အခန်း (၀၃၆) နောက်ကွယ်က ကြိုးကိုင်သူက ထောင်မျိုးရိုး

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဥက္ကဋ္ဌထောင်က အေးစက်စွာ ပြောလိုက်သည်။ "မင်းဆီမှာ သိုင်းပညာရှင်တွေ ပိုင်ဆိုင်တဲ့ အတွင်းအားလုံးဝ မရှိဘူး။ မင်းက သိုင်းပညာရှင် အစစ် မဟုတ်ဘူး။ ဟန်ဆောင်နေတာပဲ။ ဒီနေ့ မင်းကို သတ်ပစ်မယ်"

အတွင်းအားဆိုတာ သိုင်းပညာရှင်တွေရဲ့ သီးသန့် အမှတ်အသား တစ်ခု ဖြစ်သည်။

ပြင်ပအား သိုင်းသမားတွေက ခန္ဓာကိုယ်ကို အစွမ်းကုန် လေ့ကျင့်ပြီးမှ အတွင်းအားကို ရရှိလာကြတာ ဖြစ်ပြီး အတွင်းအား သိုင်းသမားတွေကတော့ သူတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ရင်းနဲ့ စစ်မှန်တဲ့ စွမ်းအင်အဆင့်ကို တက်လှမ်းနိုင်ကြတာ။

အတွင်းအားက စစ်မှန်တဲ့ ချီထက် တစ်ဆင့်မြင့်ပြီး ပိုမို ခိုင်မာတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အနှစ်သာရနဲ့တော့ ကွာခြားပါသေးတယ်။

"ငါ ပြောပြီးသားပဲ... ငါက သိုင်းပညာရှင် ဟုတ်မဟုတ်၊ ဟန်ဆောင်နေတာ ဟုတ်မဟုတ် ဆိုတာ ခင်ဗျားနဲ့ မဆိုင်ပါဘူး"

ယဲ့ထျန်း ခေတ္တရပ်ပြီး ပြုံးကာ ဆက်ပြောသည်။ "ပြီးတော့... ခင်ဗျားက သတ်ချင်တိုင်း သတ်လို့ ရမယ် ထင်နေလား။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူမှတ်နေလဲ"

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ စနစ်အမှတ် ၂၀ တိုးလာပါသည်"

ဒါကို ကြားတော့ ဥက္ကဋ္ဌထောင် ဒေါသ အလွန်ထွက်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး ယဲ့ထျန်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ "ကောင်လေး... ငါ မင်းကို တကယ် မသတ်ရဲဘူး ထင်နေလား" ဟု မေးလိုက်သည်။

"လုပ်ကြည့်လေ... ခင်ဗျားက ငါ့ကို သတ်နိုင်မလား၊ ငါက ခင်ဗျားကို သတ်နိုင်မလား ကြည့်ကြတာပေါ့"

ယဲ့ထျန်း တည်ငြိမ်နေဆဲ၊ ကြောက်ရွံ့မှု လုံးဝ မရှိ။

"သေပေတော့ ကောင်စုတ်လေး"

ဥက္ကဋ္ဌထောင် မျက်နှာထား တင်းမာသွားပြီး လက်နှစ်ဖက်ကို မြှောက်လိုက်ရာ လက်ပေါ်တွင် အလင်းရောင်များ တောက်ပလာသည်။

"အတွင်းအား... အတွင်းအားကို အပြင်ထုတ်တာ..."

ဒီမြင်ကွင်းကို မြင်လိုက်ရသော နင်ကော်ဖုန်း အံ့သြမှင်သက်သွားသည်။ အတွင်းအားကို အပြင်သို့ ထုတ်လွှတ်နိုင်ခြင်းသည် သိုင်းပညာရှင် အဆင့်ရောက်မှသာ လုပ်နိုင်သော စွမ်းရည် ဖြစ်သောကြောင့်ပင်။

နင်ကော်ဖုန်း စကားဆုံးသည်နှင့် ဥက္ကဋ္ဌထောင်၏ မျက်နှာတွင် ကျေနပ်အားရမှုများ ပေါ်လာသည်။ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ လခြမ်းကွေးပုံ အလင်းတန်းများ ယဲ့ထျန်းထံသို့ ပျံသန်းသွားသည်။

လခြမ်းကွေး အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကြမ်းပြင်ပေါ်ရှိ ကြွပ်ပြားများ နက်ရှိုင်းစွာ ကွဲအက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ယဲ့ထျန်း မလှုပ်မယှက် ရပ်နေဆဲ။ ကြောက်လွန်းလို့ ကျောက်ရုပ် ဖြစ်သွားသလိုပင်။

"ဆရာယဲ့... ရှောင်လိုက်ပါ"

ဒါကို မြင်တော့ နင်ကော်ဖုန်း မနေနိုင်ဘဲ အော်ဟစ် သတိပေးလိုက်သည်။

"သေလိုက်တော့... ငရဲရောက်ရင် နောင်တရလိုက်တော့။ ငါ့ကို ပြစ်မှားတဲ့ကောင် ဘယ်ကောင်မှ အကောင်း မသေရဘူးကွ။ ဟားဟားဟား..."

ယဲ့ထျန်း ခန္ဓာကိုယ် နှစ်ပိုင်းပြတ်တော့မည်ဟု ထင်ကာ ဥက္ကဋ္ဌထောင် ရယ်မောလိုက်သည်။

ထိုအချိန်တွင် ယဲ့ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"လူယုတ်မာတွေက လူယုတ်မာတွေပါပဲ... စကားများလို့ သေကြရတာချည်းပဲ"

"ဂါး..."

ယဲ့ထျန်း၏ စကားကြောင့် ဥက္ကဋ္ဌထောင်၏ ရယ်သံ ရပ်တန့်သွားပြီး ဘဲတစ်ကောင် လည်ပင်းညှစ်ခံရသလို အသံ ထွက်ပေါ်လာသည်။ သူ့မျက်နှာတွင် အံ့သြမှုနှင့် ဒေါသများ ပြည့်နှက်သွားသည်။

"တာအိုတရားက သဘာဝအတိုင်း ဖြစ်ပျက်တယ်၊ ကြယ်တာရာတွေ နေရာရွှေ့ပြောင်းကြတယ်"

ဥက္ကဋ္ဌထောင် စကားမပြောနိုင်ခင်မှာပင် ယဲ့ထျန်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာကာ အာဏာပါပါ အော်ဟစ်လိုက်သည်။

စကားဆုံးသည်နှင့် ယဲ့ထျန်း လက်ဝှေ့ယမ်းလိုက်ရာ လခြမ်းကွေး အလင်းတန်းကြီး ရုတ်တရက် ရပ်တန့်သွားပြီး လာရာလမ်းအတိုင်း ဥက္ကဋ္ဌထောင်ထံသို့ ပြန်လှည့်သွားသည်။ လာတုန်းကထက် ပိုမြန်နေသည်။

နောက်တစ်ခဏတွင် အလင်းတန်းများ ဥက္ကဋ္ဌထောင် ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒီမြင်ကွင်းကြောင့် ရှိနေသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မြင်နေရတာကို မယုံကြည်နိုင်ကြပေ။

အထူးသဖြင့် ဥက္ကဋ္ဌထောင် အံ့သြမှင်သက်နေသည်။ သူ့တိုက်ကွက်က ဘာကြောင့် သူ့ဆီ ပြန်လှည့်လာမှန်း နားမလည်နိုင် ဖြစ်နေသည်။

သို့သော် လခြမ်းကွေး အလင်းတန်း နီးကပ်လာသည်နှင့်အမျှ သေမင်း၏ အငွေ့အသက်က သူ့ကို သတိပြန်ဝင်လာစေသည်။

သေရေးရှင်ရေး အခိုက်အတန့်မို့ ဥက္ကဋ္ဌထောင် အံ့သြချိန်မရတော့ဘဲ လက်နှစ်ဖက်ကို အမြန် မြှောက်ကာ ကာကွယ်လိုက်ရသည်။

ယခုအချိန်တွင် ဥက္ကဋ္ဌထောင် အလွန် နောင်တရနေသည်။ ဘာလို့များ အစွမ်းကုန် အားထုတ်ပြီး တိုက်ခိုက်လိုက်မိပါလိမ့်။

အခုတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီ။

ဝုန်း...

ကုန်တင်ကားကြီး ဝင်တိုက်ခံလိုက်ရသလို ဥက္ကဋ္ဌထောင် ခန္ဓာကိုယ် လွင့်ထွက်သွားသည်။

နောက်တစ်ခဏတွင် သူ့ကျောဘက်က တစ်စုံတစ်ခုကို ဝင်တိုက်မိပြီး ရပ်တန့်သွားသည်။ တိုက်ခိုက်မှုအရှိန်နှင့် ခုခံမှုအရှိန်တို့ ပဋိပက္ခ ဖြစ်ပေါ်ပြီး ဥက္ကဋ္ဌထောင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားသည်။

ရင်ဘတ်ထဲတွင် မွန်းကျပ်သွားပြီး ပါးစပ်ဖွင့်ကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

ကြမ်းပြင်ပေါ် ပြုတ်ကျပြီးနောက် ဥက္ကဋ္ဌထောင် ယဲ့ထျန်းကို မော့ကြည့်လိုက်သည်။ ဖြူဖပ်ဖြူရော် မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

ဘေးနားရှိ လူများလည်း ထိုနည်းတူပင်။ သရဲတစ္ဆေ... မဟုတ်ဘူး... နတ်ဘုရား တစ်ပါးကို မြင်လိုက်ရသလို အံ့သြနေကြသည်။

ဥက္ကဋ္ဌထောင် လခြမ်းကွေး အလင်းတန်း ထုတ်လွှတ်လိုက်တုန်းက ယဲ့ထျန်း ကြောက်လွန်းလို့ မလှုပ်နိုင်တော့ဘူး၊ ခေါင်းပြတ်တော့မယ်လို့ ထင်ခဲ့ကြတာ။

ဒါပေမဲ့ ဘယ်သူ ထင်မှာလဲ... ယဲ့ထျန်း... မဟုတ်ဘူး... နတ်ဘုရားယဲ့က ဘာမှ မလုပ်ဘဲ လက်တစ်ချက် ဝှေ့လိုက်ရုံနဲ့ ဥက္ကဋ္ဌထောင်ရဲ့ တိုက်ခိုက်မှုကို ပြန်လှည့်ပေးလိုက်တယ်။

ဥက္ကဋ္ဌထောင် လွင့်ထွက်သွားပြီး သွေးအန်သွားတယ်။

ကြောက်စရာ ကောင်းလိုက်တာ။

ရန်သူ့အင်အားကို ရယူပြီး ပြန်တိုက်ခိုက်တာ ကြားဖူးသလို၊ ရန်သူ့လက်နက်ကို ဖမ်းယူပြီး ပြန်ပစ်တာလည်း ကြားဖူးတယ်။

ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ တိုက်ခိုက်မှုကြီးကို လက်တစ်ချက် ဝှေ့ရုံနဲ့ မူလပိုင်ရှင်ဆီ ပြန်ပို့ပေးလိုက်တာကတော့ ဘယ်လောက် အင်အားကြီးမှ လုပ်နိုင်မလဲ ဆိုတာ စဉ်းစားလို့တောင် မရနိုင်ဘူး။

ဒါက သေချာပေါက် နတ်ဘုရား စွမ်းရည်ပဲ။

နင်မိသားစုဝင် တစ်ယောက်အနေနဲ့ နင်ကော်ဖုန်းက အဘိုးလျူနှင့် ဝမ်ယွိလုံတို့ထက် ပိုသိသည်။ သူတို့ နားမလည်တာကို နင်ကော်ဖုန်း နားလည်သည်။

သဘောပေါက်သွားသောအခါ သူ့အသက်ရှူသံများ မြန်လာပြီး ယဲ့ထျန်းကို ဘီလူးတစ်ကောင်လို ကြည့်လိုက်မိသည်။

စောစောက အဝေးကပစ္စည်း လှမ်းယူတာကို နည်းလမ်းတစ်ခုခု သုံးထားတယ်လို့ ပြောလို့ရပေမယ့်၊ ဒီတိုက်ခိုက်မှုကို ပြန်လှည့်ပေးလိုက်တာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ။

ဒါကို လုပ်နိုင်ဖို့ နတ်ဘုရား စွမ်းရည် မလိုပါဘူး၊ သိုင်းပညာရှင်အဆင့် ရှိရင် ရပါပြီ။

ဒါပေမဲ့ ယဲ့ထျန်းရဲ့ စွမ်းဆောင်ရည်က သိုင်းပညာရှင် အဆင့်ကို ပြည့်မီနေပြီး ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီအဆင့်ရောက်နေတာက 'ပါရမီရှင်' ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ အလွန် ရင်သပ်ရှုမောဖွယ်ရာ အကျိုးသက်ရောက်မှု ရှိပါသည်။ စနစ်အမှတ် ၆၀ တိုးလာပြီး လက်ဆောင်အိတ်ငယ် တစ်ခု ရရှိပါသည်"

ယဲ့ထျန်း ဝမ်းသာသွားသည်။ စိတ်ထဲတွင် လက်ဆောင်အိတ်ကို အမြန် ဖွင့်ကြည့်လိုက်ရာ အဆောင် တစ်ခုတည်းသာ ပါဝင်သည်။

'ပြောင်းပြန်လှန် အဆောင်' ဟု ခေါ်ပြီး တစ်ကြိမ်သုံး အဆောင် ဖြစ်သည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်အောက် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို စုပ်ယူပြီး အသုံးပြုသူ၏ အင်အားကို ခေတ္တ မြှင့်တင်ပေးနိုင်သည်။

ထိုအချိန်တွင် ဥက္ကဋ္ဌထောင် ကုန်းရုန်းထလိုက်ပြီး ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ရက်စက်စွာ ပြောလိုက်သည်။ "ကောင်းတယ်... 'ကြယ်တာရာ ရွှေ့ပြောင်းခြင်း' သိုင်းကွက်က တော်တော် ကောင်းတာပဲ"

"မင်းက ဘယ်သူလဲ။ ငါ့တိုက်ခိုက်မှုကို ဘယ်လို ပြန်လှည့်နိုင်တာလဲ။"

ယဲ့ထျန်း ပြုံးလိုက်သည်။ ပြန်မဖြေဘဲ "ဒီလောက် အရေးမပါတာတွေ လုပ်ပြီးပြီဆိုတော့ အရှုံးပေးဖို့ စိတ်ကူးရှိပြီလား" ဟု မေးလိုက်သည်။

"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ စနစ်အမှတ် ၂၀ တိုးလာပါသည်"

ဥက္ကဋ္ဌထောင်က သရော်လိုက်သည်။ "ကောင်လေး... မင်း မောက်မာမနေနဲ့။ မင်းရဲ့ နည်းလမ်းတွေက စွမ်းပေမယ့်၊ ငါ နင်မိသားစုကို ပြစ်မှားရဲတာ ငါ့မှာ နောက်ခံ ရှိလို့ကွ။ ဒီနေ့ ထုတ်မသုံးချင်ခဲ့ဘူး"

"ဒါပေမဲ့ မင်းက အရမ်း မောက်မာလွန်းတယ်။ မင်းကို မသတ်ရင် ငါ့စိတ်ထဲ အခုအခံ ဖြစ်နေပြီး နောက်ပိုင်း ကျင့်ကြံမှု တိုးတက်တော့မှာ မဟုတ်ဘူး။ ဒီနေ့ ငါ့ရဲ့ စွမ်းရည်အစစ်ကို ပြရသေးတာပေါ့"

ပြောပြီးသည်နှင့် သူ ရုတ်တရက် ရှေ့တိုးလိုက်သည်။ ယဲ့ထျန်းဆီ မဟုတ်ဘဲ ဘေးနားရှိ အဘိုးလျူနှင့် ဝမ်ယွိလုံတို့ဆီသို့။

အဘိုးလျူက ပါးနပ်ပြီး အခြေအနေကို စောင့်ကြည့်နေသူမို့ ဥက္ကဋ္ဌထောင် လှုပ်ရှားသည်နှင့် ထွက်ပြေးသွားသည်။

သနားစရာ ကောင်းသော ဝမ်ယွိလုံမှာ သန်မာသော်လည်း တုံ့ပြန်မှု နှေးကွေးသဖြင့် ဥက္ကဋ္ဌထောင် လက်ထဲ ရောက်သွားသည်။

"သွေးဆာလောင်ခြင်း နည်းစနစ်"

ကြောက်မက်ဖွယ် အော်ဟစ်သံနှင့်အတူ ဝမ်ယွိလုံ၏ ခန္ဓာကိုယ်မှ သွေးမြူများ ထွက်ပေါ်လာပြီး သန်မာသော ခန္ဓာကိုယ်သည် မျက်စိရှေ့မှောက်တွင် ရှုံ့တွသွားကာ ခြောက်သွေ့သော အလောင်းကောင်အဖြစ် ပြောင်းလဲသွားသည်။

ဒါကို မြင်တော့ တားဖို့ အချိန်မရလိုက်သော ယဲ့ထျန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ဥက္ကဋ္ဌထောင်ကို ဖမ်းဖို့လောက်ပဲ ရည်ရွယ်ခဲ့တာ။

အခုတော့ ဒီလို ယုတ်မာတဲ့ အလုပ်ကို လုပ်ရဲတယ် ဆိုတော့ သူ့ကို မသတ်ရင် ငါ စိတ်အေးရမှာ မဟုတ်ဘူး။

ထိုအချိန်တွင် ခြောက်သွေ့သော အလောင်းကောင် ဖြစ်သွားသည့် ဝမ်ယွိလုံကို ပစ်ချလိုက်ပြီးနောက် ဥက္ကဋ္ဌထောင်၏ အရှိန်အဝါ လုံးဝ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ် ကောင်းသော သွေးအရှိန်အဝါများ လွှမ်းခြုံနေသည်။

"ဘုရားရေ... ဒါ... ဒါက သိုင်းပညာရှင်ထက်တောင် သာလွန်တဲ့ အရှိန်အဝါပဲ။ ငါ့ဘိုးဘေးဆီက ခံစားရတဲ့ အရှိန်အဝါလောက် နီးပါး ရှိနေပြီ။ ကြောက်စရာ ကောင်းလိုက်တာ"

နင်ကော်ဖုန်း ရေရွတ်လိုက်မိသည်။ ရင်ထဲတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

နင်ကော်ဖုန်း အာမေဋိတ် ပြုလိုက်ချိန်တွင် ယဲ့ထျန်းလည်း အံ့သြသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဥက္ကဋ္ဌထောင်၏ သွေးစုပ်ယူခြင်း နည်းစနစ်က တကယ် အစွမ်းထက်သည်။ မူလက ယဲ့ထျန်းထက် အနည်းငယ် နိမ့်သော အင်အားကို ယဲ့ထျန်းထက် အများကြီး သာလွန်သော အဆင့် (ချီသန့်စင်ခြင်း ဒသမအဆင့်) အထိ မြှင့်တင်ပေးလိုက်သည်။

တကယ် ကြောက်စရာ ကောင်းသည်။

ကံဆိုးတာက ဒီကောင်က အရမ်း မောက်မာလွန်းတယ်။ အစကတည်းက ဒီနည်းလမ်းကို သုံးခဲ့ရင် ငါ ထွက်ပြေးလို့ လွတ်ချင်မှ လွတ်မှာ။

အခုတော့ သုံးဖို့ နောက်ကျသွားပြီ။

တီဗီ ဇာတ်လမ်းတွဲတွေထဲကလိုပဲ လူယုတ်မာတွေက စကားများလို့ သေကြရတာ။

ယဲ့ထျန်း ဒီလို တွေးလိုက်ပေမယ့် ဥက္ကဋ္ဌထောင် ဒီနည်းလမ်းကို ချက်ချင်း မသုံးရခြင်းမှာ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ရှိနေလို့ ဖြစ်မည်ဟု သိလိုက်သည်။

စဉ်းစားမိလေ ယဲ့ထျန်း ပို၍ အေးစက်လာလေ ဖြစ်သည်။

ဥက္ကဋ္ဌထောင်က ယဲ့ထျန်းကို ရက်စက်သော အကြည့်ဖြင့် ကြည့်ပြီး သရော်လိုက်သည်။ "ကောင်လေး... အခု ဒူးထောက်ပြီး အသနားခံရင် မင်းအလောင်းကို အကောင်းပကတိ ထားပေးမယ်..."

ဥက္ကဋ္ဌထောင် စကားမဆုံးခင် ယဲ့ထျန်း ဖြတ်ပြောလိုက်သည်။ "ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေထဲမှာ အသာစီးရနေတဲ့ လူယုတ်မာတွေ ဘာလို့ ရှုံးသွားရလဲ သိလား"

ဥက္ကဋ္ဌထောင် ကြောင်သွားသည်။ ယဲ့ထျန်း ဘာလို့ ဒီစကား ရုတ်တရက် ပြောလာမှန်း နားမလည်။

ယဲ့ထျန်း တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်သည်။ "ဘာလို့ဆို သူတို့ စကားများလွန်းလို့လေ။ ဒါကြောင့် သေကြရတာ။ ခင်ဗျားလည်း အတူတူပဲ ဖြစ်လိမ့်မယ်"

စကားဆုံးသည်နှင့် ဥက္ကဋ္ဌထောင် ဒေါသထွက်သွားသည်။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ယဲ့ထျန်း ရှေ့သို့ ရောက်လာသည်။ သွေးများ ဖုံးလွှမ်းနေသော ညာလက်သည် လက်သည်းကွေးပုံစံ ပြောင်းလဲသွားပြီး ယဲ့ထျန်းကို ရက်ရက်စက်စက် ကုတ်ဆွဲလိုက်သည်။

ဒီကုတ်ချက်သာ ထိသွားရင် ယဲ့ထျန်း ခေါင်းက ဖရဲသီး မြေကြီးပေါ် ပြုတ်ကျသလို ဖြစ်သွားမှာ သေချာသည်။

"ဆရာယဲ့... သတိထား။ ထောင်မျိုးရိုးက သူ့အင်အားကို ခေတ္တ မြှင့်တင်ပေးနိုင်တဲ့ တားမြစ်နည်းလမ်းကို သုံးလိုက်ပြီ"

နင်ကော်ဖုန်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူ့မျက်စိရှေ့တွင် မြင်နေရသော အရာများသည် သူ့စိတ်ကူးထက် ကျော်လွန်နေသည်။ ဒီနှစ်ယောက်ရဲ့ အင်အားက ကြောက်စရာ ကောင်းလွန်းသည်။

အထူးသဖြင့် ဥက္ကဋ္ဌထောင်က တားမြစ်နည်းလမ်းကို သုံးပြီးနောက် အင်အားက သိုင်းပညာရှင် အဆင့်ထက် ကျော်လွန်သွားပြီ။

နင်ကော်ဖုန်း၏ သတိပေးမှုကို ယဲ့ထျန်း ပြုံးပြီး ခေါင်းညိတ်ပြလိုက်သော်လည်း နေရာမှ မရွေ့၊ ရှောင်တိမ်းရန်လည်း မကြိုးစားပေ။

"ဟားဟား... ဒီတစ်ခါ မင်းမှာ ဘာလှည့်ကွက်တွေ ရှိသေးလဲ ကြည့်ရသေးတာပေါ့။ သေလိုက်တော့... ငါ့ရဲ့ သွေးဆာလောင် လက်သည်း အရသာကို မြည်းစမ်းကြည့်လိုက်"

ခံစားလိုက်စမ်း... အော်ဟစ်လိုက်စမ်း... ပြီးရင် ငရဲရောက်ပြီး နောင်တရလိုက်တော့။

ရူးသွပ်သော စကားသံများနှင့်အတူ ဥက္ကဋ္ဌထောင်၏ လက်သည်းများပေါ်တွင် ဝဲပျံနေသော သွေးစွမ်းအင်များ ပိုမို ပြင်းထန်လာသည်။ သေမင်းတမန် အငွေ့အသက်များနှင့်အတူ ယဲ့ထျန်းကို တိုက်ခိုက်လိုက်သည်။

"ဖြောင်း..."

အမြင်အာရုံကို ဝါးသွားစေသော သွေးမြူများကြားတွင် ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ လူသားခန္ဓာကိုယ်ကို တစ်စုံတစ်ခု ရိုက်ခတ်လိုက်သံ။

လက်ထဲမှ ထိတွေ့မှုကို ခံစားလိုက်ရသောအခါ ဥက္ကဋ္ဌထောင် ဝမ်းသာသွားပြီး အော်ဟစ်လိုက်သည်။ "ဟား... မင်းက ဟန်ဆောင်နေတာပဲ"

"မင်းက လုံးဝ ခုခံကာကွယ်မှု မရှိဘူး။ ဒီတစ်ခါ မင်းသွေးတွေကို စုပ်ယူပြီး အလောင်းခြောက် ဖြစ်အောင် လုပ်ပစ်... အဟွတ်..."

စကားမဆုံးခင် ဥက္ကဋ္ဌထောင်၏ အသံ ပျောက်သွားပြီး လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်လို အသံ ထွက်လာသည်။

ထိုအချိန်တွင် သွေးမြူများ ဖုံးလွှမ်းနေသဖြင့် ဥက္ကဋ္ဌထောင်၏ ယခင်က မောက်မာသော ပုံစံ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်ကို နင်ကော်ဖုန်းနှင့် အခြားသူများ မမြင်ကြပေ။

သူ့မျက်လုံးများ ပြူးကျယ်နေပြီး မျက်လုံးအိမ်မှ ထွက်ကျတော့မတတ် ဖြစ်နေသည်။ မျက်နှာပေါ်တွင် အံ့သြမှု၊ ဒေါသ၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ရောပြွမ်းနေသည်။

ဥက္ကဋ္ဌထောင်သည် ယဲ့ထျန်း၏ ရင်ဘတ်ကို ထိမှန်ထားသော သူ့လက်ကို စိုက်ကြည့်နေသည်။ လက်သည်းကွေးပုံစံဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သော်လည်း ဖျက်ဆီးမရနိုင်သော တိုက်တေနီယမ် သတ္တုပြားကို ရိုက်မိသလို ခံစားလိုက်ရသည်။