ဟယ်ယွိရှင်း...

အတိတ်ဘဝတုန်းက ယဲ့ထျန်းနဲ့ သံယောဇဉ်ရှိခဲ့ဖူးတဲ့ ဝူရှောင်ရှောင်ရဲ့ သူငယ်ချင်း။

ဒီနေ့ သူမက အနက်ရောင် တီရှပ်လက်တိုလေး ဝတ်ဆင်ထားပြီး ခါးသေးသေးလေးနှင့် ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ပေါ်လွင်စေသည်။

ဂျင်းဘောင်းဘီတို ကျပ်ကျပ်လေးကြောင့် ဖြူဖွေးသွယ်လျသော ခြေတံရှည်ကြီးများ ပေါ်လွင်နေပြီး နေရောင်အောက်တွင် တောက်ပနေသည်။ ဖိနပ်ကတော့ ခေတ်မီစတိုင်ကျသော အဖြူရောင် အားကစားဖိနပ်ဖြစ်သည်။

ဈေးကြီးသည့် အမှတ်တံဆိပ် မဟုတ်သော်လည်း သူမ၏ အရပ်အမောင်းနှင့် ဝတ်ဆင်ထားပုံကြောင့် သာမန်အဝတ်အစား ဖြစ်သော်လည်း စူပါမော်ဒယ် တစ်ယောက်လို ထင်ရသည်။

ယဲ့ထျန်း သိထားသည်က ဒီမိန်းကလေးသည် အေးစက်စက် နိုင်သော်လည်း စိတ်ထားကောင်းသူ ဖြစ်သည်။

အတိတ်ဘဝတုန်းက ဝူရှောင်ရှောင်မှာ သဘောကျတဲ့သူ ရှိကြောင်း ယဲ့ထျန်းကို ပြောပြခဲ့ပြီး လက်လျှော့ကာ ကိုယ့်ကို တကယ်ချစ်မယ့်သူ ရှာဖို့ အကြံပေးခဲ့ဖူးသည်။

ဘေးနားက ကျားမုန်မုန်လို ချစ်စရာ ကောင်းသယောင် ရှိသော်လည်း မာနကြီးပြီး ယဲ့ထျန်းကို အဖက်မလုပ်ခဲ့သည့် မိန်းကလေးမျိုးနှင့် ကွာခြားသည်။

"ငါ မှတ်မိသလောက်ဆိုရင် ဟယ်ယွိရှင်းက နောက်နှစ်ကျရင် မြို့တော်ရဲတက္ကသိုလ် တက်ခွင့်ရပြီး နောက်ပိုင်း ရဲအရာရှိ ဖြစ်လာလိမ့်မယ်။ မဆိုးဘူးပဲ"

လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ယဲ့ထျန်း ဟယ်ယွိရှင်းကို အကဲခတ်နေမိသည်။ သူ့စိတ်ထဲတွင် အတိတ်ဘဝက အကြောင်းအရာများ ပြန်ပေါ်လာသည်။

အတိတ်ဘဝတုန်းက ယဲ့ထျန်း စီးပွားရေး စတင်လုပ်ကိုင်ချိန်တွင် အခွင့်အရေးကောင်း ရရှိခဲ့ပြီး အောင်မြင်မှု ရခဲ့ဖူးသည်။ အဲ့ဒီအချိန်တုန်းက ဟယ်ယွိရှင်းနှင့် အဆက်အသွယ် ပြန်ရခဲ့သည်။

သူတို့နှစ်ဦး ပြန်ဆုံတွေ့ချိန်တွင် ယဲ့ထျန်းက စီးပွားရေး အောင်မြင်နေပြီး ဟယ်ယွိရှင်းကလည်း မြို့တော်၏ အသက်အငယ်ဆုံး ရဲတပ်ဖွဲ့ခေါင်းဆောင် ဖြစ်နေပြီ။

ကျောင်းနေဖက် သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ကြ၊ နှစ်ယောက်စလုံးကလည်း ကိုယ့်နယ်ပယ်မှာကိုယ် အောင်မြင်နေကြပြီဆိုတော့ သံယောဇဉ်တွေ ပြန်ပေါ်လာပြီး ဇာတ်လမ်းစမလို ဖြစ်ခဲ့ကြသေးသည်။

ကံဆိုးစွာဖြင့် ရလဒ်မထွက်ခင်မှာပင် ယဲ့ထျန်း ဘဝ၏ အကြီးမားဆုံး အလှည့်အပြောင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ကုမ္ပဏီ ဒေဝါလီခံလိုက်ရပြီး ကားတိုက်မှု ဖြစ်ကာ ဒုက္ခိတ ဘဝရောက်သွားသည်။ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်း ဒဏ်ရာတွေ ကုစားဖို့ ထွက်ခွာသွားခဲ့ရသည်။

နောက်ပိုင်း လက်စားချေဖို့ ကျန်းလင်းမြို့ကို ပြန်ရောက်လာတော့မှ သူငယ်ချင်းတစ်ယောက်ဆီက သတင်းကြားလိုက်ရသည်။

ဟယ်ယွိရှင်းသည် ဘဏ်ဓားပြတိုက်မှုတစ်ခုတွင် ရဲရဲဝံ့ဝံ့ ဝင်ရောက်စီးနင်းရင်း ဝမ်းနည်းဖွယ် ကောင်းစွာဖြင့် ကျဆုံးသွားခဲ့ရှာသည်။

အဲ့ဒီတုန်းက ယဲ့ထျန်း ရင်ထဲမှာ နာကျည်းမှုတွေ၊ ဝမ်းနည်းမှုတွေ ပြည့်နှက်သွားခဲ့သည်။ ပထမဆုံး စတွေ့တုန်းက သူတို့နှစ်ယောက်စလုံး တက်ကြွလန်းဆန်းခဲ့ကြတာကို ပြန်စဉ်းစားမိပြီး မျက်ရည်ကျခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်ယောက်က ဒုက္ခိတဖြစ်၊ တစ်ယောက်က သူရဲကောင်းဆန်ဆန် သေဆုံးသွားခဲ့ရသည်။

"ဘဝဆိုတာ တကယ် မရေရာပါလား" ယဲ့ထျန်း သက်ပြင်းချလိုက်မိသည်။

ယဲ့ထျန်း၏ အကြည့်ကို သတိထားမိသဖြင့် ဟယ်ယွိရှင်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ "ရှင် ကျွန်မကို သိလို့လား"

သူမ၏ အသံသည် သူမ၏ အေးစက်သော ရုပ်ရည်နှင့်မတူဘဲ နူးညံ့ချိုမြိန်နေပြီး ချွဲနွဲ့သလိုလေး ဖြစ်နေသည်။

ဒါကြောင့် သူမက ယောကျာ်းလေးတွေကို စိတ်မဝင်စားသော်လည်း သူမကို လိုက်ပိုးပန်းသူများ တစ်ယောက်ပြီးတစ်ယောက် တိုးလာနေခြင်း ဖြစ်သည်။

"မသိပါဘူး... ဒါပေမဲ့ ကျွန်တော်က 'အရာရာသိ ပညာရှိ' လို့ နာမည်ကြီးတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီမှာ ပညာသင်ခဲ့ဖူးလို့ပါ"

အတိတ်ဘဝက သူငယ်ချင်းဟောင်းကို တွေ့လိုက်ရသဖြင့် ယဲ့ထျန်း စနောက်ချင်စိတ် ပေါက်သွားသည်။ "ဥပမာ ပြောရရင် ဒီနေ့မှ ပထမဆုံး စတွေ့တာ ဖြစ်ပေမယ့် ခင်ဗျားနာမည်ထဲမှာ 'ဟယ်' ဆိုတဲ့ စာလုံးပါတာ ကျွန်တော် သိတယ်"

"အို... တကယ်လား" ဟယ်ယွိရှင်း အံ့သြသွားပြီး စိတ်ဝင်စားသွားသည်။ "ဒါဆို ဘာတွေ မြင်ရသေးလဲ"

"ဘာတွေ မြင်ရသေးလဲ ဟုတ်လား" ယဲ့ထျန်း စဉ်းစားဟန် ပြုလိုက်သည်။ "ခင်ဗျား နောက်ကျရင် မြို့တော်ရဲတက္ကသိုလ်ကို ဝင်ခွင့်ဖြေပြီး ရဲအရာရှိ ဖြစ်လာလိမ့်မယ်"

"ဝိုး... ဘယ်လိုလုပ် သိတာလဲ။ ကျွန်မ ရည်မှန်းချက်က အဖေလို ရဲအရာရှိ ဖြစ်ဖို့လေ"

ဟယ်ယွိရှင်း အလွန် အံ့သြသွားသည်။ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေး အနည်းငယ် ဟသွားသည်။

"ဟွန်း...!"

ဘေးနားမှ ကျားမုန်မုန် ရယ်မောလိုက်သည်။ ဟယ်ယွိရှင်းကို ဖက်လိုက်ပြီး "အမယ်လေး... ငါတို့ရဲ့ အလှပဂေးလေးရယ်... နင်က လင်းနန် အထက်တန်းကျောင်းရဲ့ အချောဆုံး မိန်းကလေးပါ"

နင့်အကြောင်းကို သိချင်တဲ့သူတိုင်း စုံစမ်းလို့ ရနေတာပဲ။ သူ လျှောက်ပြောတာကို ယုံနေတယ်၊ ချစ်စရာ ကောင်းလိုက်တာ။

ပြောရင်းနှင့် ကျားမုန်မုန်က ဟယ်ယွိရှင်း၏ ပါးလေးကို နမ်းလိုက်သည်။

နမ်းပြီးနောက် ယဲ့ထျန်းကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်သည်။ "ဟေ့ကောင်လေး... စကားလုံးတွေနဲ့ပဲ မိန်းကလေးတွေကို ဖမ်းစားလို့ မရဘူးနော်"

"ပြီးတော့ နင်က တော်တော် စိတ်ပြောင်းမြန်တာပဲ။ ရှောင်ရှောင်က ငြင်းလိုက်တာနဲ့ ငါတို့ရဲ့ အလှပဂေးလေး ဟယ်ယွိရှင်းဘက် လှည့်လာတာလား။ ငါတို့ကို အရူးများ မှတ်နေလား"

ဝူရှောင်ရှောင်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ထျန်းကို သူရဲဘောကြောင်သူဟု ထင်ခဲ့သော်လည်း ရိုးသားသည်ဟု မှတ်ယူထားခဲ့သည်။ ဒီလို စကားတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ထားလိုက်ပါတော့... ငါပြောတာ မေ့လိုက်ပါ"

ယဲ့ထျန်း ပြုံးလိုက်သည်။ မူလက ဟယ်ယွိရှင်း၏ ကံဆိုးမည့် အနာဂတ်ကို ပြောပြပြီး သတိပေးချင်ခဲ့သော်လည်း ကျားမုန်မုန် ဝင်ပြောလိုက်သဖြင့် စိတ်ပျက်သွားသည်။

"ငါ မြို့တော်ရဲတက္ကသိုလ် တက်ချင်တယ် ဆိုတာ သူ ဘယ်လိုလုပ် သိတာလဲ။ ငါ့မိသားစုကိုပဲ ပြောပြဖူးတာ၊ တခြားဘယ်သူ့ကိုမှ မပြောဖူးဘူး"

စဉ်းစားရင်း ဟယ်ယွိရှင်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာသော်လည်း သူငယ်ချင်းနှစ်ယောက် ရှေ့မို့ မမေးဖြစ်တော့ပေ။

ထိုအချိန်တွင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော လူငယ်တစ်စု ရှင်းယွီဥယျာဉ် ရှေ့သို့ ရောက်လာပြီး လက်လှမ်းပြ အော်ဟစ်လိုက်ကြသည်။

"ပေါင်ယွိ ရောက်လာပြီ။ သွားကြစို့... ဒီနေ့ ပျော်ကြမယ်"

ကျားမုန်မုန် ထခုန်လိုက်ပြီး အပြင်ဘက်မှ လူများကို လက်ပြလိုက်သည်။ သူငယ်ချင်းနှစ်ယောက်နှင့်အတူ ထွက်သွားကြသည်။ ယဲ့ထျန်းလည်း ဆိုင်ထဲမှ လိုက်ထွက်လာခဲ့သည်။

ဒီလူငယ်တွေက အရမ်း ချောမောလှပသူတွေ မဟုတ်ကြသော်လည်း ဝတ်စားဆင်ယင်မှုနှင့် ပုံပန်းသဏ္ဌာန်က သူတို့အသက်အရွယ်ထက် ပိုရင့်ကျက်ပြီး ဖက်ရှင်ကျနေသဖြင့် လူအများကြားတွင် ထင်ရှားနေကြသည်။

ယဲ့ထျန်းကတော့ သူတို့ကြားတွင် ထီးတည်း ဖြစ်နေသည်။

ထိုအချိန်တွင် ကျားမုန်မုန်သည် အရပ်ရှည်ရှည် ချောမောသော လူငယ်တစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်နေပြီ ဖြစ်သည်။

ကျားမုန်မုန်ကို ဖက်ထားရင်း ထိုလူငယ်က ဝူရှောင်ရှောင်နှင့် ဟယ်ယွိရှင်းကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့ဘေးမှ လူကို သတိထားမိသွားသည်။

ယဲ့ထျန်းကို ချက်ချင်း မှတ်မိသွားပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကာ အာမေဋိတ်သံ ထွက်သွားသည်။ "မင်း..."

သူ စကားမဆုံးခင် ရပ်တန့်လိုက်သော်လည်း တခြားသူများ သတိထားမိသွားကြသည်။

"ပေါင်ယွိ... သူ့ကို သိလို့လား"

ရင်ခွင်ထဲ ရောက်နေသော ကျားမုန်မုန်က အနီးဆုံးမို့ ကြားလိုက်ရပြီး မော့ကြည့်ကာ မေးလိုက်သည်။

ဝူရှောင်ရှောင်နှင့် ဟယ်ယွိရှင်းတို့လည်း စိတ်ဝင်စားသွားကြသည်။

ထိုအချိန်တွင် ယဲ့ထျန်း၏ အသံ ထွက်ပေါ်လာသည်။

"ဘာလဲ... ငါတို့က သိလို့လား"

လူသိရှင်ကြား မသိချင်ယောင်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိသာနေသည်။

ပေါင်ယွိ မျက်နှာ ချက်ချင်း နီရဲသွားသည်။ ယဲ့ထျန်းက သူ့ကို လူပုံအလယ်တွင် အရှက်ခွဲလိုက်သည်ဟု ခံစားလိုက်ရပြီး ဒေါသထွက်သွားသည်။

မနေ့ညကမှ တွေ့ထားတာကို ဒီနေ့ လူကြားထဲ မသိချင်ယောင်ဆောင်တယ်ပေါ့။ ဒီကောင် တမင် သက်သက် ငါ့ကို အရှက်ခွဲတာပဲ။

ချက်ချင်းပင် ပေါင်ယွိက အမုန်းမျက်လုံးများဖြင့် ကျားမုန်မုန်ကို ဒေါသတကြီး ပြောလိုက်သည်။ "မသိပါဘူး"

"ငါ လူမှားတာ နေမှာပါ။ ဒီလို ဆင်းရဲသားကောင်ကို ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ"

ပြောပြီးသည်နှင့် ကျားမုန်မုန်ကို ဆွဲခေါ်သွားသည်။

ပေါင်ယွိ ဒေါသထွက်သွားသည်ကို မြင်သော်လည်း ယဲ့ထျန်း ဂရုမစိုက်ပေ။ သို့သော် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဒီကောင်က တော်တော် စိတ်ကြီးတာပဲ။ မေးခွန်းလေး တစ်ခွန်း မေးလိုက်တာနဲ့ မျက်နှာပျက်သွားတယ်။ သူက နာမည်ကြီးမို့လို့လား။

ပေါင်ယွိ မျက်နှာပျက်သွားရခြင်းမှာ ယဲ့ထျန်းက တမင် မသိချင်ယောင်ဆောင်သည်ဟု ထင်သွားသောကြောင့် ဖြစ်ကြောင်းသာ ယဲ့ထျန်း သိလျှင် အော်ဟစ်ငြင်းဆိုမိမှာ သေချာသည်။

သူ တကယ် မသိတာပါ။ မနေ့ညက မြေအောက် လက်ဝှေ့ရုံမှာ လူတွေ အများကြီး ရှိတဲ့အပြင် နောက်ပိုင်း ကိစ္စတွေ ရှုပ်သွားလို့ ဘယ်သူ့ကိုမှ ဂရုမစိုက်မိခဲ့ပေ။

ပေါင်ယွိ၏ လှောင်ပြောင်မှုကို ယဲ့ထျန်း စိတ်ထဲ မထားပေ။

သူ့အမြင်တွင် ပေါင်ယွိသည် လမ်းသွားလမ်းလာ တစ်ယောက်သာ ဖြစ်ပြီး နောက်ထပ် ပြန်တွေ့ချင်မှ တွေ့ရမည့်သူမို့ ဂရုစိုက်နေစရာ မလိုပေ။

"မုန်မုန်... ဒီလူက ဒီမှာ ဘာလုပ်နေတာလဲ" ပေါင်ယွိက ကျားမုန်မုန်ကို ဖက်ထားရင်း မေးလိုက်သည်။

ကျားမုန်မုန် နားမလည်နိုင် ဖြစ်သွားသည်။ ပေါင်ယွိက ယဲ့ထျန်းကို တကယ် သိနေပုံရသည်။

သို့သော် သူမ ပြန်ဖြေလိုက်သည်။ "သူက ရှောင်ရှောင် အမေ သူငယ်ချင်းရဲ့ သားလေ။ အလည်လိုက်လာတာ"

ပြောရင်းနှင့် ကျားမုန်မုန်က မျက်လုံး ကစားလိုက်ပြီး ယဲ့ထျန်း၏ နောက်ခံအကြောင်း ပေါင်ယွိ နားနားကပ်ပြီး တိုးတိုးလေး ပြောပြလိုက်သည်။

ပေါင်ယွိ ခေါင်းညိတ်လိုက်ပြီး ယဲ့ထျန်းကို အထင်သေးစွာ ကြည့်လိုက်သည်။

ငါထင်တဲ့အတိုင်းပဲ... သိုင်းပညာ နည်းနည်းပါးပါး တတ်တဲ့ ဆင်းရဲသားကောင်ပဲ။ ဒါပေမဲ့ တော်တော် မောက်မာတာပဲ။

ဟွန်း... နောက်ကျရင် အရှုံးအမြတ် စာရင်းရှင်းပြီး မင်းကို သင်ခန်းစာ ပေးရမယ်။

သိုင်းပညာ ဘယ်လောက်တော်တော် နောက်ဆုံးကျရင် သူဌေးတွေရဲ့ ခွေးပဲ ဖြစ်လာမှာ။

တွေးရင်းနှင့် ပေါင်ယွိ ကျားမုန်မုန်ကို ခေါ်ပြီး ယဲ့ထျန်းဆီ ပြန်လျှောက်လာသည်။

ဒီတစ်ခါ သူက လက်ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ငါ့နာမည် ပေါင်ယွိပါ။ မုန်မုန်ရဲ့ ရည်းစားပါ။ ငါ့မိသားစုက စက်ရုံပိုင်တယ်၊ ကျန်းလင်းမြို့မှာ အနည်းငယ်တော့ ဩဇာရှိပါတယ်"

"သူငယ်ချင်း... မင်းက ငါတို့ကျောင်းရဲ့ အလှဘုရင်မ ကျန်းကို လိုက်ရဲတယ်ဆိုတော့ မိသားစု နောက်ခံ တောင့်လို့ နေမှာ။ ဘယ်မိသားစုကလဲ ဆိုတာ သိလို့ရမလား"

ပေါင်ယွိ၏ စကားများတွင် မကောင်းသော ရည်ရွယ်ချက်များ ပါဝင်နေသည်မှာ သိသာသည်။

ယဲ့ထျန်းတွင် နောက်ခံမရှိကြောင်း သိလျက်နှင့် သူ့မိသားစု နောက်ခံကို ထုတ်ပြောပြီး ယဲ့ထျန်းကို မေးခွန်းထုတ်ခြင်းမှာ လူအများရှေ့ အရှက်ခွဲလိုခြင်းသာ ဖြစ်သည်။

ယဲ့ထျန်းက ဒီလမ်းသွားလမ်းလာကို ဂရုမစိုက်ပေ။ တစ်ချက်ပင် လှည့်မကြည့်ဘဲ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ စကားနှစ်လုံးသာ ပြောလိုက်သည်။ "ယဲ့ထျန်း"

ဟား... တော်တော် ထူးခြားတာပဲ။

ပေါင်ယွိ ကြောင်သွားသည်။ ဘေးဘီကို ကြည့်လိုက်သောအခါ ဒေါသများ ပြန်ထွက်လာသည်။

ဘေးနားရှိ လူများက အောင့်အီး ရယ်မောနေကြသည်။ သခင်လေးပေါင်ကို ဒီလို မလေးမစား လုပ်ရဲလိမ့်မည်ဟု မထင်ထားကြပေ။

အသက်ပြင်းပြင်းရှူပြီး ဒေါသကို ထိန်းလိုက်ကာ ပေါင်ယွိ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကောင်းပြီ... မင်း တော်တော် သတ္တိရှိတာပဲ။ နောက်မှ ကစားကြတာပေါ့"

ပြောပြီးသည်နှင့် ယဲ့ထျန်းကို လျစ်လျူရှုကာ အခြားသူများနှင့် အစီအစဉ် တိုင်ပင်လိုက်သည်။

"စောပါသေးတယ်၊ ကာရာအိုကေ အရင်သွားဆိုကြမယ်။ ပြီးမှ သခင်လေးဟယ်ရဲ့ ဟိုတယ်မှာ ညစာ သွားစားကြမယ်"

မုန်မုန်အတွက် မွေးနေ့ပွဲ အကြီးကြီး စီစဉ်ထားတယ်။ ဒီည ဘယ်သူမှ စောစော ပြန်လို့ မရဘူးနော်။

ပေါင်ယွိ ပြောလိုက်သည်နှင့် အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"ဒါနဲ့... မြို့မြောက်ဘက်မှာ ဧကရာဇ်နဂါး ကလပ်ဆိုတာ ဖွင့်ထားတယ်။ အဲ့ဒီမှာ ပတ်ဝန်းကျင် အရမ်းကောင်းပြီး နာမည်ကြီးတယ်"

"ကံဆိုးတာက အဲ့ဒီမှာ အသင်းဝင်ကတ်လိုတယ်။ အဲ့ကတ်က ရဖို့ ခက်တယ်။ ငါ့မှာ မရှိလို့၊ မဟုတ်ရင် အဲ့ဒီကို သွားမှာ။"

တစ်ယောက်က ဝမ်းနည်းစွာ ပြောလိုက်သည်။

"ဟုတ်တယ်... ဧကရာဇ်နဂါး ကလပ်ကို နင်မိသားစု ပိုင်တာလို့ ကြားတယ်။ အသင်းဝင်ကတ် ရဖို့ မလွယ်ဘူး"

"ဟုတ်ပါ့... ငါ့အဖေမှာ ရှိပေမယ့် ငါ မတောင်းရဲဘူး"

"မတတ်နိုင်ဘူးလေ။ အဲ့ဒီလို ကလပ်မျိုး သွားရရင်တော့ သေချာပေါက် ပျော်စရာ ကောင်းမှာပဲ"

ကျန်လူငယ်များကလည်း ဝင်ပြောကြပြီး မျက်နှာများတွင် နှမြောတသ ဖြစ်နေကြသည်။

"ကောင်းပြီ... ဒါဆို ဧကရာဇ်နဂါး ကလပ်ကိုပဲ သွားကြတာပေါ့။ ငါ့သူငယ်ချင်း တစ်ယောက်က ငါ့ကို ကတ်ပေးထားတယ်"

ပေါင်ယွိ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ပြီး လူအများရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားနေသည်။

လူငယ်များ အားလုံး အံ့သြသွားကြပြီး ပေါင်ယွိကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ဒါက ပေါင်ယွိကို ပိုပြီး ဘဝင်မြင့်သွားစေသည်။

"ဘုရားရေ... သူတို့က မိုးလင်းတဲ့အထိ ကစားကြတော့မှာလား။ အဒေါ်ကျိန့် စိတ်ပူတာ မဆန်းပါဘူး"

"ငါက ဒီည အဘိုးကော်ကို ရောဂါသွားကုပေးရဦးမှာ။ မင်းတို့ ကလေးတွေနဲ့ ကစားနေဖို့ အချိန် ဘယ်ရှိမလဲ။"

"ထားလိုက်ပါတော့... နောက်မှ အခွင့်အရေးကြည့်ပြီး ဝူရှောင်ရှောင်ကို ခေါ်ထုတ်သွားတော့မယ်"

သူတို့ စကားဝိုင်းကို နားထောင်ရင်း ယဲ့ထျန်း စိတ်မရှည် ဖြစ်လာသည်။

သူ ကလပ်တွေ ဘာတွေ သွားချင်စိတ် မရှိ။ အဲ့ဒီအချိန်မှာ ကျင့်ကြံနေတာက ပိုအကျိုးရှိဦးမယ်။

မတတ်နိုင်ဘူးလေ... အဒေါ်ကျိန့်ရဲ့ အမိန့်ဆိုတော့ နောက်မှ ထွက်ပြေးဖို့ နည်းလမ်း ရှာရတော့မှာပေါ့။