အပိုင်း (၃၁) - အထင်သေးခံရခြင်း
ဘာပဲဖြစ်ဖြစ် မနေ့ညက သူ့စွမ်းဆောင်ရည်က စိတ်ကူးမယဉ်နိုင်လောက်အောင် ကောင်းလွန်းတယ်။ အံ့ဖွယ်သိုင်းပညာကို ပိုင်ဆိုင်ထားရုံမက ကျိုးထျန်းရွှယ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ဘာမှ မဖြစ်ဘဲ ပြန်ထွက်လာနိုင်ခဲ့တယ်လေ။
ယဲ့ထျန်း ဘယ်လိုလုပ်ခဲ့လဲ ဆိုတာ ထားလိုက်၊ ကျိုးထျန်းရွှယ် လက်ထဲကနေ ဘာမှ မဖြစ်ဘဲ ပြန်ထွက်လာနိုင်တာကိုက စွမ်းရည်တစ်ခုပဲ။
ဝူရှစ်ချုံး မျက်မှောင်ကြုတ်လိုက်သည်။ ဝူရှောင်ရှောင် ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက "ငါက နင်တို့ကိစ္စကို ဝင်မပါချင်ပါဘူး" ဟု အစချီလိုက်သည်။
"ငါတို့ နှစ်မိသားစုက စီးပွားရေး အခြေအနေချင်း တူသလို စီးပွားရေးအရလည်း ဆက်ဆံမှုတွေ ရှိတယ်။ နင့်ဦးလေးလီကလည်း နင့်ကို သဘောကျနေတာဆိုတော့ နင်တို့နှစ်ယောက် တွဲကြည့်သင့်တယ် ထင်လို့..."
"သမီး အခန်းထဲ ဝင်တော့မယ်"
ဝူရှောင်ရှောင်က ဆက်ပြောမနေချင်တော့ဘဲ အခန်းထဲ ဝင်သွားလိုက်သည်။
ယဲ့ထျန်း ဘာမှ မပြောဘဲ သူ့အခန်းထဲ ပြန်ဝင်သွားလိုက်သည်။
ယဲ့ထျန်း ထွက်သွားပြီးနောက် ဝူရှစ်ချုံးက ကျိန့်ရွှမ်ကို လှမ်းပြောလိုက်သည်။ "ထူးဆန်းတယ်... ငါက ရှောင်ရှောင်နဲ့ လီရီ အကြောင်း မေးနေတာကို၊ သူက ယဲ့ထျန်းကိုပဲ ခိုးခိုးကြည့်နေတယ်။ ဒီကလေးမလေး သူ့ကို ကြိုက်နေတာများလား"
အဒေါ်ကျိန့်က ရယ်မောပြီး ပြောလိုက်သည်။ "အဓိပ္ပာယ် မရှိတာ၊ ယဲ့ထျန်းက ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ ပြီးတော့ ရှောင်ရှောင်က သာမန်ကာလျှံကာ မိန်းကလေး မဟုတ်ပါဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဝူရှစ်ချုံးက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ငါ လျှောက်ပြောနေတာ မဟုတ်ဘူး။ တကယ်လို့ ရှောင်ရှောင်က ယဲ့ထျန်းကို၊ ဒါမှမဟုတ် ယဲ့ထျန်းလို လူမျိုးကို ကြိုက်သွားတယ် ဆိုရင်တော့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး"
အဒေါ်ကျိန့် မကျေမနပ် ဖြစ်သွားပြီး ပြန်ပြောလိုက်သည်။ "ရှင် ဘာတွေ ပြောနေတာလဲ။ ယဲ့ထျန်းလို လူမျိုးက ဘာဖြစ်နေလို့လဲ"
"ရုပ်ရည်လည်း မဆိုးပါဘူး၊ ယဉ်လည်း ယဉ်ကျေးပါတယ်။ ကလေးချင်း ကြိုက်ရင် ဘာဖြစ်လို့လဲ"
ဝူရှစ်ချုံးက သရော်လိုက်သည်။ "ကြိုက်တာနဲ့ ထမင်းစားလို့ ရလို့လား။ ဒီခေတ်ကြီးမှာ လူမှုအဆင့်အတန်းနဲ့ မိသားစု နောက်ခံ တူမှ ဖြစ်မှာ"
"ငါ့သမီးကို ဆင်းရဲဒုက္ခ မခံခိုင်းနိုင်ဘူး။ ယဲ့ထျန်းလို ဆင်းရဲသား ကောင်လေးက လီရီကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"
အဒေါ်ကျိန့်က ဆက်ပြောသည်။ "ရှင် ပိုက်ဆံရှိလာတော့ ရှေးရိုးစွဲ လူကြီးတွေလို တွေးလာပြန်ပြီ"
အခုခေတ်က လွတ်လပ်စွာ ချစ်ကြိုက်ခွင့် ရှိတယ်လေ။ ရှင် သဘောမတူလည်း ရှောင်ရှောင် ကြိုက်ရင် ရှင် တားလို့ရမှာ မဟုတ်ဘူး။
"တားမရလည်း တားရမှာပဲ" ဝူရှစ်ချုံး၏ သဘောထားက ပြတ်သားသည်။
ကျင့်ကြံမှုအဆင့် တိုးတက်လာသဖြင့် ယဲ့ထျန်းသည် အခန်းထဲမှနေ၍ အပြင်က စကားဝိုင်းကို ရှင်းလင်းစွာ ကြားနေရသည်။ သူ စိတ်ထဲတွင် တွေးလိုက်မိသည်။ "အိမ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတာတောင် ပြဿနာက တက်လာပါလား။ အိပ်နေရင်း သေနတ်မှန်သလိုပဲ"
အချိန်များ ကုန်ဆုံးသွားပြီး မကြာမီ ကျောင်းဖွင့်ရက် ရောက်လာသည်။
ထိုနေ့တွင် ယဲ့ထျန်းသည် ထုံးစံအတိုင်း ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် နင်အောက်ရွှဲ၏ ဖခင်ကို ကုသပေးရန် ကတိပေးထားသည်ကို သတိရသွားသည်။
သူ နင်အောက်ရွှဲကို ဖုန်းဆက်ပြီး ကုသပေးရန် အဆင်သင့် ဖြစ်ပြီဖြစ်ကြောင်း ပြောလိုက်သည်။
နင်အောက်ရွှဲ ဝမ်းသာအားရ ဖြစ်သွားသော်လည်း လက်ရှိအချိန်တွင် သူမ ကျန်းလင်းမြို့၌ မရှိကြောင်း၊ ဘယ်ရောက်နေလဲ ဆိုတာ ပြောဖို့ အဆင်မပြေကြောင်း ပြောလာသည်။ ယဲ့ထျန်း ဘာမှ ဆက်မမေးတော့ပေ။
နင်အောက်ရွှဲက ကျန်းလင်းမြို့မှာ မရှိဘူး။
"ကောင်းပြီ... ဒါဆို ငါ့ကို လာကြိုမယ့်လူ လွှတ်လိုက်လေ။ ငါ ခင်ဗျားအဖေကို ကုသပေးလိုက်မယ်"
နင်အောက်ရွှဲနှင့် ပြောပြီးနောက် ယဲ့ထျန်း ဖုန်းချကာ အခန်းထဲမှ ထွက်လာခဲ့သည်။
ယဲ့ထျန်း ထွက်လာသည်ကို မြင်သောအခါ ဧည့်ခန်းထဲတွင် ရှိနေသော ဝူရှောင်ရှောင် ချက်ချင်း မတ်တပ်ရပ်ပြီး မေးလိုက်သည်။ "အပြင်သွားမလို့လား"
ယဲ့ထျန်း ခေါင်းညိတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ဝူရှောင်ရှောင် ထပ်မေးလိုက်သည်။ "ဘယ်သွားမလို့လဲ"
"နင် သိစရာ မလိုပါဘူး" ယဲ့ထျန်း အေးဆေးပင် ပြန်ဖြေလိုက်သည်။
ဝူရှောင်ရှောင် မျက်လုံးလှန်ကြည့်လိုက်သော်လည်း လက်မလျှော့ဘဲ ထပ်မေးလိုက်သည်။ "ငါ လိုက်ခဲ့လို့ ရမလား"
"မရဘူး"
ယဲ့ထျန်း ဒုတိယအကြိမ် စဉ်းစားမနေဘဲ ငြင်းပယ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။
ယဲ့ထျန်း ထွက်သွားပြီးနောက် ဝူရှောင်ရှောင် စိတ်ဆိုးမာန်ဆိုး ခြေဆောင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဟွန်း... ဘာများ အဲ့လောက် အရေးပါနေလို့လဲ။ မာနကြီးလိုက်တာ။ နင့်မှာ ဒါလေးပဲ ရှိတာ မဟုတ်လား။ ဘာများ အဲ့လောက် ကောင်းနေလို့လဲ"
ဝူရှောင်ရှောင် ကိုယ်တိုင်လည်း သူမ ယဲ့ထျန်းကို တကယ် ကြိုက်သွားတာလား၊ ဒါမှမဟုတ် ယဲ့ထျန်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုက ဖမ်းစားထားတာလား ဆိုတာ သေချာ မသိပေ။
ကြိုက်တာလား။ မဟုတ်ဘူး... သိမ်းပိုက်ချင်စိတ် ဖြစ်လောက်တယ်။
ယောကျာ်းလေးတွေက မိန်းကလေး လှလှလေးတွေကို သိမ်းပိုက်ချင်ကြသလို၊ မိန်းကလေးတွေကလည်း သူတို့ စိတ်ဝင်စားတဲ့ ယောကျာ်းလေးတွေကို သိမ်းပိုက်ချင်ကြတာပဲလေ။
အခြားတစ်ဖက်တွင်...
ယဲ့ထျန်း လူနေအိမ်ရာဝင်း အပေါက်ဝသို့ ရောက်သောအခါ 'ပျံသန်းနေသော နဂါး' (Flying Dragon) ဇိမ်ခံကားတစ်စီး ရောက်ရှိလာသည်။
ဒါက တရုတ်နိုင်ငံ၏ ထိပ်တန်း ကားအမှတ်တံဆိပ် တစ်ခုဖြစ်သော လုံထိန်မှ ထုတ်လုပ်သည့် အဆင့်မြင့် မော်ဒယ်ဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်ဆိုလျှင် ယွမ် နှစ်သန်းနီးပါး တန်ကြေးရှိသည်။
ကားရပ်သွားပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ဆင်းလာပြီး ယဲ့ထျန်းကို ရိုသေစွာ မေးလိုက်သည်။ "လူကြီးမင်းက ဆရာယဲ့ထျန်းလား ခင်ဗျာ"
ယဲ့ထျန်း စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထိုလူ ချက်ချင်း ဦးညွှတ်လိုက်ပြီး ကားတံခါး ဖွင့်ပေးကာ "ကျွန်တော့်နာမည် ဝမ်ယွိလုံပါ။ သခင်မလေးက ဆရာယဲ့ကို လာကြိုခိုင်းလိုက်လို့ပါ။ ကားပေါ် ကြွပါ ခင်ဗျာ"
ယဲ့ထျန်း ကားပေါ်တက်လိုက်သည်။ ဝမ်ယွိလုံ တံခါးပိတ်ပြီး မောင်းသူနေရာသို့ ပြန်သွားကာ မောင်းထွက်လိုက်သည်။
မကြာမီ အန်းနင်အုပ်စု အဆောက်အအုံသို့ ရောက်ရှိသွားကြသည်။
ဝမ်ယွိလုံ ဦးဆောင်မှုဖြင့် ယဲ့ထျန်း အပေါ်ဆုံးထပ်ရှိ ဥက္ကဋ္ဌ ရုံးခန်းသို့ ရောက်ရှိလာသည်။
ဝမ်ယွိလုံက ယဲ့ထျန်းကို ပြောလိုက်သည်။ "ဆရာယဲ့... ခဏလောက် စောင့်ပေးပါဦး။ ကျွန်တော် ဥက္ကဋ္ဌကို အကြောင်းကြားလိုက်ပါဦးမယ်"
ယဲ့ထျန်း ခေါင်းညိတ်လိုက်ပြီး အပြင်ဘက် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
ခဏကြာတော့ ဝမ်ယွိလုံ ပြန်ထွက်လာသည်။ "ဆရာယဲ့... ဥက္ကဋ္ဌကြီး စောင့်နေပါတယ်"
ယဲ့ထျန်း ခေါင်းညိတ်ပြီး မတ်တပ်ရပ်ကာ ရုံးခန်းထဲ ဝင်သွားလိုက်သည်။
ရုံးခန်းထဲတွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦး စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုနေသည်။
ထိုလူသည် သန့်ပြန့်သော ရုပ်ရည်ရှိပြီး နင်အောက်ရွှဲနှင့် အနည်းငယ် ဆင်တူသည်။ တည်ငြိမ်သော အရှိန်အဝါ ထွက်ပေါ်နေသဖြင့် အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာနေသည်။
သို့သော် သူ့မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေသည်။ တစ်စုံတစ်ခုကို စိတ်ပူနေသလိုပင်။
တမင် အာရုံစိုက်စရာ မလိုဘဲ ယဲ့ထျန်း သိလိုက်သည်။ သာမန်လူနှင့် မခြားနားသော ဒီလူ၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအားနှင့် သွေးလည်ပတ်မှု အလွန် ကမောက်ကမ ဖြစ်နေသည်။ ပြင်းထန်သော ဒဏ်ရာ၏ နောက်ဆက်တွဲ ဆိုးကျိုးများပင်။
ဒီလူက နင်ကော်ဖုန်း ဖြစ်ရမည်။
နင်ကော်ဖုန်း၏ အနောက်တွင် ကမ္ဘာလောကကို ငုံ့ကြည့်နေသော လင်းယုန်ကြီးတစ်ကောင်၏ ပုံကြီးတစ်ပုံ ရှိနေသည်။ ပိုင်ရှင်၏ ရည်မှန်းချက်ကြီးမားပုံကို ဖော်ပြနေသည်။
ယဲ့ထျန်းကို မော့ကြည့်လိုက်သောအခါ နင်ကော်ဖုန်း အံ့သြသွားသည်။ သူ့သမီး နင်အောက်ရွှဲက သူ့ကို ကုသပေးမည့် တိုင်းရင်းဆေး ဆရာကြီး လာမည်ဖြစ်ကြောင်း၊ ကောင်းကောင်းမွန်မွန် ဆက်ဆံရန် မှာထားခဲ့သည်။
ဒါပေမဲ့ အခု ဒီတိုင်းရင်းဆေး ဆရာကြီးက ဒီလောက် ငယ်ရွယ်နေတာ တွေ့လိုက်ရတော့ နင်ကော်ဖုန်း သမီးမှာတာကို မေ့သွားပြီး ဒီကောင်လေးက ဆရာဝန် မဖြစ်နိုင်ဘူး၊ လိမ်လည်လှည့်ဖြားသူသာ ဖြစ်လိမ့်မယ်လို့ တွေးလိုက်မိသည်။
နင်ကော်ဖုန်း အမြင်တွင် နင်အောက်ရွှဲသည် ဖခင်ကို ကယ်တင်ချင်စိတ် စောလွန်းသဖြင့် ဒီကောင်လေး၏ စကားအလှများအောက်တွင် လမ်းပျောက်ပြီး တိုင်းရင်းဆေး ဆရာကြီးလို့ အထင်မှားသွားခြင်း ဖြစ်မည်ဟု ယူဆလိုက်သည်။
နင်ကော်ဖုန်းက လူငယ်တွေကို အထင်သေးပြီး လိမ်လည်သူတွေလို့ သတ်မှတ်တတ်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ တိုင်းရင်းဆေးပညာ ဆိုတာ သင်ယူရ ခက်ခဲတဲ့ ပညာရပ်လေ။ ကြည့်ရှုခြင်း၊ စစ်ဆေးခြင်း၊ မေးမြန်းခြင်း၊ စမ်းသပ်ခြင်း စတဲ့ ကျွမ်းကျင်မှုတွေအပြင် ဆေးဝါးဗေဒ သဘောတရားတွေကိုပါ နားလည်ဖို့ အချိန်အများကြီး ပေးရတယ်။
သိုင်းပညာရှင်တွေကို ကုသပေးဖို့ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး။
သိုင်းပညာရှင်တွေက ချီနဲ့ သွေး ပြည့်ဝကြတယ်။ ဖျားနာခဲတယ်။ ရောဂါဖြစ်လာရင်လည်း သာမန် မဟုတ်ဘူး။
ဒါတွေ အကုန်လုံး ပေါင်းစပ်ပြီး သိုင်းပညာရှင်တွေကို ကုသပေးနိုင်တဲ့ နိုင်ငံတော်အဆင့် အကြံပေး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။
၅ နှစ်၊ ၆ နှစ်လောက်ကတည်းက စတင် သင်ယူခဲ့ရင်တောင် အခြေခံ ဗဟုသုတတွေ ရဖို့ အနည်းဆုံး နှစ် ၃၀ လောက် ကြာဦးမှာ။ တိုင်းရင်းဆေး ဆရာကြီး အဆင့်ရောက်ဖို့ ဆိုရင်တော့ ဘယ်လောက်ကြာမလဲ ခန့်မှန်းလို့တောင် မရဘူး။
ဒဏ်ရာရပြီးကတည်းက နင်ကော်ဖုန်းသည် နာမည်ကြီး တိုင်းရင်းဆေး ဆရာဝန်ကြီး အများအပြားနှင့် ပြသခဲ့ဖူးသည်။ အားလုံးက ဆံပင်ဖြူနေသော အဘိုးကြီးများသာ ဖြစ်ကြသည်။
ယဲ့ထျန်းလို အသက် ၂၀ ကျော် လူငယ်လေးက တိုင်းရင်းဆေး ဆရာဝန် စစ်စစ် ဖြစ်နေရင်တောင် ဆေးဖက်ဝင် အပင်တွေကို အကုန် မှတ်မိပါ့မလား ဆိုတာ သံသယ ဖြစ်စရာ။ လူနာကုဖို့ ဆိုတာ ဝေးသေးတယ်။ ဒါကြောင့် လူတွေက ယဲ့ထျန်းကို လိမ်လည်သူလို့ သတ်မှတ်ကြတာ မဆန်းပါဘူး။
သို့သော် နင်ကော်ဖုန်း ချက်ချင်း မတုံ့ပြန်သေးဘဲ ယဲ့ထျန်းကို ကြည့်ကာ မေးလိုက်သည်။ "မင်းက ယဲ့ထျန်းလား"
နင်ကော်ဖုန်း၏ အပြုအမူကို ကြည့်ပြီး ဒီလူက သူ့ကို အလေးမထားကြောင်း၊ အထင်သေးနေကြောင်း ယဲ့ထျန်း နားလည်လိုက်သည်။
သူ ဂရုမစိုက်ပါ။ သူ့အဓိက ရည်ရွယ်ချက်က နင်အောက်ရွှဲကို ပေးထားတဲ့ ကတိ တည်ဖို့သာ ဖြစ်သည်။ ရှေ့က လူကြီးရဲ့ သဘောထားက သူနဲ့ မဆိုင်။
ထိုအချိန်တွင် ယဲ့ထျန်း အိတ်ကပ်ထဲမှ သေတ္တာငယ် တစ်လုံးကို ထုတ်လိုက်သည်။
ဒါက နင်ကော်ဖုန်း၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပြီးနောက် အမှတ် ၃၀ အသုံးပြုကာ စနစ်မှ လဲလှယ်ထားသော ဆေးဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ကမောက်ကမ ဖြစ်နေသော ချီနှင့် သွေးများကို ပြန်လည် စုစည်းညီညွတ်စေနိုင်သည်။
စနစ်နှင့် ကျင့်ကြံသူ တစ်ယောက်၏ အာရုံခံနိုင်စွမ်းများ ရှိနေသဖြင့် ယဲ့ထျန်းသည် သေလုမျောပါး လူနာကိုတောင် အလွယ်တကူ ကယ်တင်နိုင်သော နတ်ဆေးဆရာ တစ်ပါး ဖြစ်လာနိုင်သည်။
မူလက နင်အောက်ရွှဲကို မျက်နှာထောက်ပြီး နင်ကော်ဖုန်း၏ ခန္ဓာကိုယ် အခြေအနေကို တိုးတက်စေကာ လက်ရှိ အဆင့်ထက် ကျော်လွန်သွားနိုင်အောင် ကူညီပေးဖို့ ရည်ရွယ်ထားခဲ့သည်။
ဒါပေမဲ့ ဒီလူရဲ့ သဘောထားကို မြင်လိုက်ရတော့ ယဲ့ထျန်း လက်လျှော့လိုက်သည်။ သူက နင်ကော်ဖုန်းရဲ့ သဘောထားကို ဂရုမစိုက်ပေမယ့် ကျေးဇူးမသိတတ်တဲ့သူကို ဖားယားမယ့် လူမျိုးတော့ မဟုတ်ဘူး။
သူ ပြောလိုက်သည်။ "ဒါ နင်အောက်ရွှဲ မှာလိုက်တဲ့ ဆေးပါ။ သူ့ကို ပေးလိုက်ဖို့ ပြောလို့။ ကျွန်တော့်မှာ လုပ်စရာ ရှိသေးလို့ သွားခွင့်ပြုပါဦး"
ယဲ့ထျန်း သေတ္တာ ထုတ်ပေးလိုက်သောအခါ နင်ကော်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ထျန်းက လိမ်လည်သူ ဖြစ်ကြောင်း ပိုသေချာသွားသည်။
ဘယ်တိုင်းရင်းဆေး ဆရာဝန်က လူနာကို မစစ်ဆေး၊ မကုသဘဲ ဆေးပေးမှာလဲ။ ဒါ လိမ်လည်သူတွေပဲ လုပ်တဲ့ အလုပ်လေ။
စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး နင်ကော်ဖုန်းက ယဲ့ထျန်းကို လှမ်းခေါ်လိုက်သည်။
"ဆရာယဲ့... ဒီဆေးက အလုပ်ဖြစ်မယ်ဆိုတာ သေချာရဲ့လား"
ယဲ့ထျန်း ရပ်တန့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဆရာယဲ့က ဘယ်သူ့ဆီမှာ ပညာသင်ခဲ့လဲ မသိဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးပညာ တော်တော် ကျွမ်းကျင်နေပြီပဲ"
"ကျွန်တော်လည်း ဖျားနေတာ ကြာပြီ၊ ဆရာဝန်တွေ အများကြီးနဲ့ တွေ့ဖူးတယ်။ ဆရာ့ရဲ့ ဆရာကိုတောင် ကျွန်တော် သိရင် သိနေမှာ"
စကားလုံးတွေက ပုံမှန်လို ထင်ရပေမယ့် လေသံက ထူးဆန်းနေပြီး သရော်နေမှန်း သိသာသည်။
ယဲ့ထျန်း စိတ်ပျက်သွားသည်။ နင်ကော်ဖုန်းက သူ့ကို မေးခွန်းတွေ ဆက်တိုက် မေးနေတာ စိတ်ရှည်သည်းခံတတ်တဲ့ သူတောင် စိတ်မရှည်ချင်တော့။
ထိုအချိန်တွင် နင်ကော်ဖုန်းက ယဲ့ထျန်း၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သေတ္တာကို ကြည့်ကာ မေးလိုက်သည်။ "ဆရာယဲ့... ကျွန်တော် ပစ္စည်းကို အရင် စစ်ဆေးကြည့်လို့ ရမလား"
"ကြိုက်သလို လုပ်ပါ"
ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ နင်ကော်ဖုန်း ဘာတွေးနေလဲ သူ သိသည်။ သူ့ကို လုံးဝ မယုံကြည်ဘူး ဆိုတာပါပဲ။
နင်အောက်ရွှဲ မျက်နှာကို ထောက်ထားသည့်တိုင် ယဲ့ထျန်း ဒေါသထွက်လာသည်။
နင်ကော်ဖုန်း သေတ္တာကို ဖွင့်လိုက်သည်။ အတွင်းမှ မည်းနက်သော ဆေးလုံးကို ကောက်ယူပြီး နှာခေါင်းနား တေ့ကာ အနံ့ခံကြည့်သည်။ ထို့နောက် ယဲ့ထျန်းကို နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဘာလို့ ဒီဆေးက ဆေးနံ့ လုံးဝ မရတာလဲ"
"ဆေးဖော်စပ်တဲ့ နည်းလမ်းက ထူးခြားလို့ပါ။ ဆေးအာနိသင်ကို ဖုံးကွယ်ထားလို့ ဆေးနံ့ မထွက်တာ သဘာဝပါပဲ"
ယဲ့ထျန်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ယုံကြည်မှု အပြည့် ရှိနေသည်။
သူ့ယုံကြည်မှုက စနစ်က ထုတ်ပေးတဲ့ ပစ္စည်းမှန်သမျှ အရည်အသွေး ကောင်းမွန်မယ်လို့ ယုံကြည်ထားလို့ ဖြစ်သည်။
သို့သော် သူ့အပြုအမူက သူ့ကို လိမ်လည်သူဟု သတ်မှတ်ထားသော နင်ကော်ဖုန်းအတွက် အံ့သြစရာ ဖြစ်နေသည်။
နင်ကော်ဖုန်း၏ အကြည့်က ဆေးလုံးအပေါ် ပြန်ရောက်သွားသည်။ ဒီကောင်လေး တကယ်ပဲ စွမ်းရည်ရှိနေတာများလားဟု တွေးမိလိုက်သည်။
မဟုတ်ရင် ငါမေးလိုက်တုန်းက သူ ကြောက်လန့်သွားရမှာ။ အခုလို ယုံကြည်မှု ရှိနေမှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီစကား တစ်ခွန်းတည်းနဲ့တော့ မယုံနိုင်သေးဘူး။ ဘယ်လို စစ်ဆေးရမလဲ။
ထိုအချိန်တွင် စောစောက ထွက်သွားသော ဝမ်ယွိလုံ တံခါးဖွင့်ပြီး ဝင်လာသည်။
"ဥက္ကဋ္ဌနင်... ဥက္ကဋ္ဌထောင် ရောက်လာပါပြီ။ လျူ အမည်ရတဲ့ သက်ကြီးရွယ်အို တစ်ယောက်လည်း ပါလာပါတယ်။ အရင်က ကျွန်တော်တို့ ပြောဖူးတဲ့ သူပါပဲ။ အခု စောင့်နေကြပါတယ်"
အချိန်ကိုက်ပဲ။
ငါ ဒီကောင်လေးကို စမ်းသပ်ကြည့်မလို့ လုပ်နေတုန်း ဥက္ကဋ္ဌထောင်က အဘိုးလျူကို ခေါ်လာပေးတာ ကွက်တိပဲ။
အဘိုးလျူက နာမည်ကြီး တိုင်းရင်းဆေး ဆရာဝန်ကြီး။ ကျန်းလင်းမြို့ ဘေးက ချန်ကျိုးမြို့မှာ အရမ်း နာမည်ကြီးတယ်။ လူပေါင်းများစွာကို ကယ်တင်ခဲ့ဖူးသူ။
ငါ တခြားသူတွေဆီက ကြားဖူးလို့ ဥက္ကဋ္ဌထောင်ကို ဖိတ်ခေါ်ခိုင်းလိုက်တာ။
သူ ရောက်လာပြီဆိုတော့ ဒီကောင်လေး အကြောင်း အမှန်အတိုင်း စစ်ဆေးနိုင်တော့မယ်။
နင်ကော်ဖုန်း မျက်လုံးများ အရောင်တောက်လာပြီး ဝမ်ယွိလုံကို လေးလေးနက်နက် မှာကြားလိုက်သည်။ "မြန်မြန်... ဧည့်သည်တော် နှစ်ယောက်ကို ဧည့်ခန်းမဆောင်ကို ခေါ်သွားလိုက်။ ခဏနေရင် ငါ လာခဲ့မယ်"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: