ယဲ့ထျန်းက လက်ကာပြပြီး ပြောလိုက်သည်။ "ကျွန်တော်က တကယ်ပဲ သိုင်းပညာရှင် မဟုတ်ပါဘူးဗျာ"

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၃၀ တိုးလာပါသည်"

"ဆရာ့ရဲ့ စွမ်းရည်က ဂရန်းမာစတာ မဟုတ်ရင်တောင် ဂရန်းမာစတာထက် သာလွန်နေပါပြီ" ကော်မိသားစုဝင်များက သဘောကျစွာ ရယ်မောလိုက်ကြသည်။

အဘိုးကော်နှင့် နင်အောက်ရွှဲတို့၏ ချီးကျူးသံများကို ကြားရသောအခါ ယဲ့ထျန်းကို အမြဲ အမြင်ကပ်နေသော ကော်ဇီယိုလည်း အံ့သြသွားသည်။ "ဝိုး... ရှင်က တကယ် အဲ့လောက် တော်တာလား"

ယဲ့ထျန်း ခါးသက်သက် ပြုံးလိုက်မိသည်။ သူ့မှာ ပိုကောင်းတဲ့အရာ ရှိသေးတယ်လို့ စိတ်ထဲ တွေးလိုက်သည်။ ကော်ဇီယိုကို သီးသန့် အခန်းတစ်ခန်းထဲ ခေါ်သွားပြီး သူ့ဆေးအစွမ်း ပြလိုက်ရမလားဟု တွေးလိုက်မိသည်။

ထို့နောက် တစ်ခုခု သတိရသွားပြီး အိတ်ကပ်ထဲမှ ဖန်ပုလင်းတစ်လုံး ထုတ်လိုက်ကာ ပြောလိုက်သည်။ "ဒါနဲ့... ဒီထဲမှာ ယွမ်ဆေးလုံး အသေးစား ၁၀ လုံး ပါတယ်။"

"အဘိုးကော်အနေနဲ့ ဒီဆေးကို ပုံမှန်သောက်ပြီး ပြင်ဆင်ထားတဲ့ ကျင့်စဉ်အတိုင်း ကျင့်ကြံမယ်ဆိုရင် ရောဂါက ပျောက်ကင်းသလောက် ဖြစ်သွားမှာပါ"

ဘေးနားရှိ နင်အောက်ရွှဲ၏ မျက်လုံးများလည်း ဝမ်းသာအားရ အရောင်တောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ပုလင်းထဲမှ ဆေးလုံးများက ပြီးခဲ့တဲ့အကြိမ် ယဲ့ထျန်း သူမကို ပေးခဲ့သော ဆေးလုံးများနှင့် အနည်းငယ် ကွာခြားနေကြောင်း သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

ထို့အပြင် ပြီးခဲ့တဲ့အကြိမ်နှင့် နှစ်ရက်သာ ကွာခြားသေးသဖြင့် ယဲ့ထျန်း ဆေးသွားယူဖို့ အချိန်မရနိုင်ပေ။ ဆိုလိုသည်မှာ ယဲ့ထျန်း ကိုယ်တိုင် ဆေးဖော်စပ်နိုင်ပြီး ရောဂါကုသနိုင်သော နည်းလမ်းများ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အဘိုးကော်၏ ရောဂါသည် သူမဖခင်၏ ရောဂါလောက် မပြင်းထန်ကြောင်း နင်အောက်ရွှဲ သိသည်။ သဘာဝကျစွာပင် ယဲ့ထျန်းက အဘိုးကော်၏ ရောဂါကို ကုသနိုင်လျှင် သူမဖခင်၏ ရောဂါကိုလည်း ကုသနိုင်ခြေ များသည်။

ဒါကို တွေးမိပြီး နင်အောက်ရွှဲ ပို၍ စိတ်လှုပ်ရှားလာသည်။

အဘိုးကော်၏ မျက်လုံးများ အရောင်တောက်လာပြီး ဝမ်းသာအားရ အာမေဋိတ် ပြုလိုက်သည်။ "အာ... ဒါက အရမ်း တန်ဖိုးရှိမှာပဲ။ ကျေးဇူးတင်ပါတယ် ဆရာယဲ့"

ယဲ့ထျန်းက ပြောလိုက်သည်။ "ဆေးလုံးတွေက ဈေးမကြီးပါဘူး။ ဒါပေမဲ့ ဆေးဖက်ဝင် အပင်တွေက ကျွန်တော် မတတ်နိုင်လောက်အောင် ဈေးကြီးလွန်းတယ်"

"မဟုတ်ရင် ကျွန်တော် စစ်မှန်တဲ့ ပြန်လည်နုပျိုခြင်း ဆေးလုံးကို ဖော်စပ်ပေးနိုင်မှာ ဖြစ်ပြီး အဲ့ဒီအခါကျရင် အဘိုးကော်ရဲ့ ရောဂါက အသေးအဖွဲလေး ဖြစ်သွားမှာ။"

"ဆေးတစ်လုံးတည်းနဲ့ ရောဂါပေါင်းစုံကို ကာကွယ်နိုင်ပြီး သေလုမျောပါး ဖြစ်နေသူတွေကိုတောင် ကယ်တင်နိုင်တယ်။ အသက်တောင် ရှည်စေနိုင်တယ်"

"ဝိုး... တကယ်ကြီး အဲ့လောက် စွမ်းတာလား"

ဒါကို ကြားတော့ ကော်ဇီယိုသည် ရတနာတွေ့သော နဂါးတစ်ကောင်လို တုံ့ပြန်လိုက်သည်။ ဖန်ပုလင်းကို ချက်ချင်း လှမ်းယူလိုက်ပြီး ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။

သို့သော် ဖန်ပုလင်းကို လေးလေးနက်နက် ပိုက်ထားရင်းနှင့်ပင် ကော်ဇီယိုက ပြန်ပြောဖို့ မမေ့ပေ။

"ရှင်က ကြွားနေတာပဲ။ ရောဂါပေါင်းစုံ ကာကွယ်နိုင်တယ်၊ သေရွာက ပြန်လာနိုင်တယ်၊ အသက်ရှည်စေတယ် ဆိုတာတွေက ပုံပြင်တွေပါဟယ်"

ဒါတွေက စာရေးဆရာတွေ လျှောက်ရေးထားတဲ့ ဒဏ္ဍာရီတွေ မဟုတ်ဘူးလား။ တကယ်ကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

"ယုံတာ မယုံတာ မင်းအပိုင်းပါ" ယဲ့ထျန်း ဂရုမစိုက်ဘဲ ပြန်ဖြေလိုက်သည်။

ကော်ဇီယို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ "ဒီလူက တော်တော် စိတ်ပျက်စရာ ကောင်းတာပဲ။ ငါနဲ့ဆို အမြဲ လာငြင်းနေတယ်။ အစ်မကြီးကို လျှော့ပေးလို့ မရဘူးလား။ ပြီးတော့ သူက ယောကျာ်းလေး ဖြစ်ပြီးတော့"

နင်အောက်ရွှဲက အမြန် ဝင်ပြောလိုက်သည်။ "စီနီယာယဲ့ရဲ့ စကားကို ကျွန်မ တစ်စိတ်တစ်ပိုင်း ယုံကြည်ပါတယ်"

"စီနီယာယဲ့ လိုအပ်နေတဲ့ ဆေးဖက်ဝင် အပင်တွေက ဘာတွေလဲ ဆိုတာ ပြောပြလို့ ရမလား။ ကျွန်မ လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်"။

တကယ်လို့ ဒါက စီနီယာယဲ့ရဲ့ မိသားစု လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တယ် ဆိုရင်တော့ ကျွန်မ မမေးဘူးလို့ပဲ သဘောထားလိုက်ပါ။ ခွင့်လွှတ်ပါ စီနီယာ။

"မလိုပါဘူး... ဆေးဖက်ဝင် အပင်တွေအကြောင်း ထားလိုက်ပါတော့။ ဆေးဖော်မြူလာ ပေးလိုက်ရင်တောင် ဒီလောကကြီးမှာ ကျွန်တော်ကလွဲရင် ဘယ်သူမှ ဖော်စပ်နိုင်မှာ မဟုတ်ပါဘူး" ယဲ့ထျန်းက အေးဆေးပင် ပြောလိုက်သည်။

ပြောရင်းနှင့် ဆေးစာ နှစ်စောင် ရေးချလိုက်သည်။

ယဲ့ထျန်း လိမ်ပြောနေခြင်း မဟုတ်ပါ။ အဘိုးကော်ကို ပေးလိုက်သော ဆေးလုံးများက စနစ်မှ ရရှိထားခြင်း ဖြစ်သည်။ ဒီလောကကြီးမှာ သူကလွဲရင် ဘယ်သူမှ မထုတ်လုပ်နိုင်ပေ။

ဒီဆေးစာကလည်း လျှောက်ရေးထားတာ မဟုတ်ဘဲ စနစ်ဆီက ကူးရေးထားခြင်း ဖြစ်သည်။

ဒီလို ဆေးလုံးမျိုးကို ကျင့်ကြံသူများသာ ပိုင်ဆိုင်သော နည်းလမ်းများဖြင့် ဖော်စပ်ရမည်ဟု စနစ်က အရင်ကတည်းက ပြောထားသည်။ အပြင်လူများက နည်းလမ်းမရှိဘဲ ဘယ်လောက် ကြိုးစားကြိုးစား အသုံးဝင်မည် မဟုတ်ပေ။

အဘိုးကော်ကို ပေးခဲ့သော ကျင့်စဉ် ပြင်ဆင်မှုကတော့ စနစ်မှပြင်ဆင်ခြင်း မဟုတ်ဘဲ ယဲ့ထျန်း ကိုယ်တိုင် အနှစ်ချုပ်ထားခြင်း ဖြစ်သည်။

ယဲ့ထျန်းသည် ချီသန့်စင်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်နေပြီမို့ သူ့အမြင်အာရုံက သိုင်းပညာရှင်တွေထက် အများကြီး သာလွန်နေသည်။ ဒါကြောင့် အဘိုးကော်ရဲ့ ကျင့်စဉ် အားနည်းချက်တွေကို လွယ်လွယ်ကူကူ မြင်နိုင်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် နင်အောက်ရွှဲနှင့် အဘိုးကော်တို့သည် ဆေးစာကို ယူကြည့်လိုက်ရာ ရှားပါးပြီး တန်ဖိုးကြီးသော ဆေးဖက်ဝင် အပင်များ ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ လိုအပ်သော သက်တမ်းကလည်း အလွန် မြင့်မားသည်။ တန်ဖိုးဖြတ်မရနိုင်သော အရာများ ဖြစ်သဖြင့် ယဲ့ထျန်း မတတ်နိုင်ဘူး ပြောတာ မဆန်းပါဘူး။

ယဲ့ထျန်းကို ထားလိုက်၊ ကော်မိသားစုနှင့် နင်မိသားစုလို အင်အားကြီး မိသားစုတွေတောင် ဒီဆေးတွေကို စုဆောင်းဖို့ တော်တော် ကြိုးစားရလိမ့်မယ်။

ဆေးစာကို သိမ်းဆည်းပြီးနောက် နင်အောက်ရွှဲ ခဏ စဉ်းစားလိုက်သည်။ ထို့နောက် ယဲ့ထျန်းကို လေးလေးနက်နက် ဦးညွှတ်ပြီး ပြောလိုက်သည်။ "စီနီယာယဲ့... ကျွန်မမှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်"

ယဲ့ထျန်းက "ခင်ဗျားအဖေကို ကုသပေးစေချင်တာလား" ဟု မေးလိုက်သည်။

ယဲ့ထျန်း ခန့်မှန်းမိတာကို နင်အောက်ရွှဲ မအံ့သြပေ။ သူမကို ကယ်တင်တုန်းက တစွန်းတစ ပြောပြဖူးသလို၊ အခု အဘိုးကော်ကို ကုသပေးပြီးနောက် ထပ်ပြောလာတော့ ယဲ့ထျန်း ရိပ်မိမှာ သဘာဝပါပဲ။

ထိုအချိန်တွင် သူမ တောင်းပန်လိုက်သည်။ "ဟုတ်ပါတယ် စီနီယာယဲ့... ကျွန်မအဖေက ဒဏ်ရာတွေ၊ ရောဂါတွေနဲ့ ခံစားနေရတာ နှစ်အတော်ကြာပါပြီ"

"ဒီနေ့ စီနီယာ့ရဲ့ အံ့ဖွယ်စွမ်းရည်ကို မြင်တွေ့လိုက်ရတော့ ကျွန်မ နှိမ့်ချစွာနဲ့ အကူအညီ တောင်းခံပါရစေ။ ဆုလာဘ် ကြီးကြီးမားမား ပေးပါ့မယ်"

"ဟုတ်တယ်... ဆရာယဲ့... နင်ကော်ဖုန်းရဲ့ ဒဏ်ရာက နှစ်အတော်ကြာနေပြီ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး"

"ကျွန်တော်တို့ ကော်မိသားစုက နင်မိသားစုနဲ့အတူ အေးအတူ ပူအမျှ ရပ်တည်သွားမှာပါ။ ဆရာ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး" အဘိုးကော်ကလည်း ဝင်ပြောသည်။

ယဲ့ထျန်း ချက်ချင်း ပြန်မဖြေဘဲ ခဏ စဉ်းစားလိုက်သည်။

အဘိုးကော်ကို ကယ်တင်ခြင်းကြောင့် ရရှိသော ဂုဏ်သတင်းရမှတ်က နင်အောက်ရွှဲကို ကယ်တင်တုန်းကထက် ၂၀ မှတ်သာ ပိုသည်။

ဒီနေ့က တော်တော် ဟိတ်ဟန်ထုတ်ရတဲ့ နေ့တစ်နေ့ပဲ။ အမှတ် ၃၅ မှတ် သုံးလိုက်ရုံနဲ့ ဟိုင်ရှီး ၁၃ မိသားစုထဲက တစ်ခုနဲ့ မိတ်ဆွေဖွဲ့ခွင့် ရလိုက်တယ်။

အဘိုးကော်က မိသားစု နှစ်ခု အတူတူ ရပ်တည်မယ် ပြောနေမှတော့ တစ်ယောက် ကယ်ပြီးသားပဲ၊ နောက်ထပ် တစ်ယောက် ထပ်ကယ်လိုက်လည်း ဘာထူးမှာလဲ။

သူ ပြန်ဖြေလိုက်သည်။ "ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ နောက်ထပ် နှစ်ရက်လောက်တော့ စောင့်ရမယ်။ အဆင်ပြေမလား"

"ပြေပါတယ်... ပြေပါတယ်" နင်အောက်ရွှဲ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ "စီနီယာ ကူညီမယ် ဆိုရင် ဘယ်နှရက် စောင့်ရစောင့်ရ ကိစ္စမရှိပါဘူး"

"ဒါ ကျွန်မရဲ့ ဖုန်းနံပါတ်ပါ။ စီနီယာ အားတဲ့အချိန် ဆက်သွယ်လိုက်ပါ။"

နင်အောက်ရွှဲ ရေးပေးသော နံပါတ်ကို ယူပြီး ယဲ့ထျန်း ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီ... မိုးချုပ်နေပြီ၊ ကျွန်တော် ပြန်တော့မယ်"

ပြောပြီးသည်နှင့် ယဲ့ထျန်း လှည့်ထွက်ရန် ပြင်လိုက်သည်။

"ဆရာယဲ့... ခဏလေး နေပါဦး"

ထိုအချိန်တွင် အဘိုးကော်က ယဲ့ထျန်းကို လှမ်းခေါ်လိုက်သည်။

ယဲ့ထျန်း နားမလည်နိုင်စွာ လှည့်ကြည့်လိုက်ရာ အဘိုးကော်က သော့တစ်ချောင်း ကမ်းပေးပြီး ပြုံးကာ ပြောလိုက်သည်ကို တွေ့လိုက်ရသည်။ "ဆရာယဲ့... ဆရာ့ကျေးဇူးက တန်ဖိုးဖြတ်မရပါဘူး"

ဒါက ကျွန်တော့် သားသမီး မြေးမြစ်တွေ ပေးထားတဲ့ လုံးချင်းအိမ်သော့ပါ။ လင်းကျန်းမြစ် အလယ်က ကျွန်းပေါ်မှာ ရှိတယ်။ ကျွန်တော်က ဒီမှာ နေရတာ အသားကျနေတော့ အဲ့ဒီမှာ တစ်ခါမှ သွားမနေဖြစ်ဘူး။

"ဆရာယဲ့က သူများအိမ်မှာ နေနေရတယ်လို့ ကြားတယ်။ တော်တော် အဆင်မပြေ ဖြစ်မှာပဲ။ ဒါကြောင့် ကျေးဇူးတင်တဲ့ အနေနဲ့ ဒီအိမ်ကို ဆရာယဲ့အား လက်ဆောင် ပေးပါရစေ။ ကျေးဇူးပြုပြီး လက်ခံပေးပါ ဆရာယဲ့။"

သူတို့အနောက်တွင် နင်အောက်ရွှဲနှင့် ကော်ဇီယိုတို့ အံ့သြနေကြသည်။

မြစ်လယ်ကျွန်းပေါ်က အိမ်ဆိုတာ သာမန်နေရာ မဟုတ်ဘူး။ ကျန်းလင်းမြို့ရဲ့ အထက်တန်းလွှာတွေပဲ နေထိုင်ကြတဲ့ နေရာဖြစ်ပြီး ကျန်းလင်းမြို့ရဲ့ အချမ်းသာဆုံး ရပ်ကွက် ဖြစ်သည်။

အိမ်တစ်လုံးက ယွမ် သန်းဆယ်ချီ တန်ကြေးရှိသည်။ အတော်အတန် ချမ်းသာသော မိသားစုများပင် အလွယ်တကူ မတတ်နိုင်ကြ၊ သာမန်လူတွေဆို ပြောစရာတောင် မလိုတော့။

အခု အဘိုးကော်က အလွယ်တကူ ပေးလိုက်သည်။

သာမန်လူဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ငြင်းပယ်ကြမှာ သေချာသည်။

ဒါပေမဲ့ ယဲ့ထျန်းက အခု ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ။ သူ ပြင်ဆင်ပေးလိုက်တဲ့ စိတ်စွမ်းအင် ကျင့်စဉ်နဲ့ ယွမ်ဆေးလုံး အသေးစား ၁၀ လုံးက အဘိုးဝေရဲ့ ဒဏ်ရာကို ပျောက်ကင်းစေရုံသာမက ကျင့်ကြံမှုအဆင့်ကိုပါ မြှင့်တင်ပေးနိုင်ပြီး သိုင်းပညာရှင်ဖြစ်လာဖို့ အခွင့်အရေး ပေးနိုင်တယ်။

ဒီအရာ နှစ်ခုတည်းနဲ့တင် အိမ်တစ်လုံးစာ တန်ဖိုး ရှိနေပြီ။

ပြီးတော့ ကျိန့်ရွှမ်အိမ်မှာ ယာယီနေရတာ တကယ် အဆင်မပြေဘူး။ ပြောင်းဖို့ အခွင့်အရေး ရှာနေတာနဲ့ အတော်ပဲ။

ဒါကြောင့် သူ လက်ဆောင်ကို လက်ခံလိုက်သည်။ အနာဂတ်မှာ အဆများစွာ ပြန်ပေးဆပ်သွားမှာ ဖြစ်သည်။

ဒါ့အပြင် ကျန်းရှင်းကျွန်း အိမ်ရာစီမံကိန်းအကြောင်း နောက်ထပ် အလွှာတစ်ခုကို ယဲ့ထျန်း သိထားသေးသည်။ အဲ့ဒါက လီချန်ခုံး မိသားစုရဲ့ ပိုင်ဆိုင်မှု ဖြစ်ပြီး လီချန်ခုံး မိသားစု နေထိုင်တဲ့ နေရာလည်း ဖြစ်တယ်။

အတိတ်ဘဝတုန်းက မော့ကြည့်ခဲ့ရတဲ့ ရန်သူ၊ ဒီဘဝမှာတော့ ခြေဖဝါးအောက် ထားရမယ့် ရန်သူကို မြန်မြန် နင်းချေနိုင်လေ ကောင်းလေပဲ။

နင်းချေချင်ရင် နီးနီးကပ်ကပ် နေရမယ်လေ။

ဒါကြောင့် သူ သော့ကို ယူလိုက်ပြီး အဘိုးကော်ကို ခေါင်းညိတ်ပြကာ လှည့်ထွက်သွားတော့သည်။

ယဲ့ထျန်း ထွက်သွားသည်ကို ကြည့်ရင်း ကော်ဇီယို နားမလည်နိုင်စွာ မေးလိုက်သည်။ "အဘိုး... ပေးတာ များလွန်းမနေဘူးလား။ အဲ့ဒါက ကျန်းရှင်းကျွန်းမှာ အကောင်းဆုံး အိမ်လေ၊ ယွမ် သန်း ၃၀ ကျော် တန်တာ"

"တတိယဦးလေးကို တခြားလူက ပေးလိုက်တာ၊ ပြီးတော့ ဦးလေးက အဘိုးကို ဂါရဝပြုတဲ့ အနေနဲ့ ပေးထားတာလေ။ အဒေါ်က လိုချင်နေတာ ကြာပြီ၊ အဘိုး ဘယ်တုန်းကမှ မပေးခဲ့ဘူး။"

"သူက အဘိုးရောဂါကို ကုပေးတယ် ဆိုပေမယ့်၊ ဘယ်လောက်ပဲ တော်တော်၊ ယွမ် သန်းဂဏန်းလောက် ပေးရင် လုံလောက်ပါပြီ။ ဘာလို့ ယွမ် သန်းဆယ်ချီတန်တဲ့ အိမ်ကို ပေးလိုက်ရတာလဲ။"

"ပြီးခဲ့တဲ့ တစ်ခေါက်က မြို့တော်က သမားတော်ကြီး လာကြည့်ပေးတုန်းက မကုနိုင်ခဲ့ပေမယ့် ယွမ် ၁ သိန်းပဲ ယူသွားတာ"

သူမ နားမလည်နိုင် ဖြစ်နေသည်။ ဒါက များလွန်းအားကြီးသည်။

အဘိုးကော် မျက်လုံးအနည်းငယ် မှေးလိုက်ပြီး ပြောလိုက်သည်။ "မင်း နားမလည်ပါဘူး။ တခြားဟာတွေ ထားလိုက်ဦး၊ ဒီကျင့်စဉ် စာအုပ် တစ်ခုတည်းနဲ့တင် တန်ဖိုးဖြတ်မရတော့ဘူး"

နင်အောက်ရွှဲ ဝင်ပြောလိုက်သည်။ "ဟုတ်တယ်... အထူးသဖြင့် ပြီးပြည့်စုံပြီး အားနည်းချက် မရှိတဲ့ အတွင်းအား သိုင်းပညာ ကျင့်စဉ် ဆိုတာ ရွှေတစ်သောင်း ပေးရင်တောင် ဝယ်လို့ရတဲ့အရာ မဟုတ်ဘူး"

ဟိုးအရင်တုန်းက ငါတို့ နင်မိသားစုက ပြင်ပအား သိုင်းပညာတွေကိုပဲ လက်ဆင့်ကမ်းခဲ့ကြတာ။ ပထမအချက်က နက်နဲတဲ့ အတွင်းအား သိုင်းပညာတွေ ရှားပါးလို့၊ ဒုတိယအချက်က ပြင်ပအား သိုင်းပညာတွေက အတွင်းအား သိုင်းပညာတွေနဲ့ ယှဉ်ရင် အားနည်းချက် ပိုနည်းလို့။

ဒါကြောင့် စီနီယာယဲ့ ချန်ထားခဲ့တဲ့ ကျင့်စဉ် ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာ အခု နင် သိပြီမလား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသွားဖို့ လုံလောက်ရုံမက နှစ်ပေါင်းရာချီ တည်တံ့မယ့် မိသားစုတစ်ခုကို တည်ထောင်နိုင်တယ်လို့ ပြောရင်တောင် မမှားဘူး။

"ဟုတ်တယ်... အောက်ရွှဲ ပြောတာ လုံးဝ မှန်တယ်။ ဇီယို... မင်း မမနင်ဆီကနေ များများ သင်ယူဦး" အဘိုးကော် ခေါင်းညိတ်လိုက်သည်။ "ဒါ့အပြင် သိုင်းပညာရှင်ဆိုတာ ဘာကို ကိုယ်စားပြုလဲ မင်း သိလား"

ဒါကို ပြောလိုက်ချိန်တွင် အဘိုးကော်၏ လေသံတွင် လွမ်းဆွတ်တမ်းတမှုများ ပါဝင်နေသည်။

"သိုင်းပညာရှင် ဟုတ်လား" ကော်ဇီယို သံသယ အနည်းငယ်ဖြင့် မေးလိုက်သည်။ "အရင်တုန်းက အဘိုး ပြောဖူးတယ်လေ၊ သိုင်းပညာရှင်တွေက အရမ်း ရှားတယ်၊ ကျည်ဆန်တွေကို လက်ဗလာနဲ့ ဖမ်းနိုင်တယ် ဆို"

ဒါတွေက ဒဏ္ဍာရီတွေပဲ မဟုတ်ဘူးလား။ တကယ့် သိုင်းပညာရှင် တစ်ယောက်က ပစ္စတိုကျည်ဆန်ကို ခံနိုင်ရည် ရှိမရှိ ဆိုတာက တခြားကိစ္စလေ။ တကယ် ခံနိုင်ရင်ရော ဘာဖြစ်ဦးမှာလဲ။

ခေတ်မီ နည်းပညာတွေက ဒီလောက် တိုးတက်နေတာ။ ပစ္စတိုကို ခံနိုင်ရုံနဲ့ ရိုင်ဖယ်တွေ၊ စနိုက်ပါတွေ၊ တင့်ကား အမြောက်တွေ၊ လေယာဉ်တွေ၊ ဒုံးကျည်တွေကိုရော ခံနိုင်မှာမို့လို့လား။

"မင်း...!" အဘိုးကော် ကော်ဇီယိုကို လက်ညှိုးထိုးပြီး ခေါင်းခါလိုက်သည်။

ထို့နောက် နင်အောက်ရွှဲဘက် လှည့်မေးလိုက်သည်။ "အောက်ရွှဲ... မင်း ဆရာယဲ့ရဲ့ နောက်ခံကို စုံစမ်းပြီးလောက်ပြီ ထင်တယ်"

နင်အောက်ရွှဲ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... စီနီယာယဲ့ရဲ့ အကြောင်းကို တစ်ခါ စုံစမ်းခိုင်းဖူးပါတယ်။ မြို့တော်က လာတယ် ဆိုတာလောက်ပဲ သိရပါတယ်"

ကော်ဇီယို မကျေမနပ် ပြောလိုက်သည်။ "ဒါဆို ဘာဖြစ်လဲ။ အဘိုးလည်း အရင်က စုံစမ်းခိုင်းဖူးတာပဲ မဟုတ်လား"

အချက်အလက်တွေအရ သူက သာမန်လူ တစ်ယောက်ပါပဲ။ သူက သိုင်းပညာရှင် ဖြစ်နေရုံနဲ့ ဘာလို့ ဒီလောက် အောက်ကျခံ ပေါင်းသင်းနေရတာလဲ။

"ဟေး... မင်း နားမလည်သေးပါဘူး။ ကိစ္စတွေက မင်း ထင်သလောက် မရိုးရှင်းဘူး"

အဘိုးကော် ခေါင်းခါလိုက်သည်။ မျက်နှာတွင် မတတ်သာသည့် အမူအရာ ပေါ်နေသည်။ "ထားလိုက်ပါတော့... နောက်မှ အောက်ရွှဲကို ရှင်းပြခိုင်းလိုက်မယ်။ ငါ မောပြီ၊ သွားအိပ်တော့မယ်"

အဘိုးကော်ကို ပြန်ပို့ပြီးနောက် ကော်ဇီယိုက နင်အောက်ရွှဲကို ဘေးသို့ ဆွဲခေါ်သွားပြီး မေးခွန်းထုတ်နေသည်။ သိုင်းပညာရှင်က ဘာလို့ ဒီလောက် စွမ်းအားကြီးတာလဲ၊ ဘာလို့ အဘိုးက သူ့ကို ဒီလောက် တန်ဖိုးထားတာလဲ ဆိုတာ သိချင်နေသည်။

နင်အောက်ရွှဲနှင့် ယှဉ်လျှင် ကော်ဇီယိုက အသက်ငယ်ပြီး ကျင့်ကြံမှုအဆင့် နိမ့်သဖြင့် သိုင်းပညာအပေါ် နားလည်မှု တိမ်ကောနေသည်။ သိုင်းပညာရှင် တစ်ယောက်၏ ကြောက်မက်ဖွယ် ကောင်းပုံကို နားမလည်နိုင် ဖြစ်နေသည်။

နင်အောက်ရွှဲ အနည်းငယ် စိတ်ပျက်သွားသည်။ သူမ၏ မျက်နှာထား လေးနက်သွားပြီး သိုင်းပညာရှင် တစ်ယောက် မည်မျှ ကြောက်စရာ ကောင်းကြောင်းကို ဒီကောင်မလေး နားလည်အောင် ဘယ်လို ပြောပြရမလဲ စဉ်းစားနေသည်။