အပိုင်း (၂၁) - ဒါ VIP ဧည့်သည်ပါ
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၃၅ တိုးလာပါသည်"
ယဲ့ထျန်း ရယ်ချင်သွားသည်။ တံခါးစောင့်က သူ့ခေါင်းပေါ်အထိ မြှောက်ကိုင်ထားသော VIP ကတ်ကို အေးအေးဆေးဆေး ပြန်ယူလိုက်ရင်း "ပေါင်ယွိက တကယ့် လူကောင်းလေးပဲ" ဟု တွေးလိုက်မိသည်။
ငါ့ကို အခက်တွေ့စေချင်ပြီး အရှက်ခွဲဖို့ ကြံစည်ခဲ့ပေမယ့် အခုတော့ ငါ ဟိတ်ဟန်ထုတ်လို့ရအောင် ကူညီပေးလိုက်သလို ဖြစ်သွားပြီ။ ဂုဏ်သတင်းရမှတ် ၃၅ မှတ်တောင် ရလိုက်တယ်။ နည်းတာမှ မဟုတ်တာ။
သူသာ သိရင် ဘယ်လိုနေမလဲ မသိဘူး။
ပေါင်ယွိ ဘာတွေးနေလဲတော့ မသိပေမယ့် အခုချိန်မှာ လုံခြုံရေးတွေကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးလိုက်သည်။ "ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ခင်ဗျားတို့ မမှားဘူးဆိုတာ သေချာရဲ့လား။ ဒီကောင်လေးက သူတောင်းစားလို ဝတ်ထားတာ၊ သူ့မှာ VIP ကတ် ရှိစရာ အကြောင်းမရှိဘူး။ ခင်ဗျားတို့ မှားနေတာ နေမှာပါ"
လုံခြုံရေးတွေက ကိုယ်ကို မတ်လိုက်ပြီး မျက်နှာသေဖြင့် ရပ်နေကြသော်လည်း စိတ်ထဲတွင် ပေါင်ယွိကို အထင်သေးနေကြသည်။
"သာမန် အသင်းဝင်ကတ်လေး ကိုင်ထားပြီးတော့ VIP ဧည့်သည်ကို အခက်တွေ့အောင် လုပ်ချင်နေသေးတယ်။ ပြီးတော့ ဒီလိုစကားမျိုး ပြောရဲသေးတယ်။ တော်တော် အရှက်မရှိတဲ့ကောင်ပဲ"
ဒါပေမဲ့ သူတို့ ထုတ်မပြောရဲကြ။ "ကျွန်တော်တို့က ဧည့်သည်တွေရဲ့ ကတ် ဘယ်ကရလာလဲ ဆိုတာ စစ်ဆေးပိုင်ခွင့် မရှိပါဘူး။ ကတ်ကိုင်ဆောင်ထားသူ မှန်မမှန်ပဲ စစ်ဆေးရတာပါ" ဟု တရားဝင်ဆန်ဆန် ပြန်ဖြေလိုက်သည်။
ရှင်းရှင်းပြောရရင် သူတို့က ကတ်ကိုပဲ ကြည့်တာ၊ လူကို မကြည့်ဘူး။ ခိုးလာတာလား၊ လုလာတာလား၊ သူများပေးတာလား သူတို့ ဂရုမစိုက်။
ထိုအချိန်တွင် ဝူရှောင်ရှောင်လည်း အလွန် နားမလည်နိုင် ဖြစ်နေပြီး ယဲ့ထျန်းကို မေးလိုက်သည်။ "ယဲ့ထျန်း... နင် ဒီကတ် ဘယ်က ရတာလဲ"
တကယ်တော့ ဝူရှောင်ရှောင်က ယဲ့ထျန်း ကတ်ခိုးလာမှာကို စိုးရိမ်နေခြင်း ဖြစ်သည်။ ဒါက ဥပဒေနဲ့ မလွတ်ကင်းဘူးလေ။ သူမအဖေ ဝူရှစ်ချုံးတောင် ဒီကတ်မျိုး မရနိုင်တာ၊ ယဲ့ထျန်းက ဘယ်လိုလုပ် တတ်နိုင်မှာလဲ။
ဝူရှောင်ရှောင် အမြင်တွင် ဆင်းရဲတာ မကြောက်စရာ မဟုတ်ပေ။ ကြောက်စရာ ကောင်းတာက ဆင်းရဲပြီး ရည်မှန်းချက် မရှိတာ၊ မျက်နှာရဖို့အတွက် မရိုးသားတဲ့ နည်းလမ်းတွေ သုံးတာက ပိုပြီး အော့နှလုံးနာစရာ ကောင်းသည်။
ဒါကြောင့် ဝူရှောင်ရှောင်က မသိစိတ်အရ စစ်မေးသည့် လေသံဖြင့် မေးလိုက်မိခြင်း ဖြစ်သည်။
ဝူရှောင်ရှောင်၏ လေသံကို နားထောင်ပြီး သူမ ဘာဆိုလိုချင်မှန်း ယဲ့ထျန်း နားလည်လိုက်သည်။ သို့သော် သူ ရှင်းပြမနေချင်တော့။ စောစောက သူ အပြောခံရတုန်းက ဝူရှောင်ရှောင် ဝင်မပြောခဲ့ပေ။
အခုကျမှ သူ့ကို လာစစ်မေးနေတာက သူ့ကို မလေးစားရာ ရောက်သည်။ သူက ဘာကိစ္စ ရှင်းပြနေရမှာလဲ။
"နင်နဲ့ မဆိုင်ပါဘူး" ယဲ့ထျန်း တိုတိုတုတ်တုတ် ပြောလိုက်သည်။
ဝူရှောင်ရှောင်ကို လျစ်လျူရှုပြီး ဟယ်ယွိရှင်းကို ပြောလိုက်သည်။ "သွားကြစို့... ဝင်လို့ရပြီ"
"နင်...!"
ယဲ့ထျန်း၏ အပြုအမူကြောင့် ဝူရှောင်ရှောင် ဒေါသထွက်ပြီး ခြေဆောင့်လိုက်သည်။ ဒီလူက ကျေးဇူးကန်းလိုက်တာ၊ ဒီအတိုင်း ဆက်သွားရင် ရဲဖမ်းခံရတော့မှာပဲဟု တွေးလိုက်မိသည်။
ဒါကို မြင်တော့ ကျားမုန်မုန်က ယဲ့ထျန်းကို အထင်သေးစွာ ကြည့်ပြီး ဝူရှောင်ရှောင်ကို နှစ်သိမ့်လိုက်သည်။ "သူ့ကို ဂရုမစိုက်နဲ့၊ ငါတို့လည်း ဝင်ကြစို့"
ထို့နောက် မျက်နှာပျက်နေသော ပေါင်ယွိဘက် လှည့်ပြီး "ပေါင်ယွိ... စိတ်မဆိုးပါနဲ့။ ဟိုကောင်လေးကို ကြည့်ပါဦး၊ ဆင်းရဲပြီး ရည်မှန်းချက် မရှိတဲ့ပုံ။ ကတ်ကို ခိုးလာတာ နေမှာပါ"
ပေါင်ယွိ ခေါင်းညိတ်လိုက်သည်။ မျက်နှာထား အနည်းငယ် လျော့ကျသွားသည်။ သူလည်း အဲ့လိုပဲ ထင်သည်။ နောက်ကျရင် ယဲ့ထျန်းကို ဘယ်လို ပညာပေးပြီး ဒေါသဖြေရမလဲ ဆိုတာ စဉ်းစားနေသည်။
ယဲ့ထျန်းတို့ ကလပ်၏ ဖျော်ဖြေရေး ဧရိယာထဲ ဝင်သွားသည်ကို မြင်သောအခါ ပေါင်ယွိတို့လည်း လိုက်ဝင်သွားကြသည်။
ကလပ်ဆိုသည်မှာ အပန်းဖြေ ဖျော်ဖြေရေး စင်တာကြီး တစ်ခုဖြစ်ပြီး One-stop service ဟု ခေါ်ကြသည်။ အပန်းဖြေ ဧရိယာနှင့် ဖျော်ဖြေရေး ဧရိယာဟူ၍ နှစ်ပိုင်း ခွဲထားသည်။
အပန်းဖြေ ဧရိယာတွင် လက်ဖက်ရည်သောက်ခြင်း၊ ရေကူးခြင်း၊ စပါး (Spa) ပြုလုပ်ခြင်းတို့ ပါဝင်ပြီး ဖျော်ဖြေရေး ဧရိယာတွင် စားသောက်ဆိုင်၊ ကာရာအိုကေနှင့် အခြား တက်ကြွသော လှုပ်ရှားမှုများ ပါဝင်သည်။
ပေါင်ယွိတို့အဖွဲ့က ကျားမုန်မုန် မွေးနေ့ပွဲ လာလုပ်ကြတာဆိုတော့ အပန်းဖြေ ဧရိယာကို သွားစရာ အကြောင်းမရှိ၊ ဖျော်ဖြေရေး ဧရိယာသို့ တန်းသွားကြသည်။
ဧကရာဇ်နဂါး ကလပ်၏ ဖျော်ဖြေရေး ဧရိယာသည် တကယ်ကို ခမ်းနားသည်။ ဧည့်ခန်းမဆောင် တစ်ခုတည်းမှာတင် ယူနီဖောင်းဝတ်၊ ခြေအိတ်ရှည် စွပ်ထားသော လှပသည့် မိန်းကလေးများ တန်းစီ ရပ်နေကြသည်။ အားလုံးက ရုပ်ရည် အတော်အသင့် ချောမောကြသည်။
အများစုမှာ အနီးအနားရှိ ကျောင်းများမှ အချိန်ပိုင်း လာလုပ်သော ကျောင်းသူလေးများ ဖြစ်ကြသည်။
ယဲ့ထျန်းတို့ ဝင်လာသည်ကို မြင်သောအခါ မိန်းကလေးများအားလုံး ဦးညွှတ် နှုတ်ဆက်ကြသည်။
ထိုအချိန်တွင် ပေါင်ယွိ ရှေ့ဆုံးမှ ဝင်လာပြီး ဧည့်ခန်းမဆောင် မန်နေဂျာက အမြန် ပြေးထွက်လာကာ နှုတ်ဆက်လိုက်သည်။
"ငါ့သူငယ်ချင်း မွေးနေ့ကွာ... နေရာ စီစဉ်ပေးလို့ ရမလား။ ဧကရာဇ် ခန်းမဆောင် အားသေးလား"
"တောင်းပန်ပါတယ် သခင်လေးပေါင်... ဒီနေ့ VIP ဧည့်သည်တွေ ရှိနေလို့ ဧကရာဇ် ခန်းမဆောင်ကို ကြိုတင်မှာထားကြပါတယ်။ ဧကရီ ခန်းမဆောင်ဆိုရင်ရော ဘယ်လိုလဲ"
"VIP" ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ ပေါင်ယွိ မျက်နှာ မည်းမှောင်သွားသည်။ တံခါးဝက ကိစ္စကို သတိရသွားပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
ယဲ့ထျန်းက လူအုပ်နှင့် ခပ်လှမ်းလှမ်းတွင် ဟယ်ယွိရှင်းနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် မကျေမနပ် ဖြစ်သွားသည်။
သို့သော် ယဲ့ထျန်းက သူ့နေရာကို လုမယူမှန်း သိလိုက်ရသဖြင့် မျက်နှာထား အနည်းငယ် လျော့ကျသွားပြီး ခေါင်းညိတ် လက်ခံလိုက်သည်။
ကျားမုန်မုန် မွေးနေ့အတွက် ပေါင်ယွိက အားလုံးကို ဒကာခံ ကျွေးမွေးသည်။
သီးသန့်အခန်းထဲ ရောက်သည်နှင့် ပေါင်ယွိက ဆွဲဆောင်မှုရှိသော မိန်းကလေး အချို့နှင့် အစားအသောက်များကို မှာယူလိုက်သည်။
ထို့နောက် မန်နေဂျာ၏ မျှော်လင့်တကြီး အကြည့်အောက်တွင် တစ်ပုလင်းလျှင် ယွမ် ၃ သောင်းတန် ဝိုင်နှစ်ပုလင်းကို ရက်ရက်ရောရော ဖွင့်လိုက်ရာ မန်နေဂျာ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးသွားသည်။
ခမ်းနားထည်ဝါသော အခန်းထဲတွင် ထိုင်နေရင်း ယဲ့ထျန်းသည် ထိုလူအုပ်စုနှင့် လုံးဝ အံမဝင် ဂွင်မကျ ဖြစ်နေသည်။
သူတို့အားလုံးက မကြာခဏ တွေ့ဆုံပြီး ရင်းနှီးနေကြသူများ ဖြစ်သည်။ ယဲ့ထျန်းကတော့ သူစိမ်းတစ်ယောက်လို ဖြစ်နေပြီး အလိုလို ဖယ်ကျဉ်ခံထားရသည်။
သူ ဝင်ရောချင်ရင်တောင် အသိုင်းအဝိုင်း မတူသဖြင့် အဆင်ပြေမည် မဟုတ်ပေ။
ပြီးတော့ ယဲ့ထျန်းကလည်း စိတ်မဝင်စား။
ယခုအချိန်တွင် သူ ထောင့်တစ်နေရာ၌ ကပ်ထိုင်နေပြီး ဘီယာတစ်ခွက် ငှဲ့ကာ အေးအေးဆေးဆေး သောက်နေသည်။ ဝူရှောင်ရှောင်ကို စောစော ပြန်သွားအောင် ဘယ်လို ပြောရမလဲ စဉ်းစားနေသည်။
ဒီည အဘိုးကော်ကို ရောဂါကုပေးဖို့ ချိန်းထားသည်။ မွေးနေ့ပွဲ ဆိုတာ ထမင်းစားရုံပဲ၊ ခဏလေးနဲ့ ပြီးသွားမယ်လို့ ထင်ထားခဲ့တာ။
ဒီကလေးတွေက သီချင်းတွေဆို၊ ပါတီပွဲတွေ လုပ်နေကြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူ့မှာ အချိန်မရှိဘူးလေ။
ထိုအချိန်တွင် အားလုံး သီချင်းဆိုရန် သီချင်း ရွေးနေကြပြီ။ မိုက်ခရိုဖုန်းက ယဲ့ထျန်း လက်ထဲ ဘယ်တော့မှ ရောက်မလာ။
အံ့သြစရာ ကောင်းတာက ဟယ်ယွိရှင်း သီချင်းဆိုတာ အကောင်းဆုံး ဖြစ်နေသည်။ လူတိုင်း၏ တောင်းဆိုမှုကြောင့် သူမ နာမည်ကြီး သီချင်းတစ်ပုဒ်ကို ရွေးချယ် သီဆိုလိုက်ရာ လက်ခုပ်သံများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။
"ဝိုး... အတိတ်ဘဝတုန်းက ဟယ်ယွိရှင်း ရဲမလုပ်ဘဲ သီချင်းဆိုရင် ကောင်းမွန်မယ်။ သေချာပေါက် နာမည်ကြီး အဆိုတော် ဖြစ်လာမှာ"
ဟယ်ယွိရှင်း သီချင်းဆိုနေသည်ကို ကြည့်ရင်း ယဲ့ထျန်း အံ့သြသွားပြီး သက်ပြင်းချလိုက်မိသည်။
သီးသန့်အခန်းထဲတွင် ဝူရှောင်ရှောင်သည် အလှပဆုံး မိန်းကလေး ဖြစ်သဖြင့် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေသည်။
လူတိုင်း သူမနှင့် ခွက်ချင်းတိုက်ရန် လာကြသည်။ နည်းနည်းပဲ သောက်သော်လည်း အကြိမ်ရေ များလာသောအခါ မျက်နှာများ နီရဲလာပြီး အနည်းငယ် မူးလာကြသည်။
တစ်ဖက်တွင် ပေါင်ယွိသည် ယဲ့ထျန်းကို အနိုင်ယူဖို့ ကြိုးစားတိုင်း ရှုံးနိမ့်ခဲ့ရသော်လည်း ဘာမှ မဖြစ်သလို တခြားသူများနှင့် စကားပြောနေသည်။ သို့သော် သူ့မျက်လုံးများက ယဲ့ထျန်းကို မကြာခဏ လှမ်းကြည့်နေသည်။
ယဲ့ထျန်းကို ဘယ်လို ဆက်ပြီး ဒုက္ခပေးရမလဲ၊ အရှက်ခွဲပြီး ဒေါသဖြေရမလဲ ဆိုတာ စဉ်းစားနေသည်။
ဒီကောင်လေးမှာ ဘာနောက်ခံမှ မရှိဘူးဆိုတာ သူ ယုံကြည်သည်။ မဟုတ်ရင် မနေ့ညက ချန်ဖေးနဲ့အတူ မြေအောက် လက်ဝှေ့ပွဲမှာ ဝင်ထိုးနေမှာ မဟုတ်ဘူး။ ဒါကြောင့် ယဲ့ထျန်း ကိုင်ထားတဲ့ ကတ်က ခိုးလာတာ သေချာတယ်လို့ ကောက်ချက်ချလိုက်သည်။
ထိုအချိန်တွင် ဝူရှောင်ရှောင် ခေါင်းနည်းနည်း မူးလာပြီး ထိုင်စရာ နေရာရှာလိုက်သည်။ ကြည့်လိုက်တော့ ယဲ့ထျန်းဘေးနားမှာပဲ နေရာလွတ် ရှိတော့သည်။
သူမ မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ထျန်းကို မုန်းသော်လည်း ခေါင်းမူးတာ မခံနိုင်တော့သဖြင့် ကျားမုန်မုန်ကို တွဲခိုင်းပြီး ယဲ့ထျန်းဘေးတွင် ဝင်ထိုင်လိုက်သည်။
သူမ မျက်နှာ နီရဲနေသည်ကို မြင်တော့ ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးကော်ကို သွားကုပေးဖို့ စဉ်းစားနေရင်း "ရှောင်ရှောင်... မိုးချုပ်နေပြီ။ ငါနဲ့အတူ ပြန်လိုက်ခဲ့ပါလား" ဟု ပြောလိုက်သည်။
ဝူရှောင်ရှောင်က နှာမှုတ်လိုက်ပြီး ခေါင်းလွှဲကာ ယဲ့ထျန်းကို လျစ်လျူရှုလိုက်သည်။
ယဲ့ထျန်း မျက်မှောင်ကြုတ်ပြီး "နင်က ငယ်သေးတယ်၊ အရမ်း ညဉ့်နက်တဲ့အထိ ကစားတာ ကျန်းမာရေးအတွက် မကောင်းဘူး။ အဒေါ်ကျိန့်လည်း စိတ်ပူနေလိမ့်မယ်။ ငါနဲ့ ပြန်လိုက်ခဲ့ပါ"
ဝူရှောင်ရှောင် ပြန်မဖြေခင် ကျားမုန်မုန်က ခါးထောက်ပြီး အော်ပြောလိုက်သည်။ "နင်က ဘာလဲ။ နင်က ဘယ်သူမို့လို့ သူများကိစ္စ လာစွက်ဖက်နေရတာလဲ"
"VIP ကတ် ခိုးလာရုံနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလား။ သူခိုးကောင်... ရွံစရာကြီး။ ရှောင်ရှောင်... ဒီလိုလူမျိုးဘေးနား မထိုင်နဲ့၊ ဟိုဘက် သွားထိုင်ရအောင်"
ပြောရင်းနှင့် ကျားမုန်မုန်က ဝူရှောင်ရှောင်ကို ပြန်ဆွဲခေါ်သွားသည်။
ပေါင်ယွိလိုပင် ကျားမုန်မုန်လည်း ယဲ့ထျန်းက ကတ်ခိုးလာသည်ဟု ယုံကြည်နေသည်။ အထူးသဖြင့် ယဲ့ထျန်း မြေအောက် လက်ဝှေ့ပွဲ ဝင်ထိုးဖူးသည်ဟု ပေါင်ယွိ ပြောပြပြီးနောက် ပိုယုံကြည်သွားသည်။
ကျားမုန်မုန် အမြင်တွင် မြေအောက် လက်ဝှေ့ထိုးသူများသည် ပိုက်ဆံအတွက် အသက်နဲ့ရင်းပြီး လုပ်ရသူများ ဖြစ်သည်။ ပိုက်ဆံအတွက် အသက်နဲ့ရင်းရသူက ဧကရာဇ်နဂါး ကလပ် VIP ကတ်ကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။
ဒါကို ကြားတော့ ယဲ့ထျန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒေါသထွက်သွားသည့် လက္ခဏာပင်။
သို့သော် တစ်ဖက်လူက မိန်းကလေး ဖြစ်နေသဖြင့် မိန်းကလေးကို အနိုင်ကျင့်သည်ဟု အပြောမခံလို၍ ဂရုမစိုက်ဘဲ နေလိုက်သည်။
