အပိုင်း (၂၂) - လက်ဝှေ့ယမ်းပြီး ရိုက်လိုက်ခြင်း
လူကောင်ကြီးသည် စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်ရှိ အမွှေးအမျှင်များကြားမှ ကျားပုံ တက်တူးကို တွေ့မြင်နေရသဖြင့် ကြမ်းတမ်းခက်ထန်သော ပုံစံပေါက်နေသည်။
သို့သော် ယခုအချိန်တွင် သူက ပြုံးနေသည်။
လူသစ် ရောက်လာသည်ကို မြင်သောအခါ ပေါင်ယွိက လက်ဟန်ခြေဟန်ဖြင့် အားလုံးကို ငြိမ်နေရန် ပြောလိုက်ပြီး ဖားယားသော ပုံစံဖြင့် လျှောက်သွားလိုက်သည်။ "ဒါ အစ်ကိုကြီးကျား မဟုတ်လား။ ဘာကိစ္စ ရှိလို့ပါလိမ့်"
ပေါင်ယွိက မြေအောက် လက်ဝှေ့ပွဲတွေ မကြာခဏ သွားကြည့်လေ့ရှိလို့ ဒီလူကို သိနေခြင်း ဖြစ်သည်။
အဲ့ဒီတုန်းက ယွမ်ဟူက မြေအောက် လက်ဝှေ့သမား ဘဝကနေ လာတာ။ ချန်ဖေးတို့ ဖန်ရှောင်တို့လောက် မစွမ်းပေမယ့် သူ့ခေတ်သူ့အခါတုန်းကတော့ ပွဲပေါင်း တစ်ရာကျော် ဆက်တိုက်နိုင်ခဲ့ဖူးပြီး ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ဖူးတယ်။
ဒါကြောင့် သူတို့နှစ်ယောက် သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ယွမ်ဟူကို ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကျိုးထျန်းရွှယ်က သဘောကျပြီး ခေါ်ယူလိုက်သဖြင့် မြေအောက် လက်ဝှေ့လောကမှ ထွက်လိုက်ပြီး အဆင့်အတန်းက ပေါင်ယွိထက်တောင် မြင့်သွားခဲ့သည်။
ယွမ်ဟူက သူ့ကို မှတ်မိပြီး ဂုဏ်ပြုစကား လာပြောလိမ့်မည်ဟု ပေါင်ယွိ ထင်မထားခဲ့ပေ။ အလွန် ဂုဏ်ယူသွားပြီး မျက်နှာတစ်ခုလုံး ဝင်းပသွားသည်။
ကျားကြီးဟု လူသိများသော ထိုလူက ဟားတိုက် ရယ်မောလိုက်ပြီး "ငါက အစ်ကိုကြီးကျိုးနဲ့ အတူ လာတာကွ"
"မမလျူ ပြောလို့ မင်းက မင်းကောင်မလေး မွေးနေ့ပွဲ ကျင်းပနေတယ်ဆိုတာ သိရတာနဲ့ ဂုဏ်ပြုစကား လာပြောတာ။"
"အမလေး... အစ်ကိုကြီးကျားက ဒီလောက် သဘောကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ ကျေးဇူးတင်ပါတယ်ဗျာ" ပေါင်ယွိ ဝမ်းသာအားရ ရယ်မောလိုက်ပြီး အလွန် ဂုဏ်ယူသွားသည်။
ထို့နောက် သူက လူအုပ်ဘက် လှည့်ပြီး "လာကြ... လာကြ... မိတ်ဆက်ပေးမယ်"
"ဒါက အစ်ကိုကြီးကျား လို့ ခေါ်တဲ့ ယွမ်ဟူပဲ။ တောင်နှင့်မြစ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကျိုးရဲ့ လူယုံတော်လေ။ ကြိုဆိုလိုက်ကြပါဦး"
ပြောရင်းနှင့် သူက ဦးဆောင်ပြီး လက်ခုပ်တီးလိုက်သည်။
ပေါင်ယွိ၏ စကားကို ကြားသောအခါ အားလုံးက ကျိုးထျန်းရွှယ် ကိုယ်တိုင် မဟုတ်ဘဲ သူ့တပည့် ရောက်လာသည်ကို အံ့သြသွားကြသည်။
တည့်တိုးပြောရရင် ယွမ်ဟူက ကျိုးထျန်းရွှယ်နောက် လိုက်နေပေမယ့် ပေါင်ယွိ ပြောသလောက် လက်ရုံးတစ်ဆူတော့ မဟုတ်ပါဘူး။ သာမန် လက်အောက်ငယ်သား တစ်ယောက်ပါပဲ။
သို့သော် လူတိုင်းက အံ့သြတကြီး ကြည့်နေကြသည်ကို မြင်သောအခါ ယွမ်ဟူ သဘောကျသွားသည်။
ဘယ်သူမှလည်း ယွမ်ဟူကို အထင်မသေးရဲကြပေ။ ကျိုးထျန်းရွှယ်နောက် လိုက်နေရတယ် ဆိုကတည်းက ယုံကြည်ရတဲ့သူ ဖြစ်ပြီး အရည်အချင်း ရှိလို့သာ ဖြစ်မည်ဟု တွေးကာ "အစ်ကိုကြီးကျား" ဟု လေးလေးစားစား ခေါ်ကြသည်။
ယွမ်ဟူက ဝိုင်ခွက်ကို မြှောက်လိုက်သော်လည်း ချက်ချင်း မပြန်သေးပေ။ သူ့အကြည့်က ဝူရှောင်ရှောင်အပေါ် ရောက်သွားပြီး မျက်လုံးများ အရောင်တောက်လာသည်။ "စောစောက ဒီအလှလေး ခွက်မြှောက်တာ မတွေ့လိုက်ပါလား။ ဘာလဲ... ငါ့ကို အထင်သေးတာလား"
ဒါကို ကြားတော့ ပေါင်ယွိ မျက်နှာပျက်သွားသည်။ ဝူရှောင်ရှောင်က သောက်တာ များသွားလို့ ခွက်မမြှောက်နိုင်တော့ကြောင်း ပြောထားပြီးသားလေ။
ပေါင်ယွိက ယွမ်ဟူ သတိမထားမိလောက်ဘူး ထင်ခဲ့သော်လည်း အလှပဂေးလေး တစ်ယောက်က ဘယ်နေရာရောက်ရောက် ထင်ရှားနေစမြဲမို့ ယွမ်ဟူ သတိထားမိနေတာ ကြာပြီ ဖြစ်သည်။
ယွမ်ဟူက ဝူရှောင်ရှောင်ကို စိတ်ဝင်စားနေတာ ကြာပြီမို့ ဒါကို အကြောင်းပြပြီး ရင်းနှီးခွင့်ရအောင် လုပ်နေခြင်း ဖြစ်သည်။
သူ ပေါင်ယွိကို လာနှုတ်ဆက်တာက ဟန်ပြသက်သက်ပါ။ ဒီလို အလှလေး ရှိနေမယ်လို့ ထင်မထားခဲ့ဘူး။
ပေါင်ယွိအကြောင်း သူ သိထားသည်မှာ ပေါင်ယွိ၏ မိသားစုက အတော်အတန် ချမ်းသာသော်လည်း အလွန်အမင်း အင်အားကြီးသော နောက်ခံတော့ မရှိပေ။
အခန်းထဲ ဝေ့ကြည့်လိုက်တော့ ပေါင်ယွိ ခေါ်လာတဲ့ သူတွေက သာမန် လူငယ်လေးတွေပဲမို့ ဘာကောင်မှ မဟုတ်ဘူးလို့ ကောက်ချက်ချလိုက်သည်။
ယွမ်ဟူ မျက်လုံးထဲတွင် ဒီအလှလေးက ဘာမှ မဟုတ်တော့ပေ။ တခြား အကြံအစည်များ ဝင်လာသည်။
သူက ဝူရှောင်ရှောင်ကို အရက်တိုက်ပြီး မူးအောင်လုပ်ကာ အကြောင်းပြချက် တစ်ခုခုဖြင့် သူ့အခန်းကို ခေါ်သွားပြီး ပျော်ပါးရန် ကြံစည်လိုက်သည်။
ပေါင်ယွိကို ကြည့်လိုက်တော့ မျက်နှာပျက်နေပေမယ့် အရမ်း စိုးရိမ်ပုံ မရတာ တွေ့လိုက်ရလို့ သူ့အကြံအစည် အောင်မြင်နိုင်မယ်လို့ ပိုယုံကြည်သွားသည်။
