ဝမ်ယွိလုံ ထွက်သွားပြီးနောက် နင်ကော်ဖုန်းက ယဲ့ထျန်းကို ပြောလိုက်သည်။ "တိုက်ဆိုင်လိုက်တာဗျာ... ဒီနေ့ ကျွန်တော့်သူငယ်ချင်း ခေါ်လာတဲ့ အဘိုးလျူကလည်း နာမည်ကြီး တိုင်းရင်းဆေး ဆရာဝန်ကြီး တစ်ယောက်ပဲ။ ချန်ကျိုးမြို့မှာ နာမည်ကြီးပြီး လူပေါင်းများစွာကို ကယ်တင်ခဲ့ဖူးတယ်"

"ဆရာယဲ့နဲ့ ကျွန်တော့်သမီး အောက်ရွှဲက အသိမိတ်ဆွေတွေ ဆိုတော့ မိတ်ဆွေလို့ သတ်မှတ်လို့ ရတာပေါ့။ ကျွန်တော်နဲ့အတူ အဘိုးလျူကို သွားနှုတ်ဆက်ပြီး မိတ်ဆွေဖွဲ့ကြည့်ပါလား"

နင်ကော်ဖုန်းက စီးပွားရေးသမား ပီပီ အလွန် ပါးနပ်သည်။ သူ့စိတ်ထဲ ဘာတွေးနေလဲ ဆိုတာ ထုတ်မပြောပေ။

ယဲ့ထျန်း နင်ကော်ဖုန်း၏ အတွေးကို ရိပ်မိသော်လည်း ထုတ်မပြောဘဲ ခေါင်းညိတ်လိုက်သည်။ ရွှေစစ်ရင် မီးကို မကြောက်ဘူးလေ၊ အဘိုးလျူ ဆိုတဲ့လူကို ဘာကြောက်စရာ ရှိလို့လဲ။

မကြာမီ သူတို့နှစ်ယောက် ဧည့်ခန်းမဆောင်သို့ ရောက်ရှိသွားကြသည်။

အတွင်း၌ လူနှစ်ယောက် ထိုင်နေသည်။ တစ်ယောက်က အလွန် ဝဖြိုးပြီး လည်ပင်းတွင် ရွှေဆွဲကြိုးကြီး ဆွဲထားကာ ဒီဇိုင်နာ အမှတ်တံဆိပ်များ ဝတ်ဆင်ထားသည်။ သူဌေးအသစ်စက်စက် ပုံစံ ပေါက်နေသည်။

ဒီလူက ဥက္ကဋ္ဌထောင် ဖြစ်မည်။

သူ့ဘေးတွင် ဆံပင်ဖြူဖြူနှင့် မျက်နှာနုနု အဘိုးအိုတစ်ယောက် ရှိသည်။ ဆံပင်ကို တာအိုဆံထုံး ထုံးထားပြီး ဝတ်ရုံရှည် ဝတ်ဆင်ထားသဖြင့် ရသေ့တစ်ပါးလို ပုံစံပေါက်နေသည်။

သို့သော် မျက်လုံးများက တြိဂံပုံစံ ပြောင်းပြန် ဖြစ်နေပြီး သွေးကြောမျှင်များ ယှက်သန်းနေသဖြင့် ရသေ့အသွင်အပြင်ကို ဖျက်ဆီးပစ်ရုံမက ရက်စက်ကြမ်းကြုတ်သော ပုံစံ ပေါက်နေစေသည်။

"ဥက္ကဋ္ဌထောင်... ခင်ဗျားက တကယ် အားကိုးရတာပဲ။ အဘိုးလျူကိုတောင် ဖိတ်ခေါ်နိုင်တယ် ဆိုတော့ အံ့သြစရာပဲဗျာ"

ပြောရင်းနှင့် နင်ကော်ဖုန်းက အဘိုးအိုကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

နင်ကော်ဖုန်း၏ အမူအရာကို မြင်သောအခါ ယဲ့ထျန်း အံ့သြသွားပြီး အဘိုးအိုကို သေချာ ကြည့်လိုက်မိသည်။

ဟိုင်ရှီးပြည်နယ်မှာ နင်မိသားစုရဲ့ ဩဇာအာဏာကို ထားလိုက်ဦး၊ နင်ကော်ဖုန်း ကိုယ်တိုင်ကလည်း အရှိန်အဝါ ကြီးမားတဲ့သူ။ ဒီလိုလူမျိုးက လေးလေးစားစား ဆက်ဆံရတယ်ဆိုတော့ ဒီအဘိုးအိုက သာမန် မဟုတ်တာ သေချာတယ်။

လူနှစ်ယောက်ကို အကဲခတ်ပြီးနောက် ယဲ့ထျန်း အံ့သြသွားသည်။ ထို့နောက် ဥက္ကဋ္ဌထောင်ကို ကြည့်လိုက်ပြီး မျက်လုံးများတွင် နားမလည်နိုင်မှုများ ပေါ်လာသည်။ ခဏကြာမှ သဘောပေါက်သွားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ယဲ့ထျန်း၏ အမူအရာ ပြောင်းလဲမှုကို ဘယ်သူမှ သတိမထားမိကြပေ။

သူဌေးအသစ်စက်စက် ပုံစံနှင့် ဥက္ကဋ္ဌထောင်က ပုံကြီးချဲ့ပြီး ပြောလိုက်သည်။ "ဥက္ကဋ္ဌနင်... ခင်ဗျားကလည်း အားနာစရာကြီးဗျာ"

"ကျွန်တော်တို့က ညီအစ်ကိုတွေပဲလေ။ ခင်ဗျားကိစ္စက ကျွန်တော့်ကိစ္စပဲ။ ရေထဲဆင်း ရဲထဲဝင် ဆိုရင်တောင် လုပ်ပေးမှာပါ"

ထို့နောက် ဘေးနားမှ အဘိုးအိုကို လက်ညှိုးထိုးပြပြီး လေးလေးနက်နက် ပြောလိုက်သည်။ "အဘိုးလျူကိုတော့ ခင်ဗျား သိပြီးသား နေမှာပါ။ နာမည်ကျော် တိုင်းရင်းဆေး ဆရာဝန်ကြီးလေ"

"ချန်ကျိုးမြို့မှာဆိုရင် သူ့ဆီ လာကုတဲ့သူတွေက အရာရှိကြီးတွေ၊ သူဌေးကြီးတွေချည်းပဲ။ တန်းစီနေကြရတာ"

"ကျွန်တော့် ဘိုးဘွားတွေ လက်ထက်ကတည်းက အဘိုးလျူနဲ့ ရင်းနှီးခဲ့လို့၊ ပြီးတော့ အဘိုးလျူကလည်း သဘောကောင်းလို့သာ ဖိတ်ခေါ်လို့ ရတာ။ မဟုတ်ရင် မလွယ်ပါဘူးဗျာ"

နင်ကော်ဖုန်း စိတ်လှုပ်ရှားစွာ လက်အုပ်ချီပြီး ပြောလိုက်သည်။ "ကောင်းတယ်... ကောင်းတယ်... ဥက္ကဋ္ဌထောင်၊ ဒီကျေးဇူးကို ကျွန်တော် မှတ်ထားပါ့မယ်။ နောက်ကျရင် သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်"

"ရပါတယ်ဗျာ... ခင်ဗျားကလည်း" ဥက္ကဋ္ဌထောင်က လက်ကာပြလိုက်သော်လည်း သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဝမ်းသာနေသည်ကို ဖုံးကွယ်မရ ဖြစ်နေသည်။

သူ ခဏရပ်ပြီး ဆက်ပြောသည်။ "ဥက္ကဋ္ဌနင်ရဲ့ အခြေအနေကို အဘိုးလျူကို ပြောပြထားပါတယ်။ အဘိုးလျူမှာ ခင်ဗျား ဒဏ်ရာအတွက် အသုံးဝင်မယ့် ရှားပါး ဆေးဖက်ဝင်အပင် တစ်မျိုး ရှိတယ်တဲ့"

"ဒါပေမဲ့ ဒီဆေးက အရမ်း တန်ဖိုးကြီးတော့ ကျွန်တော် မဆုံးဖြတ်ရဲဘူး။ ဒါကြောင့် ဥက္ကဋ္ဌနင် ကိုယ်တိုင် အဘိုးလျူနဲ့ ဆွေးနွေးကြည့်ပါ"

ဒါကို ကြားတော့ နင်ကော်ဖုန်း၏ အသက်ရှူသံ ပြင်းလာသည်။

အိမ်မက်ထဲမှာတောင် ဒဏ်ရာပျောက်ဖို့ မျှော်လင့်ခဲ့တာ။ အခု မျှော်လင့်ချက် ရောင်ခြည် တွေ့ပြီဆိုတော့ ယဲ့ထျန်းကို စစ်ဆေးဖို့တောင် မေ့သွားသည်။

သူ အဘိုးလျူကို စိုးရိမ်တကြီး မေးလိုက်သည်။ "အဘိုးလျူ... ဆေးပင် ပါလာသလား"

ထိုအချိန်တွင် အဘိုးလျူက ယဲ့ထျန်းကို ကြည့်ပြီး မေးလိုက်သည်။ "ဒီကောင်လေးက ဘယ်သူလဲ။ ငါ့ဆေးက ဂိုဏ်းရဲ့ လျှို့ဝှက်ချက်လေ။ သာမန်လူတွေကို ပေးမမြင်နိုင်ဘူး။ သူ့ကို ထွက်သွားခိုင်းလိုက်"

ဘေးနားရှိ ဥက္ကဋ္ဌထောင်ကလည်း ယဲ့ထျန်းကို ကြည့်ပြီး ရွဲ့ပြောလိုက်သည်။ "ဥက္ကဋ္ဌနင်... ခင်ဗျား ဘယ်လို ဖြစ်တာလဲ"

"ကျွန်တော် အရင်က ပြောခဲ့တယ်လေ... အဘိုးလျူက စိတ်ကြီးတယ် ဆိုတာ"

"သူ စိတ်ဆိုးသွားရင် ခင်ဗျား ဆေးရတော့မှာ မဟုတ်ဘူးနော်"

နင်ကော်ဖုန်း မျက်နှာပျက်သွားပြီး အမြန် ပြောလိုက်သည်။ "အဘိုးလျူ... ခွင့်လွှတ်ပါ။ ဒီလူငယ်လေးကလည်း တိုင်းရင်းဆေး ဆရာဝန်ပါပဲ။ ဆေးလာပို့တာနဲ့ ကြုံလို့ ခေါ်လာတာပါ"

"ဘာ..." အဘိုးလျူ မျက်လုံးများ ပြူးကျယ်သွားသည်။ "ဥက္ကဋ္ဌနင်... ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား။ ကျွန်တော့်ဆေးက အတုလို့ ထင်နေတာလား"

"ကောင်းပြီလေ... ခင်ဗျားက ပိုတော်တဲ့သူကို ရှာတွေ့ပြီ ဆိုမှတော့ ကျွန်တော်က လူပို မဖြစ်ချင်တော့ပါဘူး။ ပြန်လိုက်ပါတော့မယ်"

ပြောရင်းနှင့် ထရပ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

နင်ကော်ဖုန်း အမြန် တားလိုက်သည်။ "အဘိုးလျူ... အထင်မလွဲပါနဲ့။ ဒီလူကို ကျွန်တော် ဖိတ်တာ မဟုတ်ပါဘူး။ ကျွန်တော့်သမီးက သူ့သဘောနဲ့သူ ရှာလာတာပါ"

"ကျွန်တော့် ရည်ရွယ်ချက်က ခင်ဗျားတို့ နှစ်ယောက်စလုံးက တိုင်းရင်းဆေး ဆရာဝန်တွေပဲ ဆိုတော့၊ မသိရင်တောင် ကြားဖူးနားဝ ရှိပြီး လေးစားကြမယ် ထင်လို့ မိတ်ဆက်ပေးတာပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး"

"သူလည်း တိုင်းရင်းဆေး ဆရာဝန် ဟုတ်လား။ သံသယ ဖြစ်စရာပဲ" အဘိုးလျူ ရပ်တန့်လိုက်ပြီး သရော်လိုက်သည်။ "ကျွန်တော်က တစ်သက်လုံး ဆေးကုလာတာ။ ချန်ကျိုးမြို့မှာ အခြေချနေတာ ကြာပြီ"

"ဒါပေမဲ့ တိုင်းရင်းဆေးလောက ဆိုတာ ကျဉ်းကျဉ်းလေးပါ။ ကျန်းလင်းမြို့မှာ ဒီလောက် ငယ်ရွယ်တဲ့ ဆရာဝန် ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ လိမ်လည်လှည့်ဖြားသူ ဖြစ်လောက်တယ်။ မောင်းထုတ်လိုက်တာ ပိုကောင်းမယ်"

"ဟုတ်တယ်... ဟုတ်တယ်..." ဥက္ကဋ္ဌထောင်က ထောက်ခံလိုက်သည်။ "ဥက္ကဋ္ဌနင်... ခင်ဗျား ရှုပ်ထွေးနေပြီလား"

"ဒီကောင်လေးက အသက် ၂၀ ကျော်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ် တိုင်းရင်းဆေး ဆရာဝန်ကြီး ဖြစ်နိုင်မှာလဲ။ လိမ်စားနေတဲ့ကောင် သက်သက်ပဲ"

"ခင်ဗျားသမီးက ငယ်သေးလို့ နုံအတာ ထားပါတော့၊ ခင်ဗျားက စီးပွားရေးလောကမှာ ကျင်လည်နေတဲ့ လူကြီးလူကောင်း တစ်ယောက်လေ။ ဘယ်လိုလုပ် အလိမ်ခံရတာလဲ"

"ကျွန်တော်နဲ့ အဘိုးလျူသာ ရောက်မလာရင် ခင်ဗျား အလိမ်ခံရရုံတင်မကဘူး၊ သူခိုးကိုတောင် ကျေးဇူးတင်နေမိဦးမယ်"

"ဒါ..."

နင်ကော်ဖုန်း တွန့်ဆုတ်နေသည်။ ဘာပြောရမှန်း မသိ။

ဥက္ကဋ္ဌထောင်က ယဲ့ထျန်းဘက် လှည့်ပြီး ပြောလိုက်သည်။ "ကောင်လေး... မင်း ဗဟုသုတ နည်းပါးလိုက်တာ။ ငါ့ရှေ့လာပြီး လိမ်ရဲတယ်ပေါ့"

"အခုချက်ချင်း ထွက်သွားစမ်း။ မဟုတ်ရင် ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်မယ်"

ဘေးနားရှိ အဘိုးလျူကလည်း ယဲ့ထျန်းကို အထင်သေးစွာ ကြည့်လိုက်သည်။

ယဲ့ထျန်းက သူတို့နှစ်ယောက်ကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ "လောကကြီးက ထူးဆန်းတယ်နော်။ သူခိုးက လူဟစ်တယ် ဆိုတာ ကြားဖူးပေမယ့်..."

"လူလိမ်က တခြားလူကို လက်ညှိုးထိုးပြီး လူလိမ်လို့ စွပ်စွဲတာ၊ ရဲခေါ်မယ်လို့ ခြိမ်းခြောက်တာ ပထမဆုံး ကြားဖူးတာပဲ"

"ခင်ဗျားတို့ သရုပ်ဆောင်တာ တော်တော် ကောင်းတယ်။ မင်းသား မလုပ်ဖြစ်တာ နှမြောစရာပဲ"

"ဘာ..."

နင်ကော်ဖုန်းနှင့် ဥက္ကဋ္ဌထောင် လန့်သွားပြီး ယဲ့ထျန်းကို ကြည့်လိုက်ကြသည်။

အဘိုးလျူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသော်လည်း ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားသည်။ သို့သော် မျက်လုံးများ ဂဏှာမငြိမ် ဖြစ်နေသည်။

ဥက္ကဋ္ဌထောင်၏ မျက်နှာထား အမြန်ဆုံး ပြောင်းလဲသွားသည်။ ချက်ချင်း တည်ငြိမ်သွားပြီး ယဲ့ထျန်းကို ပြန်မပြောဘဲ နင်ကော်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ဥက္ကဋ္ဌနင်... ခင်ဗျား အဘိုးလျူကို မယုံရင်လည်း ပြောပါ။ ဘာလို့ ဒီလိုလူမျိုးကို စီစဉ်ထားရတာလဲ"

နင်ကော်ဖုန်းက သူတို့နှစ်ယောက်၏ ပြောင်းလဲမှုကို သတိမထားမိပေ။ ဥက္ကဋ္ဌထောင် ဒေါသထွက်သွားသည်ကို မြင်သောအခါ ယဲ့ထျန်းဘက် လှည့်ပြီး အော်ဟစ်လိုက်သည်။ "ယဲ့ထျန်း... မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ။ မင်းကို မကြိုဆိုဘူး၊ ထွက်သွားတော့"

အရေးထဲမို့ နင်ကော်ဖုန်းက "ဆရာ" ဟု မခေါ်တော့ဘဲ နာမည်တပ် ခေါ်လိုက်သည်။

ထို့နောက် ဝမ်ယွိလုံကို အော်ပြောလိုက်သည်။ "ရှောင်ဝမ်... ဒီကောင်လေးကို မောင်းထုတ်လိုက်စမ်း"

ပြောပြီးသည်နှင့် ယဲ့ထျန်းကို လျစ်လျူရှုကာ အဘိုးလျူကို လှည့်ကြည့်ပြီး ရှင်းပြရန် ပြင်လိုက်သည်။

သို့သော် နင်ကော်ဖုန်း စကားမဆုံးခင် သူ့နောက်ကျောဘက်မှ နာကျင်စွာ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသည်။

ယဲ့ထျန်း အော်သံလို့ ထင်လိုက်ပေမယ့် အသံက ယဲ့ထျန်းအသံ မဟုတ်ဘူး။ လှည့်ကြည့်လိုက်တော့ မှင်သက်သွားသည်။

ယဲ့ထျန်းက ထိုင်ခုံပေါ်တွင် ထိုင်လျက်သား ဝမ်ယွိလုံ၏ လက်သီးကို လက်တစ်ဖက်တည်းဖြင့် လိမ်ချိုးထားသည်။ ဝမ်ယွိလုံ ဒူးထောက်နေရပြီး မျက်နှာ ရှုံ့မဲ့နေသည်။

နင်ကော်ဖုန်း တခြားလူအကြောင်း မသိပေမယ့် သူ့ယာဉ်မောင်း ဝမ်ယွိလုံအကြောင်း ကောင်းကောင်း သိသည်။

နင်ကော်ဖုန်း ဆိုတာ နင်မိသားစုဝင် တစ်ယောက်၊ အန်းနင်အုပ်စုရဲ့ ဥက္ကဋ္ဌ။ သူ့ယာဉ်မောင်းက သာမန်လူ ဖြစ်ပါ့မလား။

ဝမ်ယွိလုံက အငြိမ်းစား အထူးတပ်ဖွဲ့ဝင် တစ်ယောက်။ မွေးရာပါ ခွန်အားကြီးမားပြီး အထူးတိုက်ခိုက်ရေး စွမ်းရည်တွေ ရှိတယ်။ လူကောင်ကြီး တစ်ဒါဇင်လောက်ကို အလွယ်တကူ နိုင်တယ်။

သိုင်းပညာရှင် မဟုတ်ပေမယ့် သူ့အင်အားက ခန္ဓာကိုယ် သန့်စင်ခြင်း အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ထက် မလျော့ဘူး။ တကယ်တမ်းကျတော့ သူက သတ္တိရှိပြီး တိုက်ရဲခိုက်ရဲလို့ ခန္ဓာကိုယ် သန့်စင်ခြင်း အလယ်ပိုင်းအဆင့် သိုင်းပညာရှင်တောင် သူ့ကို နိုင်ချင်မှ နိုင်မှာ။

အွန်လိုင်း ဝတ္ထုတွေထဲက ထိပ်တန်း ဇာတ်ကောင် တစ်ယောက်လို လူမျိုး။

အခုတော့ ဒီလို စွမ်းအားကြီးတဲ့ စစ်သားတစ်ယောက်က လူငယ်လေး တစ်ယောက်ရဲ့ လက်ချက်နဲ့ အလွယ်တကူ ရှုံးနိမ့်သွားတယ်။ မလန့်ဘဲ နေမလား။

နင်ကော်ဖုန်းက သာမန်လူ မဟုတ်တော့ ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သူ ဒဏ်ရာ မရခင်၊ အင်အား မကျဆင်းခင်တုန်းက ဆိုရင်...

ယဲ့ထျန်းလို ထိုင်လျက်သား ဝမ်ယွိလုံရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပေမယ့်၊ ဒီလောက် လွယ်လွယ်ကူကူနဲ့ သက်တောင့်သက်သာ လုပ်နိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့ အခု သူ အထင်သေးခဲ့တဲ့ ကောင်လေးက ကလေးတစ်ယောက်ကို ဖမ်းလိုက်သလိုမျိုး လွယ်လွယ်ကူကူ လုပ်ပြလိုက်တယ်။ ဒါ ယုံနိုင်စရာကို မရှိဘူး။

ဒါကို တွေးမိရင်း နင်ကော်ဖုန်း ပထမဆုံးအကြိမ် အနေဖြင့် ယဲ့ထျန်းကို သတိထားပြီး အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၂၀ တိုးလာပါသည်"

ထိုအချိန်တွင် ယဲ့ထျန်းက နင်ကော်ဖုန်းကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ဥက္ကဋ္ဌနင်... ခင်ဗျား အလိမ်ခံရတာ၊ မခံရတာ ကျုပ်နဲ့ မဆိုင်ပါဘူး"

"ကျုပ်က ခင်ဗျားသမီးကိုပဲ သိတာ။ ဝင်စွက်ဖက်စရာ အကြောင်းမရှိဘူး။ ကျုပ် ဒီအတိုင်း ထွက်သွားလို့ ရပါတယ်"

ပြောပြီးသည်နှင့် ယဲ့ထျန်း လက်ကို လွှတ်လိုက်ပြီး ဝမ်ယွိလုံကို လွှတ်ပေးလိုက်သည်။

လွတ်သွားသည်နှင့် ဝမ်ယွိလုံ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ ယဲ့ထျန်းကို ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်ပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။ ထို့နောက် နင်ကော်ဖုန်း အနောက်တွင် တိတ်ဆိတ်စွာ သွားရပ်နေလိုက်သည်။

ခဏတာ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဝမ်ယွိလုံသည် ယဲ့ထျန်း၏ အင်အားကို လုံးဝ ယုံကြည်သွားသည်။ အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်အနေနဲ့ အားကြီးသူကို လေးစားတဲ့ စိတ်ဓာတ် ရှိနေဆဲ ဖြစ်သည်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၂၀ တိုးလာပါသည်"

ထိုအချိန်တွင် ယဲ့ထျန်းက ဥက္ကဋ္ဌထောင်နှင့် အဘိုးလျူကို အေးစက်စွာ ကြည့်ပြီး ဆက်ပြောသည်။ "အဓိက ပြဿနာက ဒီလူလိမ်နှစ်ယောက်က အရမ်း မောက်မာလွန်းနေတာပဲ။ ဆရာတစ်ဆူ ရှေ့မှောက်မှာ လာပြီး လိမ်ဆင်တွေ ရွတ်ပြနေတာကိုက သည်းခံလို့ ရသေးတယ်"

"ဒါပေမဲ့ ငါ့ကို ထပ်ခါထပ်ခါ လာစိန်ခေါ်နေတာက ကွမ်ယု ရှေ့မှာ သိုင်းကွက် လာပြသလို (ဆရာကြီးရှေ့ သွားပြီး ဆရာလုပ်သလို) ဖြစ်နေပြီ။ ဒါကြောင့် ငါ ဝင်ပါပြီး ဒီလူလိမ်နှစ်ယောက်ကို နေရာတင် ဖော်ထုတ်ပစ်လိုက်ရတာ"

"ကျေးဇူးတင်စရာ မလိုပါဘူး... ငါက သူတစ်ပါးကို ကူညီရတာ ဝါသနာပါလို့ပါ။ ဒါပေမဲ့ နောက်နောင် သတိထားပါ၊ ခင်ဗျားအတွက် လူလိမ်ဖော်ထုတ်ပေးဖို့ ငါ အမြဲတမ်း ရှိနေမှာ မဟုတ်ဘူး"

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အမှတ် ၂၅ တိုးလာပါသည်"

ထိုအချိန်တွင် အဘိုးလျူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် ဖြတ်သန်းသွားပြီး ဥက္ကဋ္ဌထောင်ကို မသိမသာ လှမ်းကြည့်လိုက်သည်။

ထို့နောက် ဒေါသတကြီးဖြင့် ယဲ့ထျန်းကို လက်ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။

"မောက်မာတဲ့ ကောင်စုတ်လေး... မင်း ငါ့ကို စွပ်စွဲရဲတယ်ပေါ့။ ငါက သဘောထားကြီးပြီး မင်းကို လွှတ်ပေးမလို့ လုပ်နေတာ၊ မင်းက ငါ့ကို ပြန်ပြီး စွပ်စွဲနေတယ်"

"လွန်လွန်းတယ်... ဒီနေ့ မင်းကို ပညာမပေးရင် ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်သွားလိမ့်မယ်"

"ဟွန်း... လူလိမ်က ကိုယ့်ဂုဏ်သိက္ခာကို ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို သဘောထားကြီးတယ်လို့ ပြောနေတာ ထူးဆန်းလိုက်တာ"

ယဲ့ထျန်း ဖျော့တော့စွာ ပြုံးလိုက်သည်။ သူ့မျက်နှာတွင် အထင်သေးမှုများ ပေါ်လွင်နေသည်။

အဘိုးလျူနှင့် ဥက္ကဋ္ဌထောင်တို့ ပူးပေါင်းလုပ်ဆောင်ပုံက အလွန် ချောမွေ့သဖြင့် သာမန်လူများ အပြစ်ရှာမရနိုင်ပေ။

စီးပွားရေးလောကမှ ဩဇာကြီးမားသူ နင်ကော်ဖုန်းပင်လျှင် လုံးဝ အရူးလုပ်ခံလိုက်ရသည်။ ဆေးလိုချင်စိတ် စောနေမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူ တကယ် အလိမ်ခံလိုက်ရပြီး လူလိမ်အတွက် ပိုက်ဆံတောင် ကူရေပေးမိမလို ဖြစ်သွားသည်။