ကျောက်ယွိ လန့်သွားပြီး အံ့သြသွားသည်။ ယဲ့ထျန်းက သူ့ဆီ တည့်တည့် လျှောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လုံးဝ ကြောက်ရွံ့ပုံ မရပေ။

ဒီကောင်လေးက တကယ်ပဲ အစွမ်းအစ ရှိတာလား၊ ဒါမှမဟုတ် တုံးအပြီး မောက်မာနေတာလား ဆိုတာတော့ မပြောတတ်။

သူ ဂရုမစိုက်တော့ဘဲ သူ့လူတွေကို အမိန့်ပေးလိုက်သည်။ အခန်းထဲရှိ ကျန်လူများ အားလုံးနှင့် အမ (ပိုး) ခံထားရသော ပေါင်ယွိကို ဧကရာဇ် ခန်းမဆောင်သို့ မောင်းထုတ်ခိုင်းလိုက်သည်။

လူအုပ်ကြီး ဧကရာဇ် ခန်းမဆောင်သို့ ရောက်ရှိသွားကြသည်။

တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှေ့ဆုံးမှ ဝင်လာသော ယဲ့ထျန်းနှင့် သူ့နောက်မှ ကြောက်လန့်တကြား လိုက်ပါလာသော လူအုပ်စုကို ကြည့်ရင်း အစ်ကိုကြီးရွှယ် ခေါင်းညိတ်လိုက်သည်။ ကွာခြားချက်က သိသာလွန်းနေသည်။

တခြားဟာတွေ ထားလိုက်ဦး၊ ဒီကောင်လေးရဲ့ သတ္တိနဲ့ အရည်အချင်းကတော့ တော်တော် ကောင်းတယ်။ သူ့ကိုသာ စည်းရုံးနိုင်ရင် အနာဂတ်မှာ တကယ့် လက်ရုံးတစ်ဆူ ဖြစ်လာမှာ သေချာတယ်။

စဉ်းစားပြီးနောက် အစ်ကိုကြီးရွှယ်က မူလ အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါက ကျိုးထျန်းရွှယ်ပဲ။ ကောင်လေး... မင်း ငါ့လူကို ရိုက်ခဲ့တယ်၊ ဘယ်လို ဖြေရှင်းချင်လဲ"

"အစ်ကိုကြီး... အစ်ကိုကြီးရွှယ် ဟုတ်လား"

ယဲ့ထျန်းက ဘာမှ မတုံ့ပြန်သော်လည်း သူ့နောက်မှ လူများမှာ မျက်နှာပျက်ကုန်ကြသည်။

စောစောကမှ အခန်းထဲမှာ အစ်ကိုကြီးရွှယ် ဘယ်လောက် စွမ်းကြောင်း ပြောနေကြတာ၊ အခု လူကိုယ်တိုင် တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။

ပေါင်ယွိတို့ အဖွဲ့က အပြင်ပန်း ကြည့်ရင် အရှိန်အဝါ ရှိသယောင် ထင်ရပေမယ့် ကျန်းလင်းမြို့ရဲ့ အထက်တန်းလွှာတွေနဲ့ ယှဉ်ရင် ဒုတိယတန်းစား၊ တတိယတန်းစား အဆင့်လောက်ပဲ ရှိတာ။ တရားဝင်လောကရော အောက်လမ်းလောကမှာပါ ဩဇာကြီးမားတဲ့ လူကြီးလူကောင်း တစ်ယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းရွှယ်၏ စကားကို ကြားသောအခါ ယွမ်ဟူ ချွေးစေးများ ပြန်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

ကျိုးထျန်းရွှယ်က ယဲ့ထျန်းကို ဒီလောက် အေးအေးဆေးဆေး ပြောလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။

သူ့အထင် ကျိုးထျန်းရွှယ်က ဒေါသကြီးသူ ပီပီ ဒီကောင်လေးကို ချက်ချင်း ဆဲဆိုကြိမ်းမောင်းပြီး ပညာပေးခိုင်းလိမ့်မည်ဟု ထင်ခဲ့သည်။

ဒါကြောင့် ယွမ်ဟူက ပြဿနာရဲ့ အဓိက အကြောင်းရင်းကို တမင် ဖုံးကွယ်ထားခဲ့တာ။

ဒါပေမဲ့ မထင်မှတ်ထားဘဲ အခြေအနေက ပြောင်းပြန် ဖြစ်သွားသည်။ ကျိုးထျန်းရွှယ်က အေးအေးဆေးဆေး စကားပြောနေပြီး ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ မေးနေသည်။

ဒီလိုဆိုရင် ဒီကောင်လေးက ဘယ်လောက်ပဲ မောက်မာနေပါစေ၊ ချက်ချင်း ထဆဲတော့မှာ မဟုတ်ဘူး။

ဒုက္ခပဲ...

ယွမ်ဟူ ဝင်ပြောရန် ပြင်လိုက်စဉ်မှာပင် ယဲ့ထျန်းက သူ့ကို လက်ညှိုးထိုးပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ပြီးပြီလား။ ငါ သူ့ကို ဘာလို့ ရိုက်ခဲ့လဲ ဆိုတာ သူ ခင်ဗျားကို ပြောမပြထားဘူး ထင်တယ်"

မျှော်လင့်ထားသည့်အတိုင်း ဒါကို ကြားလိုက်ရသောအခါ ကျိုးထျန်းရွှယ်၏ မျက်နှာ အေးစက်သွားပြီး ယွမ်ဟူကို လှမ်းကြည့်လိုက်သည်။

ယွမ်ဟူ ခြေထောက်များ ပျော့ခွေသွားပြီး ကြောက်လန့်တကြား ဒူးထောက်ကျသွားသည်။

ပြောစရာ မလိုတော့ပါဘူး၊ ဒါက အပြစ်ဝန်ခံလိုက်တာပါပဲ။

ကျိုးထျန်းရွှယ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ယွမ်ဟူကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

ယဲ့ထျန်းနှင့် အတူပါလာသူများ အားလုံး ကြောင်အမ်းနေကြသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။

ယွမ်ဟူက ယဲ့ထျန်းကို လက်စားချေဖို့ လူခေါ်သွားတာ မဟုတ်ဘူးလား။ အခုကျတော့ ယွမ်ဟူက အဆွဲထုတ် ခံလိုက်ရတယ်။

ကျိုးထျန်းရွှယ်က ယဲ့ထျန်းကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးလိုက်သည်။ "မဆိုးဘူး... အန္တရာယ်နဲ့ ရင်ဆိုင်ရတာတောင် တည်ငြိမ်နေတယ်၊ စစ်သူကြီး တစ်ယောက်ရဲ့ ဟိတ်ဟန်မျိုးပဲ။ ငါ မင်းကို သဘောကျတယ်"

ဒါကို ကြားတော့ အားလုံး အံ့သြသွားကြပြီး ယဲ့ထျန်းကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ကျိုးထျန်းရွှယ်က လူတစ်ယောက်ကို အလွယ်တကူ မချီးကျူးတတ်ဘူး။ ချီးကျူးခံရပြီ ဆိုကတည်းက အဲ့ဒီလူကို သူ တော်တော် သဘောကျနေပြီ ဆိုတဲ့ သဘောပဲ။ ယဲ့ထျန်းအနေနဲ့ ကျိုးထျန်းရွှယ်ရဲ့ အဆက်အသွယ်တွေကို သုံးပြီး လူရာဝင်လာနိုင်တော့မယ်။ ဒါက အားကျစရာ ကောင်းတာပေါ့။

အားလုံး၏ အားကျနေသော အကြည့်များကို မြင်သော်လည်း ယဲ့ထျန်းက တည်ငြိမ်စွာ ပြုံးပြီး "ကျေးဇူးပါ" ဟု တစ်ခွန်းသာ ပြောကာ နှုတ်ဆိတ်နေလိုက်သည်။

အားလုံး ကြောင်သွားကြသည်။

ဒီလူ ရူးနေတာလား။

ကျိုးထျန်းရွှယ်ရဲ့ ချီးကျူးမှုကို ခံရတာလေ၊ ဝမ်းသာအားရ ဖြစ်ပြီး အခွင့်အရေးယူ တိုးကပ်ရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အေးစက်စက် တုံ့ပြန်ရတာလဲ။

သာမန်လူတွေတင် မကဘူး၊ အတွေ့အကြုံများတဲ့ မမလျူတောင် အံ့သြသွားပြီး ယဲ့ထျန်းကို စိတ်ဝင်တစား ကြည့်နေမိသည်။

"ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၂၀ တိုးလာပါသည်"

"ကောင်းတယ်... ကောင်းတယ်။ တကယ့်ကို တည်ငြိမ်တဲ့ လူငယ်လေးပဲ" ကျိုးထျန်းရွှယ်က မိန်းကလေး ပုခုံးပေါ်မှ လက်ကို ရုပ်သိမ်းလိုက်ပြီး လက်ခုပ်တီးကာ ပြောလိုက်သည်။ "ကောင်လေး... ငါ မင်းကို သဘောကျတယ်။ ငါ့ဆီမှာ လာလုပ်မလား"

ဒီစကားကြောင့် အားလုံး ထပ်ပြီး အံ့သြသွားကြပြန်သည်။ ယဲ့ထျန်းကို အားကျစိတ်များ ပိုတိုးလာသည်။ ကျိုးထျန်းရွှယ်ဆီမှာ အလုပ်လုပ်ရဖို့ ဆိုတာ တော်ရုံ အခွင့်အရေး မဟုတ်ဘူး။

ဝူရှောင်ရှောင် အပါအဝင် ယဲ့ထျန်းနှင့် ပါလာသူများ စိတ်သက်သာရာ ရသွားကြသည်။

ကျိုးထျန်းရွှယ်က ယဲ့ထျန်းကို သဘောကျနေမှတော့ သူတို့အားလုံး ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ကြတော့မယ်။ ယဲ့ထျန်းကို အားကျနေရင်းနဲ့မှ မနာလိုစိတ်ပါ ဝင်လာကြသည်။

ဒီလိုမှန်း သိရင် စောစောက ငါတို့လည်း သတ္တိရှိသလို ဟန်ဆောင်ခဲ့ပါတယ်။ ဒါဆို ငါတို့လည်း ကျိုးထျန်းရွှယ်ရဲ့ သဘောကျမှုကို ရနိုင်မှာပဲ။

"ခင်ဗျားက မထိုက်တန်ဘူး"

သို့သော် အားလုံး အံ့သြသွားအောင်ပင် ယဲ့ထျန်းက တည်ငြိမ်စွာပင် ထိုစကားလုံး သုံးလုံးကို ပြောလိုက်သည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံး မျက်လုံးပြူးပြီး ယဲ့ထျန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

ငါ... ငါ အိမ်မက် မက်နေတာလား။ သူ... သူ အခု ဘာပြောလိုက်တာလဲ။

ထိုအချိန်တွင် လူတိုင်း၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး သေမင်းနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။

အထူးသဖြင့် ယဲ့ထျန်းနှင့် ပါလာသူများမှာ အားကျစိတ်၊ မနာလိုစိတ်များ ပျောက်ကွယ်သွားပြီး ယဲ့ထျန်းကို ကျိန်ဆဲလိုက်ကြသည်။ "သေချင်နေရင် တစ်ယောက်တည်း သေပါလား၊ ငါတို့ကိုပါ ဘာလို့ ဆွဲထည့်နေရတာလဲ"

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ရင်သပ်ရှုမောဖွယ်ရာ အကျိုးသက်ရောက်မှု ရှိပါသည်။ အမှတ် ၅၀ တိုးလာပြီး လက်ဆောင်အိတ်ငယ် တစ်ခု ရရှိပါသည်"

ကျိုးထျန်းရွှယ်လည်း ကြောင်သွားသည်။ ယဲ့ထျန်း ဒီလို ပြန်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဒါက သူ့ကို စော်ကားလိုက်တာပဲ။

သတိပြန်ဝင်လာသည်နှင့် ကျိုးထျန်းရွှယ် မျက်နှာ နီရဲသွားပြီး အော်ဟစ်လိုက်သည်။ "ကျောက်ယွိ... သူ့ကို သတ်လိုက်စမ်း"

ကျောက်ယွိ သတိပြန်ဝင်လာပြီး လက်သီးကို ဆုပ်ကာ ယဲ့ထျန်းကို ရန်လိုသော အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။ "ကောင်လေး..."

ငါတို့ အစ်ကိုကြီးရွှယ်ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့။ မင်း သေလမ်းရှာနေတာပဲ။

ယွမ်ဟူလောက်ကို အနိုင်ယူလိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လူတိုင်းကို အထင်သေးလို့ ရမယ် ထင်နေလား။

နေဦး... အစစ်အမှန် အင်အားဆိုတာ ဘာလဲ ငါ ပြမယ်။

မှတ်ထား... ကောင်းကင်ထက် မြင့်တဲ့ ကောင်းကင် ရှိသေးတယ် ဆိုတာ။ အရမ်း မောက်မာမနေနဲ့၊ ကိုယ့်ကိုယ်ကို ဒုက္ခပေးသလို ဖြစ်လိမ့်မယ်။

အင်္ကျီအနက်ရောင် ဝတ်ထားသော ကျောက်ယွိ၏ ခန္ဓာကိုယ်တွင် ကြွက်သားအဖုအထစ်များ ထွက်နေပြီး လက်မောင်းများသည် သာမန်လူတစ်ယောက်၏ ပေါင်လုံးလောက် တုတ်ခိုင်သည်။

မျက်နှာပေါ်တွင် ညာဘက် နဖူးမှ နှာခေါင်းကို ဖြတ်ပြီး ဘယ်ဘက် ပါးပြင်အထိ ရှည်လျားသော အမာရွတ်ကြီး တစ်ခု ရှိနေသဖြင့် အလွန် ကြမ်းတမ်းခက်ထန်သော ပုံစံပေါက်နေသည်။

စကားဆုံးသည်နှင့် သူ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လေတိုးသံ တဝေါဝေါနှင့်အတူ ယဲ့ထျန်း၏ ဗိုက်ကို ချိန်ရွယ်လိုက်သည်။

ဒီလက်သီးချက်က ယွမ်ဟူထက် အများကြီး ပိုပြင်းထန်သည်။ ထိသွားလျှင် နံရိုးအနည်းငယ် ကျိုးသွားမှာ သေချာသည်။

ဒါကို မြင်တော့ ဟယ်ယွိရှင်း မနေနိုင်ဘဲ အော်ပြောလိုက်သည်။ "ရှောင်လိုက်လေ"

ကျောက်ယွိ တိုက်ခိုက်လာသော်လည်း ယဲ့ထျန်းက ဟယ်ယွိရှင်းဘက် လှည့်ကြည့်ရန် အချိန်ရနေသေးသည်။ "အဆင်ပြေပါတယ်၊ မပူပါနဲ့" ဟု ပြုံးပြလိုက်သည်။

စကားဆုံးသည်နှင့် သူက ကျောက်ယွိ၏ သံမဏိလက်သီးကို လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာ ဖမ်းချုပ်လိုက်သည်။

ကျောက်ယွိ မျက်နှာပျက်သွားသည်။ သစ်သားတံခါးကိုတောင် ဖောက်ထွက်သွားနိုင်သော သူ့လက်သီးချက်ကို ဒီပိန်ပိန်ပါးပါး ကောင်လေးက လက်တစ်ဖက်တည်းနဲ့ ဖမ်းချုပ်ထားလိုက်သည်။

ကျောက်ယွိတင် မကဘူး၊ ဒေါသထွက်နေသော ကျိုးထျန်းရွှယ်ပါ ဒေါသပြေသွားပြီး လေးနက်သော မျက်နှာထား ဖြစ်သွားသည်။

ကျောက်ယွိ၏ အင်အားကို သူ ကောင်းကောင်း သိသည်။ ကျောက်ယွိသည် အထူးအကျဉ်းထောင်မှ သူ ခက်ခက်ခဲခဲ ကယ်ထုတ်လာခဲ့ရသော သူ့လက်ရုံးတစ်ဆူ ဖြစ်သည်။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကျိုးထျန်းရွှယ် ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာရခြင်းမှာ ကျောက်ယွိ၏ စွမ်းဆောင်မှုများက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အင်အားအရ ပြောရလျှင် ကျောက်ယွိသည် ကျိုးထျန်းရွှယ်၏ လက်အောက်တွင် နံပါတ်တစ် ဖြစ်သည်။ လူအယောက်တစ်ရာ ဝိုင်းတိုက်တာကို ဓားတစ်လက်တည်းနဲ့ လူ ၂၀ ကျော် မှောက်သွားအောင် ခုတ်ပိုင်းပြီး ကျန်တဲ့သူတွေကို ထွက်ပြေးစေခဲ့ဖူးသူ ဖြစ်သည်။

မျက်နှာပေါ်က အမာရွတ်က အဲ့ဒီတုန်းက ရခဲ့တာ။

ကျောက်ယွိ ဝင်ပါလိုက်ရင် ဒီမောက်မာတဲ့ ကောင်လေး သေချာပေါက် မှောက်သွားလိမ့်မယ်၊ ပြီးရင် သူ့ကို သွေးပြီး ကိုယ့်လူ ဖြစ်အောင် မွေးမြူမယ်လို့ သူ တွေးထားခဲ့တာ။

မထင်မှတ်ထားဘဲ ဒီကောင်လေးက ကျောက်ယွိရဲ့ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းနဲ့ ဖမ်းချုပ်လိုက်တယ်။ စောစောက သူ ဒီလောက် မောက်မာနေတာ အကြောင်းရှိတာကိုး။

ထိုအချိန်တွင် ကျောက်ယွိ လက်သီးကို ပြန်ရုပ်လိုက်ရာ သူ့လက်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သံပြားကို ထိုးမိသလိုမျိုး ဖြစ်နေသည်။ သူ တိတ်တဆိတ် လန့်သွားသည်။

"မင်းလည်း သိုင်းပညာရှင်လား။ ဒါကြောင့် ဒီလောက် မောက်မာနေတာကိုး"

ကျောက်ယွိ ခြေလှမ်း နှစ်လှမ်း နောက်ဆုတ်လိုက်ပြီး ယဲ့ထျန်းကို အကဲခတ်လိုက်သည်။ ထို့နောက် လက်ဆစ်ကွင်း တစ်ခုကို ထုတ်ပြီး လက်တွင် စွပ်လိုက်သည်။ ရက်စက်သော အပြုံးဖြင့် ပြောလိုက်သည်။ "လာစမ်းပါ ကောင်လေး... ဒီတစ်ခါတော့ ငါ အကုန်ထုတ်သုံးပြီး မင်းနဲ့ ကောင်းကောင်း ကစားပေးမယ်"

ပြောပြီးသည်နှင့် နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။

ဒီတစ်ခါ အားက ယခင်ထက် သုံးဆ ပိုပြင်းထန်ပြီး ယဲ့ထျန်း၏ နားထင်ကို တည့်တည့် ချိန်ရွယ်ထားသည်။

ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲ ဒီလောက် ရက်စက်တဲ့ တိုက်ကွက် သုံးရလား။ သာမန်လူတစ်ယောက်ရဲ့ ခေါင်းကို ထိသွားရင် သေသွားမှာ သေချာတယ်။

မင်းက ဒီလောက် ရက်စက်မှတော့ ငါ ညှာတာမနေတော့ဘူး။

ယဲ့ထျန်း ရှောင်တိမ်းခြင်း မပြုဘဲ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ကျောက်ယွိထက် ဦးအောင် ကန်လိုက်သဖြင့် ကျောက်ယွိ လေထဲ လွင့်ထွက်သွားသည်။

လူအုပ်ကြီး၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ကျောက်ယွိ၏ ခန္ဓာကိုယ်သည် ၇ မီတာ၊ ၈ မီတာ (၂၅ ပေခန့်) လွင့်ထွက်သွားပြီး ကျိုးထျန်းရွှယ်တို့ ရှေ့သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ မိန်းကလေးများ လန့်ပြီး အော်ဟစ်လိုက်ကြသည်။

လူအုပ်ကြီး အံ့သြမှင်သက်နေစဉ် ယဲ့ထျန်းသည် လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် တည်ငြိမ်အေးဆေးစွာ ရပ်နေသည်။ သူ့လုပ်ရပ်က သာမန်ကိစ္စလေး တစ်ခုလိုပင်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၃၀ တိုးလာပါသည်"

ထိုအချိန်တွင် ကျိုးထျန်းရွှယ်၏ မျက်နှာထား ပြောင်းလဲသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ကျောက်ယွိ... အဆင်ပြေရဲ့လား"

ဒါက သူ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်လေ။ ၁၆၊ ၁၇ နှစ်သား ကောင်လေးတစ်ယောက်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားတာက အိမ်မက်ထက်တောင် ပိုယုံနိုင်စရာ မရှိဘူး။

ကျောက်ယွိ ပြန်မဖြေနိုင်။ ဆိုင်ကယ်တစ်စီးက သူ့ဗိုက်ကို ဝင်တိုက်လိုက်သလို ခံစားရပြီး အတွင်းကလီစာများ နေရာရွေ့သွားသလို နာကျင်နေသည်။

သူ ပါးစပ်ဖွင့်လိုက်ရာ သွေးတစ်လုပ် အန်ထွက်လာသည်။

"ကောင်းပြီ... တော်တော် ကောင်းတယ်"

ကျိုးထျန်းရွှယ်၏ မျက်နှာကြွက်သားများ တုန်ခါသွားပြီး ရင်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။ ရှန်ဟယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော် တည်ဆောက်ထားတဲ့ သူ့ဂုဏ်သိက္ခာကို စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ယခုအချိန်တွင် ယဲ့ထျန်းကို စည်းရုံးရန် စိတ်ကူးမရှိတော့ဘဲ မျက်နှာပြန်ရဖို့အတွက် ဘာမဆို လုပ်ပြီး လက်စားချေတော့မည်။

သူ့နောက်မှ အနက်ရောင် ဝတ်စုံဝတ် လူကောင်ကြီးများကို လက်ဝှေ့ယမ်းပြပြီး အော်ဟစ်လိုက်သည်။ "မြန်မြန်... ဝိုင်းတိုက်ပြီး သူ့ကို သတ်ပစ်လိုက်"

ဘာမှ ပြန်မပြောဘဲ လူကောင်ကြီး တစ်ဒါဇင်ကျော်သည် ဓားရှည်များ၊ သံပိုက်များကို ထုတ်ပြီး ယဲ့ထျန်းထံ ပြေးဝင်လာကြသည်။

မင်းက တော်တယ်ဆိုရင်တောင် ဓားသွားပေါ်က သွေးကို လျှာနဲ့ရက်ပြီး ကြီးပြင်းလာတဲ့ ငါ့ရဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမား တစ်ဒါဇင်ကျော်ကို နိုင်မယ် ထင်နေလား။

ယဲ့ထျန်းကို ကြည့်ပြီး ကျိုးထျန်းရွှယ် မဲ့ပြုံး ပြုံးလိုက်သည်။

ယဲ့ထျန်းနှင့် ပါလာသူများမှာ ကြောက်လွန်းသဖြင့် အခန်းအပြင်ဘက်သို့ ထွက်ပြေးကုန်ကြပြီ။

ယဲ့ထျန်း တစ်ယောက်တည်းသာ တည်ငြိမ်စွာ ကျန်ရစ်ခဲ့သည်။ လက်တစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် ဓားကိုင်ထားသော လူကောင်ကြီးများကို ကြောက်ရွံ့မှုမရှိဘဲ ရင်ဆိုင်လိုက်သည်။

"သေချင်နေတာပဲ"

ယဲ့ထျန်း အေးစက်စွာ နှာမှုတ်လိုက်ပြီး သရဲတစ္ဆေလို လျင်မြန်သော အရှိန်ဖြင့် လူအုပ်ထဲသို့ တိုးဝင်သွားသည်။