ချက်ချင်းပင် သူက မရိုးသားသော အပြုံးဖြင့် ရှေ့တိုးလာပြီး ခွက်မြှောက်ကာ ပြောလိုက်သည်။ "အလှလေး... ကိုယ့်ကို မျက်နှာသာ ပေးပါဦး"
ဝူရှောင်ရှောင်က မူးနေပြီး ဗိုက်ထဲတွင် မအီမသာ ဖြစ်နေသဖြင့် ဘာမှ မစဉ်းစားတော့ဘဲ ခေါင်းခါ ငြင်းလိုက်သည်။
ယွမ်ဟူ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "အလှလေး... ဒီလောက်လေးတောင် မျက်နှာမပေးနိုင်ဘူးလား"
ဘေးနားရှိ ပေါင်ယွိ လန့်သွားပြီး အမြန် ဝင်ပြောလိုက်သည်။ "အစ်ကိုကြီးကျား... အစ်ကိုကြီးကျား... သူက အရမ်း မူးနေလို့ပါ။ ကျွန်တော်ပဲ သူ့အစား သောက်ပေးပါ့မယ်"
မထင်မှတ်ထားစွာပင် ယွမ်ဟူက ပေါင်ယွိကို အခွင့်အရေး မပေးဘဲ ငေါက်ငမ်းလိုက်သည်။ "ဖယ်စမ်း... ငါက ဒီအလှလေးကို ပြောနေတာ"
ချက်ချင်းပင် သူ့တပည့်ကို ဝိုင်တစ်ခွက် ငှဲ့ခိုင်းလိုက်ပြီး ဝူရှောင်ရှောင်ကို ကမ်းပေးကာ ပြောလိုက်သည်။ "အလှလေး... သောက်လိုက်ပါ"
"မင်း ငါ့ကို မျက်နှာမပေးရင် နောက်ကျ ငါက မင်းကို မျက်နှာမပေးဘူးလို့ အပြစ်မတင်နဲ့နော်။"
ပေါင်ယွိ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ဝူရှောင်ရှောင်က သူ့ကောင်မလေးရဲ့ သူငယ်ချင်း၊ ပြီးတော့ အသိုင်းအဝိုင်းချင်းလည်း တူနေတယ်။
တကယ်လို့ ဘာမှ မလုပ်ပေးဘဲ တစ်ခုခု ဖြစ်သွားရင် သူ့ဂုဏ်သိက္ခာ ကျသွားလိမ့်မယ်။
ဒါကို တွေးပြီး ဝင်ဖျန်ဖြေဖို့ ကြိုးစားလိုက်သည်။ ယွမ်ဟူ လက်ကို လှမ်းဆွဲလိုက်ရုံ ရှိသေးတယ်၊ စကားတောင် မပြောရသေးခင်မှာပင် ယွမ်ဟူက လက်ကို ဝှေ့ယမ်းပြီး ပေါင်ယွိ ပါးကို ရိုက်ချလိုက်သည်။
ရုတ်တရက်မို့ ပေါင်ယွိ ခေါင်းမူးသွားပြီး ကြမ်းပြင်ပေါ် လဲကျသွားသည်။
ဘေးနားတွင် ရပ်နေသော ကျားမုန်မုန်မှာ ကြောက်လွန်းလို့ စကားတောင် မပြောရဲ။ ပေါင်ယွိဆီ ပြေးသွားပြီး တွဲထူပေးရုံသာ တတ်နိုင်တော့သည်။
"ဟေ့ကောင်... မင်းက ဘာကောင်မို့လို့လဲ။ ငါက မင်းကို တကယ် မျက်နှာပေးနေတယ် ထင်နေလား"
ဝူရှောင်ရှောင်လည်း တစ်ခုခု မှားနေပြီ ဆိုတာ သိလိုက်သည်။ ဒါပေမဲ့ အရက်ရှိန်ကြောင့် ခေါင်းမူးနေပြီး ယူသောက်ရမလား၊ မသောက်ရဘူးလား ဝေခွဲမရ ဖြစ်နေသည်။
ထိုအချိန်တွင် သူမအစား တစ်ယောက်ယောက် ဝင်ခံပေးစေချင်သော်လည်း ပေါင်ယွိ အရိုက်ခံလိုက်ရပြီးနောက်...
စောစောက သူမနှင့် စကားတွေပြော၊ ခွက်ချင်းတိုက်နေကြသူများသည် ယခုအခါ အဝေးဆုံးသို့ ရောက်နေကြပြီး ဘယ်သူမှ ရှေ့တိုးမလာရဲကြတော့ပေ။
ဒီလို လက်တွေ့ကျတဲ့ မြင်ကွင်းကြောင့် ဝူရှောင်ရှောင် ဝမ်းနည်းသွားသည်။ သူမ ယဲ့ထျန်းကို ရုတ်တရက် သတိရလိုက်သော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။
သူမအမြင်တွင် ယဲ့ထျန်းသည် သူမ ဆူပူသမျှ တစ်ခွန်းမှ ပြန်မပြောရဲသော သူရဲဘောကြောင်သူ တစ်ယောက်သာ ဖြစ်သည်။
ဒီလို အခြေအနေမျိုး ကြုံလာရင် သူက တခြားလူတွေထက်တောင် ပိုဝေးဝေးကို ပြေးပုန်းမည့်သူ ဖြစ်ပြီး သူမအတွက် ရပ်တည်ပေးရဲမည့် သတ္တိရှိသူ မဟုတ်ပေ။
ဒါကို တွေးမိရင်း ဝူရှောင်ရှောင် ခါးသက်သက် ပြုံးလိုက်မိသည်။ လက်လှမ်းပြီး ဝိုင်ခွက်ကို ယူလိုက်သည်။ ဒီဝိုင်ကို မသောက်ရင် ဒီကိစ္စ ပြီးမှာ မဟုတ်မှန်း သူမ သိသည်။
ဝူရှောင်ရှောင် လက်လှမ်းလိုက်သည်ကို မြင်သောအခါ ယွမ်ဟူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာသည်။ မရိုးသားသော မြင်ကွင်းများကို ကြိုမြင်နေရသလိုပင်။
ယွမ်ဟူ စိတ်ကူးယဉ်နေစဉ်မှာပင် သာယာနာပျော်ဖွယ် မရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဟေ့... လူကောင်ကြီး... မိန်းကလေး တစ်ယောက်ကို ဒီလို အတင်းအကျပ် တိုက်တာ ယောကျာ်းမပီသဘူးနော်"
ဒီစကားကြောင့် ယွမ်ဟူ၏ စိတ်ကူးယဉ်မှုများ ပျက်စီးသွားပြီး မျက်မှောင်ကြုတ်ကာ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ရှိနေသူအားလုံးလည်း လန့်သွားကြသည်။ ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး ပြောရဲတာလဲဟု တွေးကာ အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။
စကားပြောသူကို မြင်လိုက်ရသောအခါ ယွမ်ဟူမှလွဲ၍ အခန်းထဲရှိ လူတိုင်း အံ့သြသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စကားပြောသူမှာ ထောင့်တစ်နေရာတွင် တစ်ယောက်တည်း ထိုင်နေသော ယဲ့ထျန်း ဖြစ်နေသောကြောင့်ပင်။
ယခုအချိန်တွင် ယဲ့ထျန်းသည် ဆိုဖာပေါ်တွင် မှီထိုင်လျက် လက်နှစ်ဖက်ကို ဆိုဖာနောက်မှီပေါ် တင်ထားပြီး ယွမ်ဟူကို ကြောက်ရွံ့မှုကင်းမဲ့စွာ မော့ကြည့်နေသည်။
ဝူရှောင်ရှောင်လည်း လှည့်ကြည့်လိုက်ရာ ယဲ့ထျန်းကို တွေ့လိုက်ရသဖြင့် ရင်ခုန်သွားမိသည်။
သူရဲဘော အကြောင်ဆုံးလို့ ထင်ထားတဲ့သူက သူမအတွက် မတ်တပ်ရပ်ပေးတဲ့ တစ်ဦးတည်းသော သူ ဖြစ်နေတာ ရယ်စရာ ကောင်းလိုက်တာ။
ဒါပေမဲ့ ဝူရှောင်ရှောင်က ယဲ့ထျန်းအပေါ် မျှော်လင့်ချက် သိပ်မထားပါဘူး။ အစ်ကိုကြီးကျားကို ယှဉ်နိုင်မယ့် အရည်အချင်း ရှိမယ်မထင်ဘူး။
ဘာပဲဖြစ်ဖြစ် ယဲ့ထျန်းက သူတို့မိသားစုကို မှီခိုနေရတာလေ၊ ဘာ အရင်းအနှီး ရှိမှာလဲ။
ထိုအချိန်တွင် စိတ်ကူးယဉ်မှု ပျက်ပြားသွားသဖြင့် ယွမ်ဟူ ဒေါသထွက်သွားသည်။ သို့သော် လူကောင်ကြီးသော်လည်း သူက မိုက်ရူးရဲဆန်သူ မဟုတ်ပေ။
ယဲ့ထျန်းကို တစ်ချက်ကြည့်လိုက်ရာ ဈေးပေါသော အဝတ်အစားများ ဝတ်ထားသည်ကို တွေ့လိုက်ရသဖြင့် အထင်သေးသွားသော်လည်း ချက်ချင်း ရန်မရှာသေးပေ။
ကျိုးထျန်းရွှယ်နှင့် နေလာတာ ကြာပြီဖြစ်၍ တချို့လူတွေက ရိုးရိုးအေးအေး နေတတ်ပြီး တကယ်တမ်းကျတော့ နောက်ခံ မသေးလှဘူး ဆိုတာ သိထားလို့ ဖြစ်သည်။
ဒါပေမဲ့ ဒီအတိုင်း နောက်ဆုတ်လိုက်ရင်၊ ပြီးတော့မှ ဒီကောင်လေးက ဘာကောင်မှ မဟုတ်ဘူးဆိုတာ သိလိုက်ရရင် အရှက်ကွဲရလိမ့်မယ်။
ယွမ်ဟူ ခဏ တွန့်ဆုတ်နေပြီးမှ အကြံတစ်ခု ရသွားသည်။ ဝိုင်ခွက်ကို ပြန်ယူလိုက်ပြီး မေးလိုက်သည်။ "လူငယ်... ဘာသဘောလဲ"
"ဘာသဘောမှ မရှိပါဘူး။ ဒီလိုကိစ္စမျိုးကို ကြည့်မနေနိုင်လို့ပါ။ ယောကျာ်းတစ်ယောက်က မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်တာ မကောင်းပါဘူး"
"ပြီးတော့ စောစောက ငါ မင်းကို မိတ်ဆက်စကား မပြောခဲ့ဘူးဆိုတော့ မင်းကို မျက်နှာမပေးဘူး ဆိုတဲ့ သဘော မဟုတ်ဘူးလား"
ယဲ့ထျန်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ မျက်နှာထား မပြောင်းလဲဘဲ ယွမ်ဟူကို တည့်တည့်ကြည့်ကာ လက်ထဲမှ ကတ်ပြားတစ်ခုကို ကစားနေသည်။
ယွမ်ဟူ မျက်နှာ အေးစက်သွားပြီး ရန်ရှာရန် ပြင်လိုက်စဉ် ယဲ့ထျန်း လက်ထဲမှ ကတ်ပြားကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်ရွံ့မှုများ ပေါ်လာသည်။
သူ မှတ်မိလိုက်ပြီ။ ဒါက ဧကရာဇ်နဂါး ကလပ်ရဲ့ VIP ကတ်။ သာမန်လူတွေ မရနိုင်တဲ့ အရာ။ သူတောင် မရှိဘူး၊ ကျိုးထျန်းရွှယ်ဆီမှာပဲ မြင်ဖူးတာ။
ပြီးတော့ ပေါင်ယွိတို့နဲ့ ယှဉ်ရင် ယွမ်ဟူက VIP ကတ်အကြောင်း ပိုသိသည်။
ဒီကတ်က ကျိုးထျန်းရွှယ် ကိုယ်တိုင် တယုတယ သိမ်းဆည်းထားတဲ့ အရာ။ VIP ကတ် လုပ်ဆောင်ချက်အပြင် အဆင့်အတန်းရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်တယ်လို့ ပြောဖူးတယ်။
ကျန်းလင်းမြို့မှာ ဒီလိုကတ်မျိုး ရနိုင်တဲ့သူ အနည်းငယ်ပဲ ရှိတယ်။ ကျိုးထျန်းရွှယ်တောင် ဒီလိုလူမျိုးကို အကြောင်းမရှိဘဲ မပြစ်မှားချင်ဘူး။
ဒါကို သဘောပေါက်သွားတော့ ယွမ်ဟူ မျက်နှာပျက်သွားပြီး ချွေးစေးများ ပြန်လာသည်။ သူ အလျင်စလို ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။ "အာ... တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့် အမှားပါ။ ကျွန်တော် အခုပဲ ထွက်သွားပါတော့မယ်"
ယွမ်ဟူ၏ မောက်မာသော ပုံစံမှ ရိုကျိုးသော ပုံစံသို့ ရုတ်တရက် ပြောင်းလဲသွားမှုက အခန်းထဲရှိ လူတိုင်းကို မှင်သက်သွားစေသည်။ အားလုံးက ယဲ့ထျန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ မသိမသာ ဟိတ်ဟန်ထုတ်ခြင်းက ပို၍ ထိရောက်ပါသည်။ အမှတ် ၂၀ တိုးလာပါသည်"
ထိုအချိန်တွင် ပေါင်ယွိ သတိပြန်ဝင်လာပြီး ယွမ်ဟူက ယဲ့ထျန်းကို တောင်းပန်နေသည်ကို မြင်လိုက်ရသည်။ သူ အလွန် အရှက်ရသွားသည်။
ဘာလို့လဲ...
အားလုံးက လူချင်း တူတူပဲကို၊ ဘာလို့ ငါကကျတော့ လမ်းတစ်လျှောက်လုံး တောင်းပန်ခဲ့ရပြီး ပါးရိုက်ခံလိုက်ရတာလဲ။
မဖြစ်ဘူး... ငါ လက်မခံနိုင်ဘူး။ ဒီကောင်လေးက အလှောင်ခံရမယ့်လူ ဖြစ်ရမှာ၊ ဘာလို့ ငါက အလှောင်ခံရတဲ့လူ ဖြစ်နေရတာလဲ။
စိတ်ထဲတွင် အော်ဟစ်ရင်း ပေါင်ယွိက ယဲ့ထျန်းကို ကြည့်လိုက်သည်။ ရုတ်တရက် ယဲ့ထျန်း လက်ထဲမှ VIP ကတ်ကို သတိထားမိလိုက်သည်။ ယွမ်ဟူ ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားမှန်း သူ နားလည်လိုက်သည်။
ပေါင်ယွိ ပို၍ မကျေမနပ် ဖြစ်သွားသည်။ သူလို ချမ်းသာတဲ့ ဒုတိယမျိုးဆက်တောင် VIP ကတ် မရနိုင်တာ၊ ဒီဆင်းရဲသားကောင်က ဘယ်လိုလုပ် ရနိုင်မှာလဲ။
မဟုတ်ဘူး... ခိုးလာတာပဲ ဖြစ်ရမယ်။
မကျေမနပ် ဖြစ်ရင်း ပေါင်ယွိ အော်ပြောလိုက်သည်။ "အစ်ကိုကြီးကျား... သူ့ VIP ကတ်က ဘယ်ကရမှန်း မသိရပါဘူး။ ခိုးလာတာ ဖြစ်နိုင်ပါတယ်"
"သူက ဝူရှောင်ရှောင် အိမ်မှာ ကပ်နေရတဲ့ ဆင်းရဲသား ကောင်လေးပါ။ ဒီလို VIP ကတ်မျိုး ပိုင်ဆိုင်စရာ အကြောင်းမရှိပါဘူး"
ယွမ်ဟူ ကြောင်သွားသည်။ မျက်နှာထား တင်းမာသွားပြီး ပေါင်ယွိ စကား မှန်မမှန် ဝေခွဲမရ ဖြစ်သွားသည်။
ငါ ဒီကောင်လေးကို တောင်းပန်လိုက်မိပြီ။ တကယ်လို့ အစစ်ဆိုရင် ကိစ္စမရှိဘူး။ အတုဆိုရင်တော့ ငါ မျက်နှာကွဲပြီ။
ခဏတာ သူတို့ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်သွားကြသည်။
သူ ပေါင်ယွိကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။ "မင်း ပြောတာ အမှန်ပဲလား"
"အစ်ကိုကြီးကျား... အမှန်ပါဗျာ၊ တကယ့် အမှန်ပါ။ ဒီကောင်လေးက ဝူရှောင်ရှောင်အိမ်မှာ နေတဲ့ ဆင်းရဲသားလေးပါ။ ဘယ်လိုလုပ် VIP ကတ် ရှိနိုင်မှာလဲ"
ပေါင်ယွိ အလွန် စိတ်လှုပ်ရှားနေသည်။ တစ်ညလုံး ယဲ့ထျန်းကို အရှက်ခွဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ သူပဲ မျက်နှာကွဲခဲ့ရသည်။ ပြီးတော့ အခုလေးတင် ပါးရိုက်ခံလိုက်ရသေးတယ်။
အဟောင်းရော အသစ်ပါ ရောပြီး မကျေမနပ် ဖြစ်နေတာမို့ ယဲ့ထျန်း သူ့ရှေ့မှာ ဟိတ်ဟန်ထုတ်နေတာကို ကြည့်မနေနိုင်တော့။ အခြားအရာများကို ဂရုမစိုက်တော့ဘဲ အစ်ကိုကြီးကျားကို သုံးပြီး ယဲ့ထျန်းကို ပညာပေးချင်နေသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: