ယဲ့ထျန်းသည် ချီသန့်စင်ခြင်း ဒုတိယအဆင့်သာ ရှိသေးသော်လည်း လက်ဗလာဖြင့် တိုက်ခိုက်လျှင်ပင် ကြီးမားသော အင်အားကို ပိုင်ဆိုင်ထားသည်။

အစွမ်းကုန် ထုတ်သုံးခြင်း မဆိုထားနှင့်၊ အနည်းငယ် ထိခိုက်မိရုံ၊ တိုက်မိရုံနှင့်ပင် တစ်ဖက်လူကို သေစေနိုင်သည် သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရစေနိုင်သည်။

ဒုတိယအဆင့် ရောက်ပြီးကတည်းက သာမန်လူများ မလိုက်မီနိုင်သော တုံ့ပြန်မှု အမြန်နှုန်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ဓားရှည်များနှင့် သံပိုက်များ ကိုင်ဆောင်ထားသူများသည် သူ့အဝတ်အစားစကိုပင် မထိနိုင်ကြပေ။

တစ်မိနစ် မပြည့်ခင်မှာပင် အခန်းဝမှစ၍ ဧည့်ခန်းမဆောင်အထိ လူများ ကြမ်းပြင်ပေါ် လဲကျနေကြပြီး လက်ကျိုး၊ ခြေကျိုးကာ နာကျင်စွာ အော်ဟစ်နေကြသည်။

ယဲ့ထျန်းက သူတို့ကို ရက်စက်သည်ဟု ယူဆကာ ညှာတာမှု မပေးဘဲ လက်တွေ ခြေထောက်တွေကို ချိုးပစ်လိုက်ခြင်း ဖြစ်သည်။

"သူ... သူ တကယ်ကြီး ဘာမှ မဖြစ်ဘူးလား"

ကျားမုန်မုန်က သတ္တိမွေးပြီး တံခါးဘေးမှ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ အထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သရဲတစ္ဆေ မြင်လိုက်ရသလို မျက်လုံးများ ပြူးကျယ်သွားသည်။

သာမန်လူတစ်ယောက်၊ ဘဝမှာ ဘာမှ ဖြစ်လာမယ့်လူ မဟုတ်ဘူး၊ သူတို့ကို မော့ကြည့်ရမယ့်လူလို့ ထင်ထားခဲ့တဲ့ ကောင်လေးက ဒီညမှာ အံ့သြစရာ ကောင်းတာတွေ တစ်ခုပြီးတစ်ခု လုပ်ပြနေသည်။

ယွမ်ဟူကို အနိုင်ယူလိုက်တာက ထားလိုက်ပါဦး၊ လက်နက်ကိုင် လူမိုက် တစ်ဒါဇင်လောက်ကို တီဗီထဲကလို အလွယ်တကူ ရှင်းပစ်လိုက်တာက တကယ်ကို မယုံနိုင်စရာပင်။

သီးသန့်အခန်းထဲတွင် တစ်ယောက်တည်း ဒူးထောက်ကျန်ရစ်ခဲ့သော ပေါင်ယွိမှာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တုန်ယင်နေသည်။ အပြင်က အဖြစ်အပျက်ကို ကိုယ်တိုင် မြင်လိုက်ရလို့လား၊ ဘာကြောင့်လဲ ဆိုတာတော့ မသေချာပေ။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ရင်သပ်ရှုမောဖွယ်ရာ အကျိုးသက်ရောက်မှု ရှိပါသည်။ အမှတ် +၅၀"

စနစ်၏ အသိပေးသံနှင့် လူအများ၏ မယုံကြည်နိုင်သော အကြည့်များကြားတွင် ယဲ့ထျန်းသည် လက်နောက်ပစ်ကာ ကျိုးထျန်းရွှယ်ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။

"ကဲ... ပြောပါဦး၊ ငါ့ကို သတ်ချင်သေးလား"

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ အားလုံး အသက်အောင့်ထားမိကြသည်။

ကျိုးထျန်းရွှယ်က ယဲ့ထျန်းကို စိုက်ကြည့်နေသည်။ သူ့မျက်နှာတွင် ဖြူဖပ်ဖြူရော်၊ ပြာနှမ်းနှမ်း အရောင်များ ယှက်သန်းနေသည်။

သူ့အတွက် အသက်ပေးမယ့် ယုံကြည်ရတဲ့ လက်ရုံးတစ်ဒါဇင်ကျော်က ဒီပိန်ပိန်ပါးပါး ကောင်လေး တစ်ယောက်ကိုတောင် မနိုင်လိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးခဲ့ပေ။

ဒီကောင်လေးရဲ့ စွမ်းရည်က ကြောက်စရာ ကောင်းရုံတင် မကဘူး၊ လူသား မဟုတ်သလိုပါပဲ။

ကျန်းလင်းမြို့မှာ ဆယ်နှစ်ကျော် ကျင်လည်ခဲ့ပေမယ့် ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။

ဒါပေမဲ့ ကျိုးထျန်းရွှယ်က ဩဇာအာဏာရှိသူ ပီပီ အခြေအနေက မျှော်လင့်ထားတာနဲ့ လွဲချော်နေပေမယ့် ဒေါသကို ထိန်းချုပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "လူငယ်... မင်း တိုက်ခိုက်တာ တော်တော် ကောင်းတာပဲ"

"ဒါပေမဲ့ ဒီခေတ်ကြီးမှာ တိုက်ခိုက်တာ ကောင်းရုံနဲ့ အသုံးမဝင်ဘူး။ မင်း ဘယ်လောက်ပဲ တော်တော် သေနတ်ကို နိုင်မလား။ ငါ အရင်က မင်းလို သိုင်းပညာ ကောင်းတဲ့သူ တစ်ယောက် တွေ့ဖူးတယ်၊ အဲ့ဒီလူက စနိုက်ပါနဲ့ အပစ်ခံလိုက်ရပြီး အခုထိ အိပ်ရာထဲ လဲနေတုန်းပဲ"

"ပြီးတော့ အခု ဘယ်ခေတ် ရောက်နေပြီလဲ။ အင်အားကြီးရုံနဲ့ လူတွေကို ခြိမ်းခြောက်လို့ မရဘူး။ ငါ ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ မင်း ထောင်ထဲ ရောက်သွားမယ် ဆိုတာ ယုံလား"

စကားဆုံးသည်နှင့် ကျိုးထျန်းရွှယ်၏ မျက်နှာထား ပုံမှန် ပြန်ဖြစ်သွားပြီး ဆိုဖာပေါ် မှီထိုင်ကာ မောက်မာသော အမူအရာ ပြန်ပေါ်လာသည်။

သူ ကျန်းလင်းမြို့ကို လွှမ်းမိုးနိုင်ပြီး ရှန်ဟယ် မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီး ဖြစ်လာရတာ သူ့လက်အောက်က စွမ်းရည်ရှိတဲ့ ညီအစ်ကိုတွေကြောင့် ဆိုပေမယ့် အပေါ်ယံ ဆက်ဆံရေးတွေကလည်း အရေးကြီးတယ်။ မဟုတ်ရင် သူ အဖြုတ်ခံရတာ ကြာပေါ့။

"ဟမ်... ဟုတ်လား။ ခင်ဗျားပြောတာ အဓိပ္ပာယ် ရှိသားပဲ"

ကျိုးထျန်းရွှယ်၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ ဒီလူက အကောင်းအဆိုး နားမလည်ဘူးပဲ၊ ဒါဆို သူ့ကို သတ်ပစ်လိုက်မှ နောက်နောင် အနှောင့်အယှက် ကင်းတော့မယ်။

စနစ်ဆိုင်ထဲမှာ လူတစ်ယောက်ကို လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးစေနိုင်တဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်။ ခေတ်မီ မှုခင်းစစ်ဆေးရေး နည်းပညာတွေနဲ့တောင် ရှာလို့မရနိုင်ဘူး။ ဂုဏ်သတင်းရမှတ် နည်းနည်း သုံးလိုက်ရုံနဲ့ ပြဿနာကို အမြစ်ပြတ် ရှင်းပစ်လို့ ရတယ်။

စဉ်းစားပြီးနောက် ယဲ့ထျန်း ပြောလိုက်သည်။ "ငါ့သူငယ်ချင်းတွေကို အရင် ပြန်လွှတ်ပေးလိုက်။ ငါ ကျန်နေခဲ့ပြီး ခင်ဗျားနဲ့ ကစားပေးမယ်"

ကျိုးထျန်းရွှယ်က အပြင်ဘက်ရှိ ကလေးတစ်သိုက်ကို ကြည့်ပြီး ဘေးနားမှ မမလျူကို ပြောလိုက်သည်။ "ကောင်းပြီ... ညီမလေး၊ သူတို့ကို အရင် ပြန်လွှတ်လိုက်"

"ဒီကောင်လေး ဒီည ငါနဲ့ ဘယ်လို ကစားမလဲ ဆိုတာ ကြည့်ချင်သေးတယ်။"

အခု အခြေအနေမှာ တိုက်ခိုက်ရေးသမား တစ်ယောက်ကို ပြစ်မှားမိထားပြီ။ အဆက်အသွယ် နည်းနည်းပါးပါး ရှိတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေပါ ထပ်ပါလာရင် ကိစ္စတွေ ပိုရှုပ်ကုန်လိမ့်မယ်။

မမလျူ ခေါင်းညိတ်လိုက်ပြီး ကျက်သရေရှိစွာ မတ်တပ်ရပ်ကာ အခန်းထဲသို့ သွားပြီး လူအုပ်ကို ခေါ်ထုတ်သွားသည်။

ဟယ်ယွိရှင်း မပြန်ချင်သော်လည်း ကျားမုန်မုန်က အတင်းဆွဲခေါ်သွားသည်။

ဒူးထောက်နေဆဲ ဖြစ်သော ပေါင်ယွိကိုလည်း တစ်ယောက်ယောက်က သယ်ထုတ်သွားသည်။

ဝူရှောင်ရှောင်က အနောက်ဆုံးတွင် ကျန်ရစ်ခဲ့ပြီး တွန့်ဆုတ်နေသည်။ ယဲ့ထျန်းက သူမကို ကယ်တင်ဖို့ တစ်ယောက်တည်း ရပ်တည်ပေးခဲ့တာ၊ ပြီးတော့ သူမကို ကယ်တင်ရင်းနဲ့မှ ဒီပြဿနာ ဖြစ်လာခဲ့တာ။

အခု ဒီအတိုင်း ထားခဲ့ရင် သူ့ကို တစ်ခုခု ဖြစ်သွားမလား။

သို့သော် သူမ ဆက်နေရင် ယဲ့ထျန်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ်ဆိုတာ သိသဖြင့် စိုးရိမ်စိတ်ကို မြိုသိပ်ပြီး အခြားသူများနှင့်အတူ ထွက်ခွာသွားလိုက်သည်။

အားလုံး ထွက်သွားပြီးနောက်မှ ယဲ့ထျန်း စိတ်သက်သာရာ ရသွားသည်။

သူ့ကိုယ်သူ စိတ်မပူသော်လည်း ဝူရှောင်ရှောင်နှင့် ဟယ်ယွိရှင်းအတွက် စိတ်ပူနေခြင်း ဖြစ်သည်။

တစ်ယောက်က ကျိန့်ရွှမ်ရဲ့ သမီး၊ နောက်တစ်ယောက်က အတိတ်ဘဝတုန်းက သူ့ချစ်သူ ဖြစ်လုနီးပါး ဖြစ်ခဲ့တဲ့ စိတ်ထားကောင်းတဲ့ ကောင်မလေးလေ။

"ကဲ... လူငယ်၊ အခု ဘယ်လို ကစားချင်လဲ"

ကျိုးထျန်းရွှယ်က နိုင်မည်ဟု ယုံကြည်မှု ရှိနေပြီး ယဲ့ထျန်းကို ပြုံးကာ ကြည့်နေသည်။

ယဲ့ထျန်း သတိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ စနစ်ဆိုင်ထဲမှ ပစ္စည်းတစ်ခု ရှာပြီး ကျိုးထျန်းရွှယ်ကို အသုံးပြုရန် ပြင်လိုက်စဉ် ဖုန်းမြည်လာသည်။

ဒီလိုအချိန်ကြီး ဘယ်သူ ဆက်တာလဲ။

ယဲ့ထျန်း မျက်မှောင်ကြုတ်ပြီး ဖုန်းထုတ်ကြည့်လိုက်သည်။

ခေါ်ဆိုသူနေရာတွင် လင်းတုန်း၏ နာမည် ပေါ်နေသည်ကို တွေ့လိုက်ရမှ ဒီည အဘိုးကော်ကို ရောဂါကုပေးဖို့ ချိန်းထားတာ သတိရသွားသည်။

ဒီနေ့ တစ်နေ့လုံး ပေါင်ယွိ၊ ယွမ်ဟူ၊ ပြီးတော့ ကျိုးထျန်းရွှယ်တို့နဲ့ အလုပ်ရှုပ်နေတာကြောင့် မေ့လုနီးပါး ဖြစ်သွားသည်။

လူသတ်တာက အလျင်လိုစရာ မဟုတ်ဘူးဟု တွေးပြီး ယဲ့ထျန်း ဖုန်းကိုင်လိုက်သည်။

"ဆရာယဲ့လား... ကျွန်တော် လင်းတုန်းပါ။ ကျွန်တော် လူနေအိမ်ရာဝင်း အပြင်ဘက် ရောက်နေပါပြီ။ ဆရာ ဆင်းလာဖို့ အဆင်ပြေမလား"

တစ်ဖက်မှ လေးစားသမှုရှိသော အသံ ထွက်ပေါ်လာသည်။

သစ်ရွက်တစ်ရွက်တည်းဖြင့် လူကို ဒဏ်ရာရစေနိုင်သော ယဲ့ထျန်း၏ စွမ်းရည်ကို မြင်တွေ့ပြီးကတည်းက လင်းတုန်း၏ လေးစားမှုမှာ မြစ်ရေကြီးသလို အတိုင်းအဆမဲ့ ဖြစ်နေသည်။

စစ်ဘက်ဆိုင်ရာ နောက်ခံရှိသူ ပီပီ အားကြီးသူကို အလွန် လေးစားတတ်သည်။

"Sorry ဗျာ... ကျွန်တော် အိမ်မှာ မရှိဘူး"

ယဲ့ထျန်း အားနာသွားသည်။ ကတိပေးထားပြီးမှ ကြန့်ကြာနေမိသည်။

"ဪ... ဆရာ ဘယ်ရောက်နေလဲ။ ကျွန်တော် ဘာကူညီပေးရမလဲ"

လင်းတုန်း တွန့်ဆုတ်နေသည်။ ဆရာသမားကို မေးခွန်းတွေ အများကြီး မေးမိပြီး စိတ်အနှောင့်အယှက် ဖြစ်စေမှာ စိုးရိမ်နေသည်။

ဆရာသမားတွေက စိတ်ကြီးတတ်ကြတယ်လေ။

"ဪ... ကျွန်တော် မြို့မြောက်ဘက်မှာ ရောက်နေတာ။ ပြဿနာလေး နည်းနည်း ဖြစ်နေလို့" ယဲ့ထျန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ယဲ့ထျန်း ဖုန်းပြောနေသည်ကို စိတ်ဝင်တစား ကြည့်နေပြီး ဘာမှ မလုပ်ဘဲ နေနေသော ကျိုးထျန်းရွှယ်က ဒါကို ကြားလိုက်ရသောအခါ မျက်နှာတွင် ဒေါသအရိပ်အယောင် ဖြတ်သန်းသွားသည်။

"ဒီကောင်လေးက တော်တော် မောက်မာတာပဲ။ ငါ့ကို 'ပြဿနာလေး နည်းနည်း' လို့ ခေါ်ရဲတယ်ပေါ့။ နောက်ကျရင် သေချာပေါက် ပညာပေးရမယ်" ဟု တွေးလိုက်မိသည်။

ဖုန်းထဲမှ လင်းတုန်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။ "ဪ... ပြဿနာ ဖြစ်နေတာလား။ ပြောပြလို့ ရမလား"

"ကျွန်တော်က လုံခြုံရေးပဲ ဆိုပေမယ့် ကျန်းလင်းမြို့က ကိစ္စသေးသေးမွှားမွှားလေးတွေတော့ ဖြေရှင်းပေးနိုင်ပါတယ်"

"ဘာမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ ဧကရာဇ်နဂါး ကလပ်ကို လာတာ၊ ကျိုးထျန်းရွှယ် ဆိုတဲ့ လူတစ်ယောက်နဲ့ ပြဿနာ ဖြစ်နေလို့" ယဲ့ထျန်း ပြောလိုက်သည်။

လင်းတုန်း ဖြေရှင်းပေးမယ် ဆိုတာကို ယဲ့ထျန်း သိပ်မယုံကြည်ပေ။

အဘိုးကော်က နောက်ခံတောင့်ပုံ ရသော်လည်း လင်းတုန်းက ကိုယ်ရံတော် တစ်ယောက်ပဲလေ။ ဘယ်လောက် ဩဇာရှိမှာလဲ။

ဒါပေမဲ့ မေးလာမှတော့ ဖြေလိုက်တာပေါ့။

ယဲ့ထျန်း ပြောလိုက်သည်နှင့် လင်းတုန်း၏ အံ့သြသံ ထွက်ပေါ်လာသည်။ "ကျိုးထျန်းရွှယ် ဟုတ်လား။ ဆရာယဲ့... ကျိုးထျန်းရွှယ်ကို ခဏစောင့်ခိုင်းလိုက်ပါ၊ ကျွန်တော် ၁၀ မိနစ်အတွင်း ရောက်လာခဲ့မယ်"

ယဲ့ထျန်း ဖုန်းချလိုက်ပြီး တွေးလိုက်မိသည်။ လင်းတုန်း ပြောပုံအရဆိုရင် သူက ကျိုးထျန်းရွှယ်ကို သိပုံရတယ်။ ပြီးတော့ သူတို့ ဆက်ဆံရေးက သာမန် မဟုတ်ပုံပဲ။

အခုပဲ လှုပ်ရှားလိုက်ရမလား၊ လင်းတုန်း လာမယ့်အချိန်ကို စောင့်ရမလား။ ဒါက မေးခွန်းထုတ်စရာပဲ။

ယဲ့ထျန်း ဖုန်းချလိုက်သည်ကို မြင်သောအခါ ကျိုးထျန်းရွှယ်က ခြေချိတ်ထိုင်ပြီး မောက်မာစွာ ပြောလိုက်သည်။ "ဘာလဲ... လူခေါ်နေတာလား"

"ခေါ်လေ... ငါ မတားပါဘူး။ မင်း ခေါ်နိုင်သမျှ လူအကုန်ခေါ်လိုက်၊ ဘယ်သူက မင်းဘက်က ရပ်တည်ရဲလဲ ကြည့်ရသေးတာပေါ့"

ထိုအချိန်တွင် မမလျူ ပြန်ရောက်လာသည်။ ဒါကို ကြားတော့ ဝင်ဖားလိုက်သည်။ "အစ်ကိုကြီးရွှယ်ရယ်... ကျန်းလင်းမြို့မှာ အစ်ကိုကြီးက အဆက်အသွယ် အကျယ်ပြန့်ဆုံး ဆိုတာ ဘယ်သူမသိလို့လဲ"

"ဒီကောင်လေးက လူအများကြီး ခေါ်လာရင်တောင် ဘာထူးမှာလဲ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက သူ့ဘက်က ရပ်တည်ရဲမှာလဲ။ သေချင်နေလို့လား"

ကျိုးထျန်းရွှယ်မှာ အင်အားကြီးတဲ့ နောက်ခံရှိမှန်း သူမ သိသည်။ သူက ကျန်းလင်းမြို့တင်မက ဟိုင်ရှီးပြည်နယ်မှာပါ ဩဇာရှိတဲ့ လူကြီးလူကောင်း တစ်ယောက်။ သာမန်လူတွေက ဒီကောင်လေးအတွက်နဲ့ ကျိုးထျန်းရွှယ်ကို ဘယ်တော့မှ ပြစ်မှားခံမှာ မဟုတ်ဘူး။

"ကောင်းပြီ... ငါ့သူငယ်ချင်းက ၁၀ မိနစ်အတွင်း ရောက်လာမယ်တဲ့။ ခင်ဗျား စောင့်နေလိုက်ပါ"

ယဲ့ထျန်း စဉ်းစားပြီးနောက် လင်းတုန်း ရောက်လာသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ လင်းတုန်း ဖြေရှင်းပေးနိုင်ရင် ကောင်းတာပေါ့။ မရရင်တော့ သူ ကိုယ်တိုင် လှုပ်ရှားလိုက်မယ်။

ဘာပဲဖြစ်ဖြစ် သူက အခုမှ ပြန်လည်မွေးဖွားလာတာ၊ လိုအပ်မှသာ လူသတ်ချင်တယ်။ အခြေအနေ ပိုဆိုးသွားမှာ စိုးလို့။

မြို့တော်က မလိုလားအပ်တဲ့ လူတွေ သိသွားပြီး သံသယဝင်ကာ စောစောစီးစီး လှုပ်ရှားလာရင် ဒုက္ခရောက်လိမ့်မယ်။

မကြောက်ဘူး ဆိုရင်တောင် အချိန်နဲ့ လူအင်အား ပေးရမယ်၊ ပြဿနာတွေ တက်လာမယ်။ ဘာလို့ အဲ့လောက် ရှုပ်ခံနေမှာလဲ။

"ငါ့ကို စောင့်ခိုင်းတယ် ဟုတ်လား"

ဒါကို ကြားတော့ ကျိုးထျန်းရွှယ် မယုံကြည်နိုင် ဖြစ်သွားပြီး ပုံကြီးချဲ့ကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... ကောင်းပြီလေ... ငါ စောင့်ပေးမယ်။ ၁၀ မိနစ်ပဲနော်"

"ကျန်းလင်းမြို့မှာ ဘယ်ကောင်ကများ ငါ့ကို ၁၀ မိနစ် စောင့်ခိုင်းရဲလောက်အောင် မောက်မာနေလဲ ဆိုတာ ငါ သိချင်သေးတယ်"

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဒီတိတ်ဆိတ်မှုက မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုး ဖြစ်ပြီး ယဲ့ထျန်း သူငယ်ချင်း ရောက်လာရင် ပေါက်ကွဲတော့မည်မှန်း အားလုံး သိနေကြသည်။

၁၀ မိနစ် မပြည့်ခင်မှာပင် ခန်းမအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး စစ်ဝတ်စုံ ဝတ်ဆင်ထားသော၊ ဆံပင်တိုတိုနှင့် ထက်မြက်သော လူတစ်ယောက် ဝင်လာသည်။ စောစောက အဘိုးကော်နောက် လိုက်နေခဲ့သော လင်းတုန်းပင် ဖြစ်သည်။

ကြမ်းပြင်ပေါ် လဲကျနေသော လူများကို တစ်ချက်ပင် မကြည့်ဘဲ ခန်းမထဲရှိ ယဲ့ထျန်းကို မြင်လိုက်သည်နှင့် အမြန် လျှောက်သွားပြီး ရိုသေစွာ မေးလိုက်သည်။ "ဆရာယဲ့... ဒီလူတွေ ဆရာ့ကို ထိခိုက်အောင် လုပ်လိုက်သေးလား"

"သူတို့က ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ် ထင်လို့လား" ယဲ့ထျန်း ပြုံးပြီး ပြန်မေးလိုက်သည်။

"ဟုတ်သားပဲ... ကျွန်တော် အထင်လွဲသွားတယ်။ ဆရာ့ရဲ့ အင်အားနဲ့ဆိုရင် ဒီမှာ လူဆယ်ဆလောက် ရှိရင်တောင် ဆရာ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး" လင်းတုန်း ပြုံးပြီး ပြောလိုက်သည်။

ရုတ်တရက် သူ လှည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ကျိုးထျန်းရွှယ်... မင်းက ဆရာယဲ့ကို လက်ဖျားနဲ့တောင် ထိရဲတယ်ပေါ့"

လင်းတုန်း ဝင်လာကတည်းက ကျိုးထျန်းရွှယ် မျက်နှာပျက်နေပြီး အမြန် မတ်တပ်ရပ်လိုက်သည်။

အခု လင်းတုန်း ဒေါသတကြီး အော်ဟစ်လိုက်သည်ကို မြင်သောအခါ ကျိုးထျန်းရွှယ် ချွေးများ ပြန်လာပြီး ကပျာကယာ ပြောလိုက်သည်။ "အစ်ကိုလင်း... ဘာလို့ ဒီရောက်လာတာလဲ"

လင်းတုန်းက အေးစက်စွာ ပြောလိုက်သည်။ "ငါ ဒီနေ့ မလာရင် အဘိုးရဲ့ ဧည့်သည်တော်ကို မင်း လက်ဖျားနဲ့ ထိရဲတယ် ဆိုတာ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ"