေးနေ့ဖြစ်သည်။

ဟိုးအဝေးတွင် ထိုင်နေသော အရပ်ရှည်ရှည် အေးစက်စက် မိန်းကလေးတစ်ယောက်လည်း ရှိသေးသည်။ သူမသည်လည်း ဝူရှောင်ရှောင်၏ ငယ်သူငယ်ချင်း ဖြစ်သည်။

"မပြောချင်ပါဘူးဟယ်... မနေ့ညက နင်မြင်ခဲ့တဲ့လူပဲ"

ဖုန်းချပြီးနောက် ဝူရှောင်ရှောင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

"ဪ... ဟို ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ကောင်လား။ တကယ်ပါပဲ... ကိုယ့်အဆင့်ကိုယ်လည်း မသိဘဲနဲ့ အရာရာ လိုက်ထိန်းချုပ်ချင်နေတယ်" ကျားမုန်မုန်က အထင်သေးစွာ ပြောလိုက်သည်။

"ထားလိုက်ပါတော့၊ ဆက်မပြောနဲ့တော့၊ ဒေါသထွက်စရာ ကောင်းတယ်"

ဝူရှောင်ရှောင် လက်ကာပြလိုက်ပြီး "ဒါနဲ့ နင့်ရဲ့ ပေါင်ယွိ ဘယ်ရောက်နေတာလဲ။ ဘာလို့ မလာသေးတာလဲ" ဟု မေးလိုက်သည်။

ကျားမုန်မုန်က "မကြာခင် ရောက်တော့မှာပါ၊ ခုနကပဲ ဖုန်းဆက်လိုက်တယ်" ဟု ပြောလိုက်သည်။

ထို့နောက် ဝူရှောင်ရှောင်ဘက် လှည့်ပြီး "ရှောင်ရှောင်... နောက်ကျရင် ရည်းစားသစ် ရှာလိုက်တော့"

"ငါ့ရဲ့ ပေါင်ယွိလို ချမ်းလည်းချမ်းသာ၊ ချောလည်းချောတဲ့ လူမျိုးကို ရှာရမယ်။ ချန်ဖေးလို လူမျိုးကိုတော့ လုံးဝ မယူနဲ့"

ပေါင်ယွိသည် ကျားမုန်မုန်၏ ရည်းစားဖြစ်ပြီး အရပ်ရှည်ကာ ချောမောသူ ဖြစ်သည်။ ကျောင်း ဘတ်စကက်ဘော အသင်းခေါင်းဆောင်လည်း ဖြစ်သည်။

သူတို့မိသားစုက စက်ရုံအများအပြား ပိုင်ဆိုင်ပြီး ပိုင်ဆိုင်မှုက ကျားမုန်မုန် မိသားစုထက် မလျော့ပေ။

မိန်းကလေး အများအပြား သူ့ကို လိုက်ခဲ့ကြပြီး ကျားမုန်မုန်က အကြီးအကျယ် ကြိုးစားပြီးမှ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒါကို သူမ အမြဲ ဂုဏ်ယူနေတတ်သည်။

အရပ်ရှည်ပြီး အေးစက်သော သူငယ်ချင်းမလေးက မျက်လုံးလှန်ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ "နင်ကတော့ ပိုက်ဆံမက်လိုက်တာ၊ ရုပ်ရည်နဲ့ မိသားစု နောက်ခံကိုပဲ ကြည့်တယ်။ တော်တော် အပေါ်ယံဆန်တာပဲ"

ကျားမုန်မုန်က ခါးထောက်ပြီး ယုံကြည်မှုရှိရှိ ပြန်ပြောလိုက်သည်။ "အပေါ်ယံဆန်တော့ ဘာဖြစ်လဲ"

ဒီလောကကြီးမှာ ယောကျာ်းတွေ အများကြီး ရှိတာ၊ သူက ပိုက်ဆံမရှိ၊ ရုပ်မချော၊ အရည်အချင်း မရှိဘဲနဲ့ ငါ့ကို လာပိုးပန်းချင်တာလား။ အိမ်မက်သာ မက်နေလိုက်။

"ကဲပါ... ငါ နင်တို့ကို ဒီကို ခေါ်လာတာ ရန်ဖြစ်ခိုင်းဖို့ မဟုတ်ဘူး" ဝူရှောင်ရှောင် စိတ်မရှည်စွာ ပြောလိုက်သည်။

ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် အမေ ဘာတွေ တွေးနေလဲ ငါ နားမလည်တော့ဘူး"

"သူ ရိုးသားတယ် ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ငါနဲ့ ယဲ့ထျန်းကို စပ်ဟပ်ပေးချင်နေတယ်။ ရယ်စရာ ကောင်းလိုက်တာ"

"ရိုးသားတာလား။ ရိုးသားတာက ထမင်းစားလို့ ရလို့လား" ကျားမုန်မုန် ဝင်ပြောသည်။ "နင့်အမေကြောင့်သာ သူက နင့်ကို အတည်ယူလို့ ရမယ့်ဘဝမျိုး ရနိုင်မယ်လို့ ထင်နေတာ နေမှာ"

မဖြစ်နိုင်ဘူး... သူက ဒါကို အခွင့်ကောင်းယူပြီး နင့်ကို လာပိုးပန်းနေတာ ဖြစ်နိုင်တယ်။ ဖားပြုတ်က ဟင်္သာကို စားချင်နေသလိုမျိုးပေါ့။

"မရဘူး... ငါ အဲ့ဒီအတွေး မဝင်ခင် သူ့မှာ တကယ် ဘာအရည်အချင်း ရှိလဲဆိုတာ ကြည့်ရဦးမယ်"

"ကဲ... ကဲ... သူ့အကြောင်း မပြောနဲ့တော့၊ တခြားအကြောင်း ပြောကြရအောင်"

စကားဝိုင်းက ယဲ့ထျန်းအကြောင်းပဲ ဖြစ်နေသည်ကို မြင်သောအခါ ဝူရှောင်ရှောင် ခေါင်းစဉ် ပြောင်းလိုက်သည်။

...

ယဲ့ထျန်း ရောက်လာသောအခါ သူတို့ကို ချက်ချင်း တွေ့လိုက်သည်။

ရှင်းယွီဥယျာဉ်သည် တရုတ်နိုင်ငံတွင် အလွန် ရေပန်းစားသော လက်ဖက်ရည်ဆိုင် ဖြစ်သည်။ ရုံးဝန်ထမ်းများနှင့် လူလတ်တန်းစား မိသားစုမှ ကလေးများ သူငယ်ချင်းများနှင့် လာရောက်ပြီး လက်ဖက်ရည်သောက်၊ မုန့်စား၊ စကားပြောကာ အနားယူလေ့ရှိကြသည်။

ဒီဆိုင်ထဲတွင် ဝူရှောင်ရှောင်နှင့် သူမသူငယ်ချင်း နှစ်ယောက်က အထင်ရှားဆုံး ဖြစ်နေသည်။

မိန်းကလေး သုံးယောက်စလုံးက အလွန်လှပကြပြီး လူလတ်တန်းစား အမျိုးသမီးများကြားတွင် ထင်းနေကြသည်။

တစ်ယောက်က လှပပြီး ဆွဲဆောင်မှု ရှိသည်၊ တစ်ယောက်က အရပ်ရှည်ပြီး အေးစက်သည်၊ တစ်ယောက်က ပုပုလုံးလုံးနှင့် ချစ်စရာ ကောင်းသည်။

သူတို့သုံးယောက် ပေါင်းလိုက်တော့ ဆိုင်တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိနေသည်။

"ရှောင်ရှောင်"

ယဲ့ထျန်း လျှောက်သွားပြီး ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

သူက မိန်းကလေးများနှင့် အချိန်ဖြုန်းရတာ မကြိုက်သော်လည်း ရွေးချယ်စရာ မရှိပေ။ အဒေါ်ကျိန့်၏ အမိန့်မို့ မတတ်သာဘဲ လုပ်ရခြင်း ဖြစ်သည်။

"ရောက်လာပြီလား၊ ထိုင်လေ"

ဝူရှောင်ရှောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ တစ်စုံတစ်ယောက်က တမင် အကွာအဝေး ယူထားမှန်း သိသာနေသည်။

ခန္ဓာကိုယ် အချိုးအစား လှပပြီး အေးစက်သော မိန်းကလေးက ယဲ့ထျန်းကို တစ်ချက်ကလေးမျှ လှည့်မကြည့်ပေ။ လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြတင်းပေါက် အပြင်ဘက် လမ်းမကြီးကို ငေးကြည့်နေသည်။ သူစိမ်းများ လာရောက် နှောင့်ယှက်တာ မခံလိုသော နတ်သမီး တစ်ပါးကဲ့သို့ အရှိန်အဝါ ထုတ်လွှတ်နေသည်။

"နင်က ယဲ့ထျန်းလား" ကျားမုန်မုန်က အထင်သေးသော အကြည့်ဖြင့် အပေါ်အောက် ကြည့်ကာ မေးလိုက်သည်။

ယဲ့ထျန်းက ယွမ် ရာဂဏန်းလောက်သာ တန်သော ဈေးပေါသည့် အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် ပိုက်ဆံမရှိသော သူတောင်းစား တစ်ယောက်လို ဖြစ်နေသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် သူမက အထင်သေးစွာ ပြောလိုက်သည်။ "ကောင်လေး... နင်က ငါတို့ကျောင်းရဲ့ အလှဘုရင်မ ဝူရှောင်ရှောင်ကို ပိုးပန်းချင်တာလား။ မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ပါဦး"

"နင့်ကို ပြောပြမယ်... ငါတို့ ဝူတက္ကသိုလ်ရဲ့ အလှဘုရင်မကို လိုက်နေတဲ့ ကောင်လေးတွေ တပ်ခွဲတစ်ခွဲစာလောက် ရှိတယ်။ သူတို့ထဲမှာ သူဌေးသားတွေ အများကြီးပဲ၊ ဒုမြို့တော်ဝန်ရဲ့ သားတောင် ပါသေးတယ်။"

"နင့်မှာ ပိုက်ဆံမရှိ၊ ရုပ်မချော၊ အရည်အချင်း မရှိဘဲနဲ့ ဘာလို့ ငါတို့ကျောင်းရဲ့ အလှဘုရင်မကို လိုက်ချင်နေရတာလဲ။ ဘယ်သူက နင့်ကို သတ္တိတွေ ပေးလိုက်တာလဲ။"

"မုန်မုန်... တော်တော့"

ဝူရှောင်ရှောင်က ဟန်ဆောင် ပိတ်ဟောက်လိုက်သည်။ စကားလွန်သွားပြီဟု အပြစ်တင်သလိုမျိုး။

သူမ စောစောကတည်းက တားလို့ရသော်လည်း ကျားမုန်မုန် ပြောပြီးသည်အထိ စောင့်နေခဲ့သည်။ ပြီးတော့ အပြစ်တင်သလိုလို လုပ်ရုံကလွဲရင် ယဲ့ထျန်းကို ဘာမှ ရှင်းပြမနေပေ။ ဒါက ကျားမုန်မုန် ပြောတာကို သူမ သဘောတူကြောင်း ပြသနေသည်။

ယဲ့ထျန်း၏ မျက်နှာထား မပြောင်းလဲပေ။ "စိတ်မပူပါနဲ့၊ ငါက အဒေါ်ကျိန့် ပြောလို့ ထမင်း လိုက်စားပေးရုံပါ။ တခြား ဘာသဘောမှ မရှိပါဘူး"

"အထင်မလွဲပါနဲ့၊ မုန်မုန်က နင့်ကို ရည်ရွယ်ပြောတာ မဟုတ်ပါဘူး" ဝူရှောင်ရှောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယဲ့ထျန်း ပြုံးလိုက်သည်။ ဂရုမစိုက်ပါ။ ပြန်လည်မွေးဖွားလာပြီး စနစ်ကို ပိုင်ဆိုင်ထားကာ ကမ္ဘာမြေပေါ်ရှိ တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်လာကတည်းက သူ့အမြင်တွေ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ယခုအချိန်တွင် ယွိရွှမ်မှလွဲ၍ အခြား မိန်းကလေးများကို သူ သိပ်အလေးမထားတော့ပေ။

ဝူရှောင်ရှောင်က သူ့အပေါ် စိတ်မဝင်စားမှတော့ သူလည်း အတင်းအကျပ် လိုက်နေမှာ မဟုတ်ဘူး။ ကျင့်ကြံသူ တစ်ယောက်မှာ သူ့မာနနဲ့သူ ရှိသည်။

ထိုအချိန်တွင် ကျားမုန်မုန်က ယဲ့ထျန်းကို မေးငေါ့ပြလိုက်သည်။ သူမ အောင်မြင်သွားပြီဟု ယူဆကာ ဖက်ရှင် မဂ္ဂဇင်းတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး ယဲ့ထျန်းကို လျစ်လျူရှုလိုက်သည်။

ယဲ့ထျန်း တိတ်တဆိတ် လက်ဖက်ရည် တစ်ခွက် မှာလိုက်ပြီး လွတ်နေသော ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်သည်။

ယခုအချိန်တွင် သူ့အာရုံက ဝူရှောင်ရှောင်တို့အပေါ်တွင် မရှိဘဲ သူ့ဘေးနားရှိ အေးစက်ပြီး လှပသော မိန်းကလေးအပေါ် ရောက်နေသည်။

ဟယ်ယွိရှင်း။