ထိုအချိန်တွင် အခန်းတံခါး ပွင့်လာပြီး အနီရောင် ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဝင်လာသည်။
ဒီအမျိုးသမီးက ကလပ်၏ မန်နေဂျာ ဖြစ်ပြီး အားလုံးက သူမကို မမလျူဟု ခေါ်ကြသည်။
မမလျူက သူတို့ ငွေသုံးကြမ်းသည်ကို သတိထားမိသဖြင့် ဂုဏ်ပြုစကား လာပြောခြင်း ဖြစ်သည်။
ပေါင်ယွိနှင့် အခြားသူများက ကလပ်မန်နေဂျာ ကိုယ်တိုင် လာရောက် ဂုဏ်ပြုသည်ကို မြင်သောအခါ ဂုဏ်ယူသွားကြပြီး ဖန်ခွက်ထဲမှ အရည်များကို ကုန်အောင် မော့သောက်လိုက်ကြသည်။
အမျိုးသမီးက အားလုံးကို ဂုဏ်ပြုပြီးနောက် သူမခွက်ထဲမှ ဝိုင်နီ တစ်ဝက်တောင် မကုန်သေးပေ။ မထွက်ခွာမီ မန်နေဂျာကို ဈေးကွက်ထဲတွင် အနည်းဆုံး ယွမ် ၅ ထောင်တန်သည့် ရှီးနျူဟယ်ကျိုး ထုတ် ဖရန့် ဝိုင်နီ တစ်ပုလင်း လာချပေးခိုင်းလိုက်သည်။
ကျန်းလင်းမြို့သည် စုန်ကျန်း သို့မဟုတ် မြို့တော်တို့ကဲ့သို့ စည်ကားသော မြို့ကြီး မဟုတ်ပေ။ ပေါင်ယွိတို့ အုပ်စုက ယခုတစ်ကြိမ် ယွမ် တစ်သိန်းကျော် သုံးစွဲထားသဖြင့် ဖောက်သည်ကြီးများ စာရင်း ဝင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် ဂျွန်ရှောင်ဟု ခေါ်သော ချမ်းသာသည့် ဒုတိယမျိုးဆက် လူငယ်လေးက ပြုံးဖြဲဖြဲဖြင့် အော်ပြောလိုက်သည်။ "ဒီတစ်ခါတော့ အစ်ကိုကြီးပေါင်ကို အားကိုးရပြီကွ။ မမလျူက နောက်ခံ တော်တော်တောင့်တယ်လို့ ကြားတယ်"
"သူက ငါတို့ ကျန်းလင်း တောင်နှင့်မြစ် မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ကျိုးထျန်းရွှယ်ရဲ့ အမျိုးသမီးလေ။ ပုံမှန် ငါ သူငယ်ချင်းတွေနဲ့ လာရင် မန်နေဂျာလောက်ပဲ လာတာ၊ ဒီနေ့လို ဆက်ဆံရေးမျိုး တစ်ခါမှ မရဖူးဘူး"
"ကျိုးထျန်းရွှယ် ဟုတ်လား။ ငါကြားဖူးတယ်။ ရှန်ဟယ် မဟာမိတ်အဖွဲ့မှာ ဆရာသခင်တင်းပြီးရင် ဒုတိယ အကြီးဆုံးပဲ။ တရားဝင်လောကရော အောက်လမ်းလောကမှာပါ အဆက်အသွယ် ရှိတယ်တဲ့"
"တခါတုန်းက မြို့ထဲက လူကြီးတစ်ယောက် သူ့ကို မျက်နှာမပေးလို့ အဖြုတ်ခံလိုက်ရဖူးတယ်။ ဒီလူက အဆက်အသွယ် တော်တော် တောင့်တာ၊ ပြည်နယ်အဆင့်ထိတောင် အဆက်အသွယ် ရှိတယ်တဲ့။"
ဘေးနားရှိ လှပသော မိန်းကလေးတစ်ယောက်က အံ့သြသော မျက်နှာထားဖြင့် ဝင်ပြောလိုက်သည်။
ဒီလူတွေက ချမ်းသာသော ဒုတိယမျိုးဆက်များ ဖြစ်ကြသော်လည်း ကျိုးထျန်းရွှယ်လောက် ဩဇာမရှိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော လူကြီးလူကောင်းများကို အားကျကြသည်။
သူ့နာမည် ကြားလိုက်သည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။
"ဟွန်း... သူ ဘယ်လောက်ပဲ စွမ်းစွမ်း၊ သူ့မိန်းမက ငါတို့ ပေါင်ယွိကို လာပြီး ဂါရဝပြုရတာပါပဲ"
ကျားမုန်မုန်က ဘေးမှနေ၍ မောက်မာစွာ ပြောလိုက်သည်။
ပေါင်ယွိက ကျေနပ်စွာ ပြုံးလိုက်ပြီး ယဲ့ထျန်းကို စိန်ခေါ်သလို ကြည့်လိုက်သည်။ ဒီဆင်းရဲသားကောင်က သူ့ကို အကြိမ်ကြိမ် အရှက်ခွဲခဲ့တာကို မကျေနပ်သေးပေ။
သူ ခွက်ကို မြှောက်လိုက်ပြီး "ဘယ်လိုလဲ အစ်ကိုကြီးယဲ့... ဒီနေရာကို သဘောကျရဲ့လား"
"မင်း တစ်ယောက်တည်း ဖြစ်နေတာ မြင်လို့၊ မိန်းကလေး တစ်ယောက်နှစ်ယောက်လောက် ခေါ်ပေးရမလား။ အဖော်ရတာပေါ့"
"ဪ... သူတို့က မြို့တော်က လာတာလေ၊ အကုန် မြင်ဖူးပြီးသား နေမှာပေါ့။ ငါတို့ရဲ့ အသေးအမွှားလေးတွေကို ဘယ်ဂရုစိုက်မလဲ"
ဘေးနားမှ ချောမောသော လူငယ်လေးက သရော်လိုက်သည်။
ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ ခွက်ကို စားပွဲပေါ် တင်လိုက်ပြီး မဲ့ပြုံး ပြုံးကာ မေးလိုက်သည်။ "ပေါင်ယွိ... မင်း ပြဿနာ ရှာချင်နေတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ ဆရာသမားယဲ့က အရမ်း မောက်မာတာကိုး။ ထိုင်ပြီး စားလိုက်သောက်လိုက် လုပ်နေတာလေ။ ကျွန်တော်က ဘယ်လိုလုပ် ဆရာသမားကို ပြစ်မှားရဲမှာလဲ" ရန်ချောင်က ရွဲ့ပြောလိုက်သည်။
"တော်ပါတော့..." ဝူရှောင်ရှောင်က ယဲ့ထျန်းကို စိုက်ကြည့်လိုက်ပြီး ပေါင်ယွိဘက် လှည့်ကာ ပြောလိုက်သည်။ "ဒီနေ့က မုန်မုန် မွေးနေ့လေ၊ အားလုံး စိတ်မပျက်ရအောင် မလုပ်ပါနဲ့"
"ကောင်းပြီလေ... ကောင်းပြီလေ... အလှဘုရင်မ ဝူ ကို မျက်နှာသာ ပေးလိုက်ပါ့မယ်" ပေါင်ယွိက ပုံကြီးချဲ့ ပြောလိုက်သည်။
သူ ယဲ့ထျန်းကို အေးစက်စက် ပြုံးပြပြီးနောက် လှည့်ထွက်ကာ အခြားသူများနှင့် စကားပြော ရယ်မောနေလိုက်သည်။
ယဲ့ထျန်း၏ မျက်နှာထား မပြောင်းလဲသော်လည်း စိတ်ထဲတွင် အလွန် မကျေမနပ် ဖြစ်နေသည်။
ထိုအချိန်တွင် အခန်းတံခါး ထပ်ပွင့်လာပြီး အရပ်ရှည်ရှည် ထွားကျိုင်းကျိုင်း လူတစ်ယောက် ဦးဆောင်သော လူတစ်စု ဝင်လာကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: