အပိုင်း (၃၆) - အံ့သြစရာ အလှည့်အပြောင်း
ယဲ့ထျန်း၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားခြင်းပင် မရှိပေ။ ဥက္ကဋ္ဌထောင် အလွန် ယုံကြည်မှု ရှိခဲ့သော သွေးဆာလောင် လက်သည်းသည် ယဲ့ထျန်းအပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။
မဟုတ်ဘူး... သက်ရောက်မှု မရှိတာ မဟုတ်ဘူး။ ယဲ့ထျန်း၏ အင်အားက ကြီးမားလွန်းလို့ ဒီကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနေတာ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဥက္ကဋ္ဌထောင် ထိတ်လန့်လွန်းလို့ စကားမပြောနိုင် ဖြစ်နေသည်။ ပြူးကျယ်နေသော မျက်လုံးများဖြင့် ယဲ့ထျန်းကို စိုက်ကြည့်နေမိသည်။ အမှန်တကယ် ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင် ဖြစ်နေသည်။
နောက်တစ်ခဏတွင် သွေးမြူများကြားမှ ထူးဆန်းပြီး လေးလံသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။ မိုးနှင့်မြေကို ရင်ဆိုင်နေရသလို၊ ကိုယ့်ကိုယ်ကို အလွန် သေးငယ်သွားသလို ခံစားလိုက်ရစေသည်။
အဲ့ဒီအရှိန်အဝါကို ခံစားမိပြီး နင်ကော်ဖုန်း ရေရွတ်လိုက်မိသည်။ "ဒီအရှိန်အဝါက... ဒါ... ဒါက ဒဏ္ဍာရီလာ..."
နင်ကော်ဖုန်း ဆက်မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြန်လည် ပေါ်လာသည်။ ဒီနေ့ ကြုံတွေ့ရသော အံ့သြမှုများသည် သူ့တစ်သက်လုံး ကြုံတွေ့ခဲ့ရသမျှထက် ပိုများနေပြီ။
စောစောက ဥက္ကဋ္ဌထောင်ဆီက ထွက်ပေါ်လာတဲ့ အရှိန်အဝါကို နင်ကော်ဖုန်း မသေချာခဲ့ပေမယ့်၊ အခု သွေးမြူတွေကြားက ထွက်ပေါ်လာတဲ့ အားကောင်းတဲ့ အရှိန်အဝါကတော့ သေချာပေါက် ဒဏ္ဍာရီလာ အရှိန်အဝါပဲ။
မွေးရာပါ အဆင့်။ မွေးရာပါ အဆင့် သိုင်းပညာရှင် တစ်ယောက်မှသာ ဒီလို အရှိန်အဝါမျိုး ပိုင်ဆိုင်နိုင်သည်။ သိုင်းပညာရှင် ထက်တောင် ပိုကြောက်စရာ ကောင်းသည်။ လူသား နျူကလီးယား ဗုံးတစ်လုံးလိုပဲ။
ငါ ဆရာယဲ့ကို... အဲ... စီနီယာယဲ့ကို အထင်ကြီးလွန်းတယ်လို့ ထင်ခဲ့တာ။
တကယ်တမ်းကျတော့ ငါတို့က လျှော့တွက်ခဲ့မိတာပဲ။
ဒါကို တွေးမိပြီး နင်ကော်ဖုန်း ခံစားချက်ကို ဘယ်လို ဖော်ပြရမှန်း မသိတော့။
"ပျော်လို့ ဝပြီလား"
ထိုအချိန်တွင် သွေးမြူများကြားမှ တည်ငြိမ်ပြီး ခံစားချက်မဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ ရင်သပ်ရှုမောဖွယ်ရာ အကျိုးသက်ရောက်မှု ရှိပါသည်။ စနစ်အမှတ် +၄၀"
အသံထွက်ပေါ်လာသည်နှင့် ဝဲပျံနေသော သွေးမြူများ ကွယ်ပျောက်သွားပြီး အတွင်းမှ မြင်ကွင်း ပေါ်လာသည်။
ယဲ့ထျန်းသည် တည်ငြိမ်စွာ ရပ်နေသည်။ မျက်နှာထားက အေးစက်ပြီး ယုံကြည်မှုရှိနေသည်။ ညာလက်ကို အနည်းငယ် မြှောက်ထားပြီး ဥက္ကဋ္ဌထောင်၏ ထက်မြက်သော လက်သည်းများကို ဖမ်းဆုပ်ထားသည်။
ယခုအချိန်တွင် ရှိနေသူများထဲ၌ စိတ်အပျက်စီးဆုံး လူမှာ ဥက္ကဋ္ဌထောင် ဖြစ်သည်။
သူ့ရဲ့ ကြောက်မက်ဖွယ် အင်အားကို ထပ်ခါထပ်ခါ ထုတ်သုံးခဲ့သော်လည်း ယဲ့ထျန်းလက်ထဲတွင် ထပ်ခါထပ်ခါ ရှုံးနိမ့်နေသည်။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးရွားလာသည်။
ယဲ့ထျန်းက သူ့ရဲ့ ရန်သူတော်လားလို့တောင် တွေးမိသည်။ မဟုတ်ရင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက် အကြိမ်ကြိမ် ဘယ်လို ရှုံးနိမ့်နိုင်မှာလဲ။
စဉ်းစားပြီးနောက် ဥက္ကဋ္ဌထောင် ဒါ စိတ်ကူးယဉ်နေရမယ့် အချိန် မဟုတ်မှန်း သိလိုက်သည်။ မျက်နှာထား တင်းမာသွားပြီး သူ့ပတ်လည်ရှိ သွေးစွမ်းအင်များကို စုစည်းကာ ယဲ့ထျန်းကို ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
"မင်းကို မောက်မာရမလား ဆိုပြီး ပညာပေးလိုက်မယ်"
ထိုအချိန်တွင် ယဲ့ထျန်းက အေးစက်စွာ ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ပါးရိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဥက္ကဋ္ဌထောင် ခေါင်းလည်ထွက်သွားသည်။ လုံးဝ ကြောင်သွားပြီး ဘာမှ မတုံ့ပြန်နိုင်တော့။
"မင်း..."
ခဏကြာမှ သတိဝင်လာပြီး ဒေါသတကြီး လှည့်အော်လိုက်သည်။
သူ စကားမဆုံးခင် ယဲ့ထျန်းက နောက်တစ်ချက် ထပ်ရိုက်လိုက်ရာ ဥက္ကဋ္ဌထောင် ခေါင်းရမ်းသွားပြီး သွေးတစ်လုပ် အန်ထွက်လာသည်။
"စောစောက အမှားပါသွားတာ နေမှာပါ။ ဒီတစ်ခါတော့ မဖြစ်စေရဘူး။ ငါ မင်းကို သတ်မယ်"
ဒီတစ်ခါ ဥက္ကဋ္ဌထောင် မျက်နှာ နီရဲသွားသည်။ အော်ဟစ်လိုက်ပြီး သွေးစွမ်းအင်များ ဖုံးလွှမ်းနေသော ညာလက်ကို မြှောက်ကာ ယဲ့ထျန်းကို လက်သည်းဖြင့် ကုတ်လိုက်သည်။
"ခေါင်းမာတဲ့ကောင်... ပြရသေးတာပေါ့"
အေးစက်သော ရယ်သံနှင့်အတူ ယဲ့ထျန်း လက်မြှောက်လိုက်ပြီး ဥက္ကဋ္ဌထောင်၏ ညာလက်ပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ တွန်းလိုက် ဆွဲလိုက် လုပ်လိုက်ရာ ဥက္ကဋ္ဌထောင် ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
ဖြောင်း...
နောက်ထပ် ပါးရိုက်သံ တစ်ချက် ထွက်ပေါ်လာသည်။
လဲကျလုနီးပါး ဖြစ်နေသော ဥက္ကဋ္ဌထောင် အရိုက်ခံလိုက်ရပြီး ဟန်ချက်ပျက်သွားသော်လည်း ပြန်ထိန်းပြီး မတ်တပ်ရပ်လိုက်နိုင်သည်။
ဥက္ကဋ္ဌထောင်အနေဖြင့် ပါးရိုက်ခံရပြီး မတ်တပ်ရပ်နေရတာထက်စာရင် လဲကျသွားတာက ပိုကောင်းဦးမယ်လို့ တွေးမိလိုက်သည်။
အခုအချိန်မှာ သူ ငိုချင်နေပြီ။ တကယ် ငိုချင်နေပြီ။
သူ့ဘဝက လွယ်တယ် ထင်နေလား။
အလုပ်တစ်ခုကို ဂရုတစိုက် လက်ခံခဲ့ရတယ်။ အကြံအစည်တွေ၊ အားထုတ်မှုတွေ အများကြီး စိုက်ထုတ်ခဲ့ရတယ်။ အောင်မြင်ခါနီးမှ ယဲ့ထျန်း ဆိုတဲ့ကောင် ရုတ်တရက် ပေါ်လာပြီး အကုန် ဖျက်ဆီးပစ်လိုက်တယ်။
ဒါက ထားလိုက်ပါတော့... ဒေါသဖြေဖို့၊ ပြီးတော့ အတွင်းအား ထုတ်လွှတ်ပြပြီး ဟိတ်ဟန်ထုတ်ဖို့ ရည်ရွယ်ပြီး သူ့ကို သတ်မလို့ လုပ်တာ။
ဟိတ်ဟန်ထုတ်ဖို့ ကြိုးစားတာက ကိုယ့်ရှူးကိုယ်ပတ် ဖြစ်သွားပြီး သူ့တိုက်ခိုက်မှုက အလွယ်တကူ ပြန်ကန်ထွက်လာလို့ ဒဏ်ရာအပြင်းအထန် ရသွားတယ်။
ဒေါသအကြီးအကျယ် ထွက်ပြီး သွေးဆာလောင်ခြင်း နည်းစနစ်ကို မဆင်မခြင် ထုတ်သုံးပြီး အင်အားကို အတင်း မြှင့်တင်လိုက်ရတယ်။
ဒါဆိုရင်တော့ ဒီအမုန်းကောင်ကို သေချာပေါက် သတ်နိုင်ပြီး အာဃာတ ဖြေနိုင်ပြီ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်ဖက်လူက သူ့ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို ဘာအားမှ မစိုက်ရဘဲ ကာကွယ်လိုက်တယ်။
ပြီးတော့ အစက သိုင်းပညာရှင် လက္ခဏာ မပြခဲ့တဲ့ ကောင်လေးက ရုတ်တရက် စွမ်းအားတွေ တက်လာပြီး သူ့ထက်တောင် သာလွန်တဲ့ ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်သွားတယ်။
ပြီးတော့ သူ့ကို ပါးတွေ ဆက်တိုက် ရိုက်နေတယ်။
ဘာလို့ ဒီလောကကြီးက မျှော်လင့်ချက် မရှိရတာလဲ။ ငါ့ဘဝက သနားစရာ ကောင်းလိုက်တာ။
"ကျေးဇူးကန်းတဲ့ကောင်... မင်းကို ပညာပေးရမယ်"
ဥက္ကဋ္ဌထောင် ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေသော်လည်း ပြန်ရလိုက်သည်မှာ ယဲ့ထျန်း၏ နောက်ထပ် ပါးရိုက်ချက် တစ်ချက်သာ ဖြစ်သည်။
လူကို ဒီလောက်အထိ အနိုင်ကျင့်ရလား။
ဖြောင်း...
ဒီအဆင့်ရောက်တော့ ဥက္ကဋ္ဌထောင် သည်းမခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ထိုင်ချပြီး ကလေးတစ်ယောက်လို အော်ငိုပစ်လိုက်သည်။
မတတ်နိုင်ဘူးလေ... ဘယ်သူမဆို ဒီလိုအခြေအနေမျိုး ကြုံရင် နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ကြိုးစားကြမှာပဲ။
မျှော်လင့်ချက်တွေ ထားလိုက်၊ ပျက်စီးသွားလိုက်၊ မျှော်လင့်ချက် ရောင်ခြည်လေး တွေ့လိုက်၊ ထပ်ပြီး စိတ်ပျက်အားငယ်ရလိုက်နဲ့။ အရမ်း စိတ်ပျက်စရာ ကောင်းတယ်။
ယဲ့ထျန်း၏ ပါးရိုက်ချက်များ အကြိမ်ကြိမ် ခံရပြီးနောက် ဥက္ကဋ္ဌထောင် လုံးဝ စိတ်ဓာတ်ကျသွားပြီး တကယ် ထိုင်ငိုနေခြင်း ဖြစ်သည်။
ငိုလိုက်သည်နှင့် သူ့ပတ်လည်ရှိ သွေးစွမ်းအင်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ မူလက ချီသန့်စင်ခြင်း ဒသမအဆင့်အထိ ရောက်နေသော အင်အားသည်လည်း ပြန်ကျသွားပြီး အရင်ကထက်ပင် ပိုအားနည်းသွားသလို ဖြစ်နေသည်။
ဥက္ကဋ္ဌထောင် ငိုနေသည်ကို မြင်သောအခါ ယဲ့ထျန်း အံ့သြသွားပြီး ရပ်တန့်လိုက်ရသည်။
"ငါ ပြောခဲ့သားပဲ... လူဆိုးတွေက စကားများလို့ သေရတာပါလို့။ မင်းက နားမှ မထောင်တာ"
"မင်းက ကိုယ့်ကိုယ်ကို တော်လှပြီ ထင်နေတာ။ အောက်လမ်းနည်း နည်းနည်းပါးပါး တတ်ရုံနဲ့ ပြိုင်ဘက်ကင်းပြီ ထင်နေတာ။"
"ငါ့အမြင်မှာတော့ ဒါက တုံးအတာပဲ။ ပြီးတော့ လူတုံးလူအတွေက မိုးကြိုးပစ်ခံရဖို့ ထိုက်တန်တယ်။"
မျက်ရည်စိုနေသော မျက်လုံးများဖြင့် ယဲ့ထျန်းကို မော့ကြည့်ရင်း ဥက္ကဋ္ဌထောင် အငိုမတိတ်နိုင် ဖြစ်နေသည်။ ယခင်က ခန့်ညားထည်ဝါသော ပုံစံ လုံးဝ မရှိတော့။ အနိုင်ကျင့်ခံရပြီး ဝမ်းနည်းလို့ ငိုနေသော ကလေးတစ်ယောက်လို ဖြစ်နေသည်။
ဥက္ကဋ္ဌထောင်လို လူကောင်ကြီးက ဒီလို အထိန်းအကွပ်မဲ့ ငိုနေတာ မြင်ရတာ တကယ် မျက်စိစပါးမွှေး စူးစရာပင်။
ကိုယ့်မျက်စိကိုယ် သနားသောအားဖြင့် ယဲ့ထျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "တိတ်စမ်း... ထပ်ငိုရင် ပါးထပ်ရိုက်မယ်"
ဒါကို ကြားတော့ ဥက္ကဋ္ဌထောင် ချက်ချင်း အငိုတိတ်သွားသည်။ သို့သော် ရံဖန်ရံခါ ရှိုက်သံများ ထွက်ပေါ်နေပြီး ယဲ့ထျန်းကို သနားစရာ မျက်လုံးများဖြင့် ကြည့်နေသည်။
ဒီမြင်ကွင်းက ရွံစရာ ကောင်းလွန်းလို့ ယဲ့ထျန်း ဆက်မကြည့်နိုင်တော့။ ကောင်းကင်ကို မော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကဲ... မှားမှန်း သိပြီလား"
ဥက္ကဋ္ဌထောင် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ ဝမ်းနည်းပက်လက်ဖြင့် ပြန်ဖြေလိုက်သည်။ "သိပါပြီ... သိပါပြီ... နောက်တစ်ခါ မလုပ်တော့ပါဘူး"
ယခုအချိန်တွင် နင်ကော်ဖုန်းနှင့် အဘိုးလျူတို့သည် မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သော အံ့သြဖွယ် အလှည့်အပြောင်းများကို မြင်တွေ့ခဲ့ရပြီးနောက် ကြောင်အမ်းနေကြသည်။
ခဏလေး အတွင်းမှာ ယဲ့ထျန်းက သူတို့တစ်သက်လုံး ကြုံဖူးသမျှထက် ပိုများသော အံ့သြမှုများကို ပေးခဲ့သည်။
ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ကမ္ဘာကြီးအပေါ် သူတို့ရဲ့ အမြင်ကို ပြောင်းလဲပစ်လိုက်သလိုပါပဲ။
ယဲ့ထျန်းက ဥက္ကဋ္ဌထောင်ကို နိုင်သွားပြီ ဆိုတာ မြင်လိုက်ရသဖြင့် နင်ကော်ဖုန်း အမြန် ရှေ့တိုးလာပြီး ဝမ်းနည်းပက်လက် ဖြစ်နေသော ဥက္ကဋ္ဌထောင်ကို စိုက်ကြည့်လိုက်သည်။
ထို့နောက် ယဲ့ထျန်းကို သတိကြီးစွာ ကြည့်လိုက်သည်။ ယခင်က အထင်သေးသော သဘောထားများ လုံးဝ ပျောက်ကွယ်သွားပြီး အလွန် ရိုသေလေးစားစွာ မေးလိုက်သည်။ "ဆရာယဲ့... အဲ... စီနီယာယဲ့... ဒီလူကို ဘယ်လို လုပ်ကြမလဲ"
ပြောရင်းနှင့် နင်ကော်ဖုန်းက ဥက္ကဋ္ဌထောင်ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်ကာ ညာလက်ဖြင့် လည်ပင်းကို ဖြတ်ဟန် ပြလိုက်သည်။ ဆိုလိုရင်းက ရှင်းပါသည်။
နင်ကော်ဖုန်း၏ အပြုအမူကို မြင်သောအခါ ရှိုက်နေသော ဥက္ကဋ္ဌထောင် ရုတ်တရက် ထိတ်လန့်သွားသည်။
ကြမ်းပြင်ပေါ် လဲကျသွားပြီး နောက်ဆုတ်ရင်း နူးညံ့ချိုမြိန်သော အသံလေးဖြင့် အသနားခံလိုက်သည်။
"မလုပ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့။ မှားမှန်း သိပါပြီ၊ နောက်တစ်ခါ မလုပ်တော့ပါဘူး"
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မသတ်ပါနဲ့နော်။ ခိုင်းတာ အကုန် လုပ်ပါ့မယ်။"
ထိုအချိန်တွင် ဝဖြိုးသော ဥက္ကဋ္ဌထောင်၏ နှုတ်မှ ကလေးမလေး တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
ယဲ့ထျန်း အပါအဝင် ရှိနေသူအားလုံး ကြက်သီးထသွားပြီး ရွံရှာသွားကြသည်။
အထူးသဖြင့် အဘိုးလျူ ရှေ့တိုးလာပြီး ဥက္ကဋ္ဌထောင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ "ယောကျာ်းကောင်း တစ်ယောက်က ရဲရင့်ရမယ်လေ။ ဘယ်လိုလုပ် မူမမှန် ဖြစ်နေရတာလဲ"
"မင်းက လူယုတ်မာ ဆိုပေမယ့် အဆင့်အတန်း တစ်ခုတော့ ရှိသေးတာပဲ။ ဘယ်လိုလုပ် ကလေးမလေး အသံနဲ့ အသနားခံရတာလဲ။ မရွံဘူးလားကွာ။"
အဘိုးလျူ၏ ဆူပူမှုကို ရင်ဆိုင်ရင်း ဥက္ကဋ္ဌထောင်က ဝမ်းနည်းသော မျက်နှာထားဖြင့် မူလ အသံအတိုင်း ပြန်ဖြေလိုက်သည်။ "ရွံတာလား"
"ကျွန်တော်က ဘာလို့ ရွံရမှာလဲ။ ဒါ ကျွန်တော့် မူရင်းအသံပဲလေ။ ဘာ ရွံစရာ ရှိလို့လဲ"
နူးညံ့သော အသံလေးက ဝမ်းနည်းပက်လက် ဖြစ်နေသဖြင့် ကြားရသူ၏ စိတ်နှလုံးကို ပျော့ပြောင်းသွားစေနိုင်သည်။
ကြည့်လိုက်ရင် ဗိုက်ရွှဲရွှဲ လူကောင်ကြီးဆီက ဒီလိုအသံ ထွက်လာတာက တကယ့်ကို ထိရှလွယ်စရာပါပဲ။
အဘိုးလျူ ဒေါသထွက်ပြီး "ဘာ..." ဟု အော်လိုက်သည်။
"မင်းရဲ့ မူရင်းအသံ ဟုတ်လား။ မင်းလို လူကောင်ကြီးက ဘယ်လိုလုပ် ဒီလိုအသံမျိုး ရှိနိုင်မှာလဲ။"
"မင်း ပြောရဲသေးတယ်နော်။ အရှက်မရှိဘူးလား။"
ဥက္ကဋ္ဌထောင်က သနားစရာ မျက်နှာထားဖြင့် ကြည့်ပြီး အဘိုးလျူကို ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။ "ဘယ်သူက ကျွန်တော် ယောကျာ်းပါလို့ ပြောလို့လဲ။ ကျွန်တော်က မိန်းကလေးပါ..."
ဒါကို ကြားတော့ မျက်ရည်ကျလုနီးပါး ဖြစ်နေသော ယဲ့ထျန်း တုန်လှုပ်သွားသည်။
ထို့နောက် သတိပြန်ဝင်လာပြီး မျက်နှာထား ထူးဆန်းသွားကာ ဥက္ကဋ္ဌထောင်ကို ကြည့်ပြီး မေးလိုက်သည်။ "မင်းက တကယ်တမ်း ဘယ်သူလဲ"
ယဲ့ထျန်း စကားပြောလာသည်ကို မြင်သောအခါ မျက်နှာထား ထူးဆန်းနေသော နင်ကော်ဖုန်းက အဘိုးလျူ ဆက်မဆဲရန် တားလိုက်သည်။
ဥက္ကဋ္ဌထောင် မော့ကြည့်လိုက်သည်။ မျက်နှာတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး "သူတို့က..."
"ရပ်လိုက်"
တစ်ဖက်လူ စကားမဆုံးခင် ယဲ့ထျန်း လက်ကာပြပြီး တားလိုက်သည်။ အသက်ပြင်းပြင်းရှူပြီး ရင်ထဲမှ ပျို့အန်ချင်စိတ်ကို ထိန်းလိုက်သည်။
ယဲ့ထျန်း ပြောလိုက်သည်။ "ငါ့ကို အဲ့လို လာမပြောနဲ့၊ ရွံစရာကြီး။ မင်းရဲ့ မူရင်းပုံစံအတိုင်း ပြန်ပြောင်းလိုက်"
"အို..."
ဥက္ကဋ္ဌထောင် ခေါင်းညိတ်လိုက်သည်။ လက်နှစ်ဖက်ကို ပူးပြီး မန္တန် ရွတ်သလို စကားလုံးအချို့ ရွတ်ဆိုလိုက်သည်။
မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ဥက္ကဋ္ဌထောင်ကို အလင်းရောင် အိမ်တစ်လုံးသဖွယ် လွှမ်းခြုံသွားသည်။
ဒါကို မြင်တော့ ယဲ့ထျန်း အနည်းငယ် အံ့သြသွားပြီး ဥက္ကဋ္ဌထောင် အခွင့်ကောင်းယူ တိုက်ခိုက်လာမည်ကို ကာကွယ်ရန် သတိထားလိုက်သည်။
သို့သော် ယဲ့ထျန်း အတွေးလွန်သွားခြင်း ဖြစ်သည်။ ယဲ့ထျန်း၏ နည်းလမ်းပေါင်းစုံဖြင့် ခြိမ်းခြောက်မှုကို ခံခဲ့ရသဖြင့် ဥက္ကဋ္ဌထောင် တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ဘဲ လိမ္မာစွာပင် ပုံစံပြောင်းလိုက်သည်။
ဥက္ကဋ္ဌထောင်ထံမှ အလင်းရောင်များ ပျောက်ကွယ်သွားသောအခါ သူဌေးအသစ်စက်စက် ပုံစံ ဥက္ကဋ္ဌထောင် ပျောက်ကွယ်သွားပြီး သွယ်လျကျစ်လျစ်သော ကလေးမလေး တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ လက်နှစ်ဖက်ကို ပူးလျက် ကြမ်းပြင်ပေါ်တွင် တစ်ပိုင်းတစ်စ ထိုင်နေသည်။
ယခုအချိန်တွင် ထိုကလေးမလေးသည် ငိုထားသဖြင့် နီရဲနေသော မျက်လုံးကြီးများဖြင့် ရှိနေသူများကို သနားစရာ ကောင်းသော မျက်နှာထားဖြင့် သတိကြီးစွာ ကြည့်နေသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: