အပိုင်း (၂၃) - ငါတို့ ကောင်းကောင်း စကားပြောရအောင်
ပေါင်ယွိက မီးလောင်ရာ လေပင့် ဆက်လုပ်သည်။ "အစ်ကိုကြီးကျား... ခင်ဗျားက ခေါင်းဆောင်ကြီးကျိုးရဲ့ လက်ရုံးတစ်ဆူပဲ၊ ယဲ့ထျန်းရဲ့ VIP ကတ်က အစစ်လား အတုလား ဆိုတာ စစ်ဆေးပေးဖို့က ခင်ဗျားအတွက် လွယ်လွယ်လေးပါ"
"သူခိုးတစ်ယောက်က ဧကရာဇ်နဂါး ကလပ်ထဲထိ စိမ့်ဝင်လာတယ် ဆိုတဲ့သတင်း ထွက်သွားရင် ကလပ်ရဲ့ ဂုဏ်သိက္ခာရော၊ မမလျူရဲ့ ပုံရိပ်ပါ ထိခိုက်ကုန်မှာပေါ့"
"တကယ်လို့ ခင်ဗျားက ခိုးဝင်လာတဲ့ သူခိုးကို ဖမ်းပေးလိုက်နိုင်ရင် မမလျူက ခင်ဗျားကို ကျေးဇူးတင်နေမှာ သေချာတယ်။ အဲ့ဒီအခါကျရင် ခေါင်းဆောင်ကြီးကျိုး ရှေ့မှာ ခင်ဗျား မျက်နှာပွင့်သွားပြီပေါ့"
ဒါကို ကြားတော့ ယွမ်ဟူ မျက်လုံးများ အရောင်တောက်လာသည်။ ပေါင်ယွိ ပြောတာ ဟုတ်တုတ်တုတ် ရှိသားဟု တွေးလိုက်မိသည်။
ဧကရာဇ်နဂါး ကလပ်က နောက်ခံ တော်တော်တောင့်တင်းတာ၊ ကျိုးထျန်းရွှယ်တောင် မျက်နှာသာ ပေးရတဲ့ နေရာမျိုး။ မမလျူက ဒီကလပ်ကို ဦးစီးနေတာ၊ တခုခု လွဲချော်သွားရင် သူ အဆူခံရမှာ သေချာတယ်။
ငါသာ ဖြေရှင်းပေးနိုင်ရင် မမလျူ ကျေးဇူးတင်မှာဖြစ်ပြီး ကျိုးထျန်းရွှယ်ရှေ့မှာ ငါ့ကောင်းကြောင်း ပြောပေးမှာ သေချာတယ်။
တွေးရင်းနှင့် ယွမ်ဟူ စိတ်လှုပ်ရှားလာသည်။
သူတို့နှစ်ယောက် ပြောနေတာကို ကြည့်ရင်း ယဲ့ထျန်းကတော့ အစမှအဆုံး တိတ်ဆိတ်နေသည်။ ပေါင်ယွိ ပေါက်ကရတွေ လျှောက်ပြောနေတာကို လူပြက်တစ်ယောက် ကပြအသုံးတော်ခံနေသလိုမျိုး အထင်သေးသော အပြုံးဖြင့် ကြည့်နေသည်။
ယဲ့ထျန်းက ပေါင်ယွိကို အထင်သေးသော်လည်း ပေါင်ယွိ ဆက်လက် ရန်စနေခြင်းကို သည်းခံမည်ဟု မဆိုလိုပေ။ သူ့မျက်နှာထား အေးစက်လာသည်။
နဂါးမှာ ပြောင်းပြန်ပေါက်တဲ့ အကြေးခွံ ရှိတယ်၊ အဲ့ဒါကို သွားထိရင် သေလမ်းပဲ ရှိတယ်။
ဒီတစ်ခါ ပေါင်ယွိက ယဲ့ထျန်းရဲ့ စည်းကို ကျော်လာခဲ့ပြီ။
ထိုအချိန်တွင် ယွမ်ဟူက ချက်ချင်း ရန်မရှာသေးဘဲ ရှေ့တိုးလာပြီး ယဲ့ထျန်းကို အမိန့်ပေးလိုက်သည်။ "မင်းရဲ့ ကတ်ကို ထုတ်ပြစမ်း၊ ငါ စစ်ဆေးမယ်"
ယဲ့ထျန်း၏ ကတ်က အတုမှန်း သိလိုက်ရသည်နှင့် ဒီဆင်းရဲသားကောင်လေးကို ချက်ချင်း ပညာပေးမယ်လို့ ယွမ်ဟူ ဆုံးဖြတ်ထားလိုက်ပြီ။
ဘယ်တော့မှ မမေ့နိုင်လောက်အောင် ပညာပေးလိုက်မှ ကျားမင်းရဲ့ နှုတ်ခမ်းမွှေးကို သွားထိမိရင် ဘာဖြစ်မယ်ဆိုတာ သိသွားမှာ။
ယွမ်ဟူ၏ အကြည့်က ယဲ့ထျန်းကို သေဒဏ်ပေးလိုက်သလိုမျိုး ဖြစ်နေသည်။
ဘေးနားရှိ ပေါင်ယွိက ကျေနပ်အားရနေသော မျက်နှာထားဖြင့် ရှိနေပြီး ဘေးလူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို လုံးဝ သတိမထားမိပေ။
သူက ယဲ့ထျန်းကို မုန်းတီးနေပြီဖြစ်၍ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ယဲ့ထျန်းကို ပညာပေးချင်စိတ်သာ ရှိတော့သည်။
ယွမ်ဟူကို ရင်ဆိုင်ရင်း ယဲ့ထျန်းသည် ဆိုဖာပေါ်တွင် ဆက်လက် ထိုင်နေကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်း ယူမယ်ဆိုတိုင်း ရမယ် ထင်နေလား။ မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ"
ရှိနေသူအားလုံး လန့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။ ယဲ့ထျန်း ဒီလိုစကားမျိုး ပြောလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၂၀ တိုးလာပါသည်"
ယဲ့ထျန်း သည်းမခံတော့ပေ။ သူ့ရှေ့မှ ယွမ်ဟူနှင့် ပေါင်ယွိ နှစ်ယောက်စလုံးကို လူသေများအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
ဘယ်သူ အရင် သေမလဲ ဆိုတာပဲ ကွာခြားတယ်။
ယွမ်ဟူ မျက်နှာ နီရဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဟေ့ကောင်... မင်း ငါ့ကို ဒီလို ပြောရဲတယ်ပေါ့။ မင်း သေချင်နေတာပဲ"
ယွမ်ဟူ အော်လိုက်သောအခါ ယဲ့ထျန်း၏ စကားကြောင့် မှင်သက်နေသော လူအုပ်ကြီး တီးတိုး ပြောဆိုလာကြသည်။
"ဒီကောင်လေး သေပြီ။ အစ်ကိုကြီးကျားကို ဒီလို ပြောရဲတယ်ဆိုတော့။ သူ့မှာ အံ့မခန်း နောက်ခံမရှိရင် အစ်ကိုကြီးကျား လက်ချက်နဲ့ သေမှာ သေချာတယ်"
"ဟွန်း... ပေါင်ယွိ ပြောတာ မကြားဘူးလား။ သူက သူများအိမ်မှာ ကပ်နေရတဲ့ ဆင်းရဲသားလေးပါ။ VIP ကတ်ကို ခိုးလာတာ။ မဟုတ်ရင် အစ်ကိုကြီးကျားကို ဘာလို့ ထုတ်မပြရဲရမှာလဲ"
"လောကကြီးမှာ လူအမျိုးမျိုး ရှိတာပဲ။ သူဌေးယောင်ဆောင်ချင်ပြီး အထက်တန်းစားလိုလို ဟန်ဆောင်ချင်နေကြတာ"
"အခုတော့ တွေ့ပြီမလား။ သန်မာချင်ယောင်ဆောင်တော့ အရှက်ကွဲရတော့မယ်"
သူတို့၏ လှောင်ပြောင်မှုများကို လျစ်လျူရှုကာ ယဲ့ထျန်းက ယွမ်ဟူကို အေးစက်စွာ ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။ "ငါ သေချင်နေတာလား၊ မသေချင်နေတာလား ဆိုတာ မင်းနဲ့ မဆိုင်ဘူး"
"အခု မင်း စဉ်းစားရမှာက မင်း ဘယ်လို သေချင်လဲ ဆိုတာပဲ။ မင်း မစဉ်းစားတတ်ရင်လည်း ကိစ္စမရှိပါဘူး၊ မင်း ပျော်သွားအောင် ငါ စီစဉ်ပေးပါ့မယ်"
ဒီစကားတွေက လူတိုင်းကို တုန်လှုပ်သွားစေပြီး ရင်ထဲ ဗလောင်ဆူသွားစေသည်။ အားလုံး ယဲ့ထျန်းကို မျက်လုံးပြူးပြီး ကြည့်နေကြသည်။
ယဲ့ထျန်းက ယွမ်ဟူကို ဒီလိုစကားမျိုး ပြောရဲလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။ တကယ့်ကို မိုက်ရူးရဲ ဆန်လွန်းသည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် +၂၅"
ဘေးလူတွေတောင် ဒီလောက် လန့်နေတာ၊ ကာယကံရှင် ယွမ်ဟူက ဘယ်လိုလုပ် ငြိမ်နေနိုင်မှာလဲ။
ယခုအချိန်တွင် သူ ဒေါသအကြီးအကျယ် ထွက်နေပြီး ထိန်းမရနိုင်တော့။ ဘာမှ မပြောတော့ဘဲ လက်သီးကို မြှောက်ပြီး ယဲ့ထျန်းကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
သူ့နောက်မှ လူများလည်း ပြေးဝင်လာကြပြီး ယဲ့ထျန်းကို ဝိုင်းတိုက်ရန် ပြင်လိုက်ကြသည်။
ဒါကို မြင်တော့ ပေါင်ယွိနှင့် အခြားသူများ ဘေးလွတ်ရာသို့ အမြန် ရှောင်ပြေးကြသည်။
ယွမ်ဟူ၏ လက်သီးချက်က ပြင်းထန်ပြီး လေးလံလှသည်။ ညှာတာမှု လုံးဝ မရှိ။
ဒီလက်သီးချက် မိသွားရင် ယဲ့ထျန်း ပြန်ထနိုင်တော့မည် မဟုတ်ကြောင်း၊ လက်သီးကို ကာကွယ်နိုင်ရန် မဆိုထားနှင့်၊ အားလုံးက ယုံကြည်ထားကြသည်။
ယွမ်ဟူလည်း ထိုနည်းတူ တွေးထားသည်။ ဒီလက်သီးချက်နဲ့ဆို ဒီကောင်လေး ကြမ်းပြင်ပေါ် တွားသွားပြီး သွားတွေ လိုက်ကောက်နေရတော့မယ်လို့ တွေးလိုက်သည်။
ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကျိုးထျန်းရွှယ်ရဲ့ လက်အောက်မှာ အမှုထမ်းနေသူ ပီပီ၊ ယွမ်ဟူက တိုက်ပွဲတွေကြားမှာ ကြီးပြင်းလာသူ ဖြစ်သည်။ အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ကို ပညာပေးရတာ သူ့အတွက် အသေးအဖွဲ ကိစ္စပင်။
သို့သော် ယွမ်ဟူ မပြုံးလိုက်နိုင်ခင်မှာပင် သူ့မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
သူတင်မကဘဲ ဘေးနားရှိ လူများလည်း မျက်လုံးပြူးပြီး မယုံကြည်နိုင် ဖြစ်သွားကြသည်။
ယွမ်ဟူ၏ ပြင်းထန်သော လက်သီးချက်ကို ရင်ဆိုင်ရာတွင် ယဲ့ထျန်းက ရှောင်တိမ်းခြင်း မပြုဘဲ တည်ငြိမ်အေးဆေးစွာ ရှိနေသည်။
လက်သီးက မျက်နှာနားသို့ စင်တီမီတာ အနည်းငယ် အလို ရောက်မှသာ သူက ဆိုဖာနောက်မှီပေါ် တင်ထားသော လက်ကို ပေါ့ပေါ့ပါးပါး ရုပ်သိမ်းလိုက်ပြီး ယွမ်ဟူ၏ လက်သီးကို လွယ်ကူစွာ ဖမ်းချုပ်လိုက်သည်။
ဆိုဖာပေါ်တွင် မှီထိုင်နေသော သူ့ခန္ဓာကိုယ်က တစ်လက်မမျှပင် မရွေ့ပေ။ ယွမ်ဟူ၏ လက်သီးချက်က အားမပါသလို၊ လေတိုက်သလိုမျိုး ဖြစ်နေသည်။
ယွမ်ဟူ ကြောင်သွားသည်။ ယဲ့ထျန်းကို ကြည့်နေသော သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်။
သို့သော် နေရာယူထားမှုကြောင့် လူအုပ်ကြီးက ယွမ်ဟူ၏ ကြောက်ရွံ့မှုကို မမြင်လိုက်ကြပေ။ သူက ယဲ့ထျန်းကို ခြိမ်းခြောက်ရုံသာ ရည်ရွယ်ပြီး တကယ် မထိုးဘူးဟု ထင်လိုက်ကြသည်။
တချို့ဆိုလျှင် အစ်ကိုကြီးကျားက သဘောကောင်းလွန်းတယ်ဟု ပြောနေကြသည်။
ထိုအချိန်တွင် ယဲ့ထျန်းက မျက်ဝန်းအိမ် ကျဉ်းမြောင်းနေသော ယွမ်ဟူကို ပြုံးပြပြီး "ငါ့အလှည့်" ဟု ပြောလိုက်သည်။
ယွမ်ဟူ တုံ့ပြန်ချိန်ပင် မရလိုက်။ ဗိုက်ထဲတွင် ကြီးမားသော အားတစ်ခု လာဆောင့်သည်ကို ခံစားလိုက်ရပြီး ကိုယ်ကိုကွေးကာ နောက်သို့ လွင့်ထွက်သွားသည်။
ဝုန်းခနဲ အသံကျယ်ကြီးနှင့်အတူ အခန်းတံခါးကို ဝင်တိုက်မိပြီး တံခါးပါ ပွင့်ထွက်သွားသည်။
တကယ့်ကို အံ့သြစရာ မြင်ကွင်းပင်။
အရပ် ၁.၈ မီတာ (၆ ပေခန့်) ရှိသော လူကောင်ကြီးကို လေတိုက်ရင် လွင့်ပါသွားမယ့် ပုံပေါက်နေတဲ့ ကောင်လေးက ကန်ထုတ်လိုက်တာ တံခါးပါ ပွင့်ထွက်သွားသည်။
ဒါက သတ္တုတံခါးနော်... ဖူဆန်းကျွန်းက စက္ကူတံခါး မဟုတ်ဘူး။
အားလုံး မှင်သက်သွားကြပြီး နေရာမှာတင် ကျောက်ရုပ်လို ဖြစ်ကုန်ကြသည်။
ထိုအချိန်တွင် ယွမ်ဟူ၏ တပည့်များ အရင်ဆုံး သတိဝင်လာကြသည်။ နှစ်ယောက်က ယွမ်ဟူ၏ အခြေအနေကို သွားကြည့်ကြပြီး ကျန်လူများက ယဲ့ထျန်းဆီ ပြေးဝင်လာကြသည်။
ယဲ့ထျန်းက ထိုင်လျက်သားပင် ခြေထောက်ကိုသာ အသုံးပြုပြီး ပြေးဝင်လာသူများကို ကန်ထုတ်လိုက်ရာ လူများ လွင့်ထွက်ကုန်ကြသည်။ အခန်းတစ်ခုလုံး ညည်းညူသံများနှင့် ပြည့်နှက်သွားပြီး လူများ ကြမ်းပြင်ပေါ် လဲကျကုန်ကြသည်။
လူမိုက်များကို ရှင်းပြီးနောက် ယဲ့ထျန်း မော့ကြည့်လိုက်ပြီး အခြေအနေကို အကဲခတ်လိုက်သည်။
ထို့နောက် ဘောင်းဘီပေါ်မှ မရှိသော ဖုန်များကို ခါလိုက်သလို ပေါ့ပေါ့ပါးပါး လုပ်လိုက်ပြီး "ဘယ်သူ ရှိသေးလဲ" ဟု မေးလိုက်သည်။
အသံက တိုးညှင်းသော်လည်း ပေါင်ယွိနှင့် အခြားသူများ၏ နားထဲတွင် မိုးကြိုးပစ်လိုက်သလို ကျယ်လောင်စွာ ကြားလိုက်ရပြီး ရင်ထဲ တုန်လှုပ်သွားစေသည်။
"ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ဟန့်တားခြိမ်းခြောက်မှု အကျိုးသက်ရောက်မှု ရှိပါသည်။ အမှတ် +၄၀"
ယခုအချိန်တွင် ရှိနေသူအားလုံး ကြောင်အမ်းနေကြသည်။ အထူးသဖြင့် ပေါင်ယွိဆိုလျှင် ကျောချမ်းသွားသည်။
ပေါင်ယွိ အမြင်တွင် ပွဲပေါင်း ၁၀၀ ဆက်တိုက် အနိုင်ရဖူးပြီး ပြိုင်ဘက်ကို လက်သီးတစ်ချက်တည်းနဲ့ အလဲထိုးနိုင်ခဲ့သော ယွမ်ဟူသည် ဖန်ရှောင်ထက် အများကြီး ပိုသန်မာသည်ဟု ထင်ထားခဲ့သည်။
ဒါပေမဲ့ ယွမ်ဟူလောက် သန်မာတဲ့သူတောင် ဒီကောင်လေးကို မယှဉ်နိုင်လိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။
သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ့ရှေ့မှ ကောင်လေးသည် တကယ် အစွမ်းထက်သူ ဖြစ်ကြောင်း၊ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားသည်။
"ငါ ရူးနေတာပဲ... ဘာလို့ သူ့ကို သွားပြစ်မှားမိပါလိမ့်။"
ထိုအချိန်တွင် ပေါင်ယွိ၏ ခေါင်းထဲ၌ ထိုအတွေးတစ်ခုတည်းသာ ရှိတော့ပြီး ခန္ဓာကိုယ်မှာ ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။
တစ်ဖက်တွင် အခန်းထဲရှိ လူများသည် ဒီမြင်ကွင်းကို မြင်ပြီးနောက် အံ့သြသလို နားလည်သွားကြသည်။
ဒီကောင်လေးက ယွမ်ဟူကို စိန်ခေါ်ရဲလောက်အောင် မောက်မာတာ မဆန်းပါဘူး၊ တကယ် စွမ်းရည်ရှိတာကိုး။
သို့သော် ယဲ့ထျန်း၏ အင်အားကြောင့် အံ့သြသွားကြသော်လည်း မည်သူမျှ ရှေ့မတိုးရဲဘဲ အကွာအဝေး ယူထားကြသည်။
အကြောင်းမှာ ယဲ့ထျန်းက ယွမ်ဟူကို အနိုင်ယူလိုက်ခြင်းသည် ဇာတ်သိမ်း မဟုတ်ဘဲ အစပျိုးခြင်းသာ ဖြစ်ကြောင်း သူတို့ သိထားကြလို့ ဖြစ်သည်။
ယဲ့ထျန်းမှာ အင်အားရှိပေမယ့် အာဏာ ရှိတယ်လို့ မဆိုလိုဘူး။ သူ ဘယ်လောက်ပဲ သန်မာပါစေ၊ လူဆယ်ယောက်၊ အယောက်တစ်ရာကို ယှဉ်နိုင်မလား။ သေနတ်တွေ ကျည်ဆန်တွေကို ယှဉ်နိုင်မလား။
ယွမ်ဟူက လူနှစ်ယောက် သုံးယောက်လောက်ပဲ ခေါ်လာလို့ အထင်မသေးနဲ့။ သူ့နောက်မှာ ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ကျိုးထျန်းရွှယ် ရှိတယ်။ ပြီးတော့ ဧကရာဇ်နဂါး ကလပ် မန်နေဂျာ မမလျူက ကျိုးထျန်းရွှယ်ရဲ့ အမျိုးသမီး။ သူမက လူဒါဇင်ပေါင်းများစွာကို အလွယ်တကူ ခေါ်နိုင်တယ်။
အဲ့ဒီအချိန်ကျရင် လူအုပ်ကြီး ဝိုင်းတိုက်တာ ခံရပြီး ယဲ့ထျန်း သေချာပေါက် သေလိမ့်မယ်။
အခုအချိန်မှာ သူ့နားကပ်သွားရင် ပြဿနာ မီးဟပ်ခံရမှာ သေချာတယ်။ ဒါကြောင့် ဘယ်သူမှ ရှေ့မတိုးရဲကြပေ။
"ကောင်... ကောင်လေး... မင်းမှာ ဒီလို အင်အားရှိလိမ့်မယ်လို့ ထင်မထားဘူး... အဟွတ်... အဟွတ်..."
ယွမ်ဟူ မတ်တပ်ရပ်ဖို့ ကြိုးစားသော်လည်း မထနိုင်ပေ။
ယဲ့ထျန်း မဲ့ပြုံး ပြုံးလိုက်သည်။ "ဘာလဲ... ငါ့ကို သတ်ချင်နေတုန်းပဲလား"
"မင်း... မင်း မောက်မာမနေနဲ့။ ရှန်ဟယ် မဟာမိတ်အဖွဲ့ကို ပြစ်မှားရဲရင် မင်း သေပြီပဲ"
ယွမ်ဟူက ခေါင်းမာစွာ ခြိမ်းခြောက်နေဆဲ။
ယဲ့ထျန်းက "ဟွန်း... ငါက မင်းကိုပဲ ပြဿနာရှာတာ၊ မင်းက ရှန်ဟယ် မဟာမိတ်အဖွဲ့နဲ့ လာတိုက်နေပြီလား။ တော်တော် သတ္တိကောင်းတာပဲ"
"မင်းက ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်လား။ တကယ်လို့ ရှန်ဟယ် မဟာမိတ်အဖွဲ့မှာ မင်းလိုကောင်တွေပဲ ရှိနေတယ် ဆိုရင်လည်း ရှိပါစေတော့၊ ငါ အကုန် ရှင်းပစ်လိုက်မယ်"
ဒါကို ကြားတော့ အားလုံး မျက်လုံးပြူးသွားကြသည်။ ဒီကောင် မောက်မာမှန်း သိပေမယ့် ရှန်ဟယ် မဟာမိတ်အဖွဲ့ကိုတောင် မျက်လုံးထဲ မထည့်လောက်အောင် မောက်မာလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။
ရှန်ဟယ် မဟာမိတ်အဖွဲ့ ဆိုတာ ဘာလဲ။ ကျန်းလင်းမြို့ရဲ့ အကြီးဆုံး မြေအောက် အင်အားစုကြီးလေ။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် +၃၀"
စနစ်၏ အသိပေးသံကို ကြားပြီးနောက် ယဲ့ထျန်း ပြုံးလိုက်သည်။ ပြန်ထိုင်လိုက်ပြီး ယွမ်ဟူနှင့် ရှန်ဟယ် မဟာမိတ်အဖွဲ့ကို လုံးဝ လျစ်လျူရှုလိုက်သည်။
"ကောင်းပြီလေ... မင်း စောင့်နေလိုက်"
ယွမ်ဟူ လက်ဝှေ့ယမ်းလိုက်ပြီး သက်သာနေသော တပည့်များကို တွဲခိုင်းကာ ထွက်ခွာသွားသည်။
ယွမ်ဟူ ထွက်သွားပြီးနောက် ဝူရှောင်ရှောင်က စိုးရိမ်တကြီး ပြောလိုက်သည်။ "ယဲ့ထျန်း... နင် အခုပဲ ထွက်ပြေးလိုက်တော့"
သူတို့က ရှန်ဟယ် မဟာမိတ်အဖွဲ့ဝင်တွေ၊ ငါ့အဖေတောင် မပြစ်မှားရဲဘူး။
"နင်က အရည်အချင်း ရှိတာပဲ၊ ထွက်ပြေးလို့ ရနိုင်မှာပါ။ ပြီးမှ ငါတို့ကို လာကယ်ပေးပေါ့"
ယဲ့ထျန်းက ဝူရှောင်ရှောင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။ "နင့်အဖေတောင် ရှန်ဟယ် မဟာမိတ်အဖွဲ့ကို မပြစ်မှားရဲဘူးဆိုရင်၊ ဘယ်သူက ငါတို့ကို လာကယ်နိုင်မယ်လို့ နင် ထင်နေတာလဲ"
"ဒါပေမဲ့..." ဝူရှောင်ရှောင် ကြောင်သွားပြီး ဘာပြောရမှန်း မသိတော့။
"ထားလိုက်ပါတော့... နင် ငြိမ်ငြိမ်လေး ထိုင်နေ၊ ဘာမှ မပြောနဲ့တော့။ ကိစ္စတွေ ရှင်းပြီးရင် ငါ နင့်ကို ပြန်လိုက်ပို့မယ်" ယဲ့ထျန်း ပြောလိုက်သည်။
ထို့နောက် သူ့အကြည့်က ပေါင်ယွိအပေါ် ရောက်သွားပြီး မျက်လုံးများ အေးစက်သွားသည်။
"ပေါင်ယွိ... ဟုတ်တယ်မလား။ အခု... ငါတို့ ကောင်းကောင်း စကားပြောရအောင်"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: