အပိုင်း (၃၈) - မပြည့်စုံသော ကျင့်စဉ်ကြောင့် မိစ္ဆာစိတ် ဝင်ရောက်ခြင်း
ယဲ့ထျန်း မျက်မှောင်ကြုတ်ပြီး သနားစရာ ကောင်းနေသော ကောင်မလေးကို ကြည့်လိုက်သည်။ သူကပဲ လူဆိုးကြီး ဖြစ်နေသလို ခံစားနေရသည်။
သူ့အတွေးတွေကို ခါထုတ်လိုက်ပြီး ယဲ့ထျန်း မေးလိုက်သည်။ "မင်းအစ်မက ဘယ်မှာလဲ။ ဘယ်ရောက်နေလဲ။ သူ့ကို အမြန် လာခိုင်းလိုက်"
"သူ... သူက တံခါးပိတ် ကျင့်ကြံနေတာ၊ အနည်းဆုံး ခြောက်လလောက် ကြာမှ ထွက်လာမှာ" ဟွာဇီယို ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။
ဒါကို ကြားတော့ ယဲ့ထျန်း သီးသွားလုနီးပါး ဖြစ်သွားသည်။ "ဒါ ဘာမှ မပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား" ဟု ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယဲ့ထျန်း ဒေါသထွက်သွားသည်ကို မြင်သောအခါ ဟွာဇီယို ကြောက်လန့်ပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကာ ငိုယိုအော်ဟစ်လိုက်သည်။ "မရိုက်ပါနဲ့... မရိုက်ပါနဲ့"
စောစောက ဒေါသတကြီး အော်ဟစ်နေသည့် ရက်စက်သော ပုံစံနှင့် လုံးဝ ကွာခြားပြီး လူဆိုးတစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသည့် အိမ်နီးချင်း အပြစ်ကင်းစင်သော ကောင်မလေးတစ်ယောက်လို ဖြစ်နေသည်။
နင်ကော်ဖုန်းနှင့် အဘိုးလျူက ယဲ့ထျန်းကို အပြစ်တင်သလို ကြည့်နေကြသည်။ "ဘာလဲ... ခင်ဗျားတို့က ဘာကြည့်နေကြတာလဲ။ စောစောက ဒီကောင်မလေး ဘယ်လောက် ရက်စက်ခဲ့လဲ ဆိုတာ မေ့သွားကြပြီလား"
သူတို့နှစ်ယောက်၏ အကြည့်ကြောင့် ယဲ့ထျန်း သွေးအန်ချင်သလို ဖြစ်သွားသည်။
"သမီး... သမီး တမင် လုပ်တာ မဟုတ်ပါဘူး။ အဲ့ဒါ အကုန်လုံး သွေးနတ်ဘုရား ကျင့်စဉ် အပိုင်းအစကြောင့် ဖြစ်တာပါ"
"ဒီလို ဖြစ်လာမယ်မှန်း သိရင် အစကတည်းက ဒီအမှိုက်သရိုက်ကို လေ့ကျင့်မိမှာ မဟုတ်ဘူး။ အခု ရပ်တန့်လို့လည်း မရတော့ဘူး။"
"မပြည့်စုံတဲ့ ကျင့်စဉ်ကြောင့် ဖြစ်လာမယ့် ပြဿနာတွေကို ထိန်းချုပ်ဖို့အတွက် ဥက္ကဋ္ဌနင်ကို ဒုက္ခပေးဖို့ လက်ခံခဲ့ရတာ။"
"ဘာလို့ဆို အဲ့ဒီလူဆီမှာ ရေခဲကြာစေ့ရှိတယ်။ အဲ့ဒါကို စားရင် ရင်ထဲက မိစ္ဆာစိတ်တွေကို ထိန်းချုပ်နိုင်မှာမို့လို့။"
ဘေးနားရှိ ဟွာဇီယိုက ယဲ့ထျန်း၏ ဒေါသထွက်နေသော မျက်နှာထားကို မြင်ပြီး ဝမ်းနည်းပက်လက် ရေရွတ်နေသည်။
ထိုအချိန်တွင် အဘိုးလျူမှလွဲ၍ ယဲ့ထျန်းနှင့် နင်ကော်ဖုန်းတို့၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
နင်ကော်ဖုန်းက အပြောင်းလဲဆုံး ဖြစ်သည်။ အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်း၊ ထို့နောက် နာကျင်ခြင်းနှင့် နားလည်သဘောပေါက်သွားခြင်း စသည့် ခံစားချက်များ တောက်လျှောက် ဖြစ်ပေါ်လာသည်။ ဟွာဇီယို၏ စကားများက သူ့ကို တစ်စုံတစ်ခု နားလည်သွားစေသလိုပင်။
ယဲ့ထျန်းကတော့ အနည်းငယ် အံ့သြနေသည်။
အကြောင်းမှာ ဟွာဇီယို စကားဆုံးသည်နှင့် ပုံမှန်အားဖြင့် အသံတိတ်နေတတ်သော၊ ဟိတ်ဟန်ထုတ်မှ သို့မဟုတ် မေးခွန်းမေးမှ အသံထွက်လာတတ်သော စနစ်က ဒီတစ်ခါ သူ့ဘာသာ စကားပြောလာသောကြောင့် ဖြစ်သည်။
"တင်း... စနစ် အသိပေးချက် - သွေးနတ်ဘုရား ကျင့်စဉ်သည် အဆင့်နိမ့် ကျင့်စဉ် အပိုင်းအစ တစ်ခု ဖြစ်ပါသည်။ ပိုင်ရှင်အနေဖြင့် လက်လွတ်မခံသင့်ပါ"
"မပြည့်စုံသော ဗားရှင်း ဖြစ်သော်လည်း မူရင်းလောက် မကောင်းပေမယ့် တန်ဖိုးရှိပါသေးသည်။ ပိုင်ရှင် မလိုချင်လျှင် စနစ်က ပြန်လည် ဝယ်ယူနိုင်ပါသည်။"
"ထို့အပြင် ဤစနစ်သည် မပြည့်စုံသော သိုင်းကျင့်စဉ်များကို ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း ဝန်ဆောင်မှုများကိုလည်း ပေးဆောင်ပါသည်။"
"ပျက်စီးမှု အတိုင်းအတာအပေါ် မူတည်ပြီး ဝန်ဆောင်မှု ကြေး အနည်းငယ် ပေးရုံဖြင့် အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။ တန်ဖိုးရှိပြီး ဝန်ဆောင်မှု ကောင်းမွန်သောကြောင့် အသုံးပြုကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။"
စနစ်၏ တက်ကြွသော အသိပေးချက်နှင့် ရှည်လျားသော ရှင်းပြချက်များကို ကြားလိုက်ရသောအခါ ယဲ့ထျန်း ညည်းညူဖို့ပင် မေ့သွားသည်။
သူ အလွန် အံ့သြသွားပြီး ဒီ 'သွေးနတ်ဘုရား ကျင့်စဉ်' သည် သာမန် မဟုတ်ကြောင်း၊ အပိုင်းအစ ဖြစ်နေရင်တောင် ကြောက်စရာ ကောင်းကြောင်း သိလိုက်သည်။
ပြန်စဉ်းစားကြည့်လျှင် ဒီကောင်မလေးသည် အလွန် ရက်စက်ကြမ်းကြုတ်သော်လည်း မွေးရာပါ ရက်စက်သူ မဟုတ်ဘဲ ကျင့်ကြံထားသော ကျင့်စဉ်ကြောင့် ဖြစ်ကြောင်း နားလည်လိုက်သည်။
ယခု ယဲ့ထျန်းက သူမကို နှိုးဆော်လိုက်သဖြင့် လိမ္မာရေးခြား ရှိလာပြီး ယဲ့ထျန်း သူမစကားကို အတော်အတန် ယုံကြည်လာသည်။
ထို့အပြင် နင်ကော်ဖုန်းကလည်း သူမအတွက် ဝင်ပြောပေးထားပြီး၊ စနစ်ကလည်း သတိပေးထားသဖြင့် ယဲ့ထျန်း သူမကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဟွာဇီယိုကို လွှတ်ပေးဖို့က လွယ်ကူသော်လည်း ဝမ်ယွိလုံ၏ အခြေအနေက မကောင်းလှပေ။ မျက်စိရှေ့တွင် သေဆုံးသွားမှာကို လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူးလေ။
ယဲ့ထျန်း ဟွာဇီယိုကို ပြောလိုက်သည်။ "မင်းပြောတာ အမှန်ဆိုရင် ငါ မင်းကို မသတ်တော့ဘူး။ အခု သွားလို့ရပြီ"
ယဲ့ထျန်း စကားကို ကြားသောအခါ ဟွာဇီယို ဝမ်းသာသွားပြီး ကြမ်းပြင်ပေါ်မှ ကပျာကယာ ထလိုက်သည်။
သူမ စကားမပြောနိုင်ခင် ယဲ့ထျန်း ဆက်ပြောသည်။
"ဒါပေမဲ့ တစ်ခုတော့ မှတ်ထား... မင်းပြောတာတွေက လိမ်ညာနေတာ ဆိုတာ ငါ သိလိုက်ရရင်..."
မင်း ကမ္ဘာမြေအဆုံးထိ ထွက်ပြေးရင်တောင် ငါ လိုက်သတ်ပြီး အပြစ်မဲ့ သေဆုံးသွားသူတွေအတွက် လက်စားချေမယ်။
"တင်း... ဟိတ်ဟန်ထုတ်ခြင်း အောင်မြင်ပါသည်။ စနစ်အမှတ် ၂၀ တိုးလာပါသည်"
"မ... မဟုတ်ပါဘူး။ အကုန် အမှန်တွေပါ၊ လုံးဝ မလိမ်ပါဘူး" ဟွာဇီယို ခေါင်းခါပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ကောင်းပြီ... သွားတော့" ယဲ့ထျန်း ပြောလိုက်သည်။
ဟွာဇီယိုကို လွှတ်ပေးလိုက်ရခြင်းမှာ သူမ ဒီမှာ ရှိနေလည်း အသုံးမဝင်သလို၊ အခြေအနေ ပြောင်းလဲသွားရင် စောင့်ကြည့်ရဦးမည် ဖြစ်သောကြောင့် ဖြစ်သည်။
သွေးနတ်ဘုရား ကျင့်စဉ် အပိုင်းအစ ကိစ္စကိုတော့ အခု မမေးသင့်သေးပေ။ ဟွာဇီယို သံသယ ဝင်သွားမှာ စိုးလို့ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် နင်ကော်ဖုန်းက ဟွာဇီယိုရဲ့ နောက်ခံကို သိနေတာပဲ။ စုံစမ်းပြီးတာနဲ့ သူမအိမ်ကို သွားပြီး အချိန်မရွေး တောင်းယူလို့ ရနေတာပဲ။
စနစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် သူ မကြာခင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ရောက်တော့မှာ။ အဲ့ဒီအချိန်ကျရင် ဒီလောကကြီးမှာ ဘယ်သူက သူ့ကို တားနိုင်မှာလဲ။
ယဲ့ထျန်း စကားကို ကြားသောအခါ နင်ကော်ဖုန်း သတိပြန်ဝင်လာပြီး စိတ်သက်သာရာ ရသွားသည်။
ယဲ့ထျန်းက ဟွာဇီယိုကို ဒီမှာ မသတ်ဘူး ဆိုရင်၊ နောက်ပိုင်း သတ်ချင်မသတ်ချင် ဆိုတာက နင်မိသားစုနဲ့ မဆိုင်တော့ဘူး။
ဟွာဇီယိုလည်း ဝမ်းသာသွားပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမအကြည့်က ကြမ်းပြင်ပေါ်မှ ဝမ်ယွိလုံအပေါ် ရောက်သွားပြီး ဝမ်းနည်းနောင်တရမှုများ မျက်လုံးထဲတွင် ပေါ်လာသည်။
သူမ ယဲ့ထျန်းကို မော့ကြည့်ပြီး ဝမ်းနည်းစွာ မေးလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီးက အရမ်းတော်တာ ကျွန်မ သိပါတယ်။ သူ့ကို ကယ်ပေးလို့ မရဘူးလား"
"ကယ်နိုင်မယ် ဆိုရင် ဘယ်လို ပေးဆပ်ရ ပေးဆပ်ရ၊ အခု မတတ်နိုင်ရင်တောင် တစ်သက်လုံး ပြန်ဆပ်သွားပါ့မယ်"
ယဲ့ထျန်း အနည်းငယ် အံ့သြသွားသည်။ သူမ လွတ်မြောက်ခွင့် ရထားတာတောင် မသွားဘဲ ဝမ်ယွိလုံကို ကယ်ပေးဖို့ တောင်းဆိုနေတာ။ ဒါက သူမစကားကို ယဲ့ထျန်း ပိုယုံကြည်လာစေသည်။
ယဲ့ထျန်း ခါးသက်သက် ပြုံးလိုက်မိသည်။ စောစောက သူ ဟွာဇီယိုကို အကြီးအကျယ် နှိပ်စက်ခဲ့လို့ သူမက သူ့ကို အလွန် အစွမ်းထက်တဲ့ ပညာရှင်ကြီးလို့ ထင်သွားပုံရသည်။
ယဲ့ထျန်းက ဝမ်ယွိလုံကို မကယ်ချင်တာ မဟုတ်ပါဘူး။ သူက ချီသန့်စင်ခြင်း တတိယအဆင့်သာ ရှိသေးပြီး ဟွာဇီယိုထက် အနည်းငယ်သာ သာလွန်တာလေ။ ဝမ်ယွိလုံကို ဘယ်လိုလုပ် ကယ်နိုင်မှာလဲ။
ယဲ့ထျန်း၏ ခါးသက်သက် အပြုံးကို မြင်သောအခါ ဟွာဇီယို မျက်ရည်ကျလာပြီး ရှိုက်ငိုလိုက်သည်။ "အစ်ကိုကြီး... တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား။ ဘယ်လို လုပ်ကြမလဲ"
"အားလုံး သမီးအမှားတွေပါ။ အစ်မစကား နားမထောင်ဘဲ ခေါင်းမာခဲ့မိလို့ ဒီလိုတွေ ဖြစ်ကုန်တာ။ သူ့ကို မကယ်နိုင်ရင် သမီး... သမီး အသက်နဲ့ ပြန်ပေးဆပ်ပါ့မယ်..."
ပြောလိုက်ချိန်တွင် ဟွာဇီယို၏ မျက်နှာထား ပြတ်သားနေပြီး ဟန်ဆောင်ပြောနေခြင်း မဟုတ်ကြောင်း သိသာသည်။
ဒါကို မြင်တော့ ယဲ့ထျန်း အမြန် ပြောလိုက်သည်။ "မပူပါနဲ့... ငါ မကယ်နိုင်ဘူးလို့ မပြောပါဘူး။ နည်းလမ်း ရှာနေတာပါ"
ဟွာဇီယို အံ့သြသွားပြီး မျက်နှာ ဝင်းပလာသည်။ "အာ... အစ်ကိုကြီး၊ နည်းလမ်း တွေ့ပြီလား"
ယဲ့ထျန်း လက်ကာပြပြီး ဟွာဇီယိုကို မလောရန် ပြောလိုက်သည်။ ဝမ်ယွိလုံ ဘေးနား လျှောက်သွားပြီး စဉ်းစားဟန် ပြုလိုက်သည်။ သူ့မှာ နည်းလမ်း မရှိပေမယ့် စနစ်မှာတော့ ရှိမှာ သေချာသည်။
"စနစ်... ဝမ်ယွိလုံကို ဘယ်လို ကယ်ရမလဲ။ ကုသရေး ဆေးလုံး သုံးရင် ရမလား"
"တင်း... ဝမ်ယွိလုံ၏ အသက်ဓာတ် ကုန်ခမ်းနေပါပြီ။ သာမန် ဆေးလုံးများ အသုံးမဝင်ပါ"
"ဘာ... နည်းလမ်း မရှိတော့ဘူးလား"
ယဲ့ထျန်း လန့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။
"တင်း... စနစ်က အရာအားလုံး လုပ်နိုင်ပါတယ်။ ပိုင်ရှင်က လုံလောက်တဲ့ အမှတ် ပေးနိုင်ရင် ဖန်ကူ (ကမ္ဘာဖန်တီးရှင်) ကိုတောင် ကယ်ပေးလို့ ရပါတယ်"
အဲ... မလိုပါဘူး။ သူက စကြဝဠာ တစ်ခုလုံး အဖြစ် ပြောင်းလဲသွားပြီပဲ၊ အိပ်နေတာ မနှောင့်ယှက်ပါနဲ့တော့။
ပြီးတော့ ဖန်ကူကို တကယ် ပြန်ရှင်အောင် လုပ်ချင်ရင်တောင် ကနဦး ဖရိုဖရဲ မဟာတာအို ရှေ့မှာ သွားပြီး ဟိတ်ဟန်ထုတ်မှ လုံလောက်တဲ့ ဂုဏ်သတင်းအမှတ် ရနိုင်မှာ။
ယဲ့ထျန်း ရှက်သွားပြီး "ပေါက်ကရတွေ မပြောနဲ့၊ ငါ့မှာ အဲ့လောက် ရည်မှန်းချက် မရှိဘူး" ဟု ပြောလိုက်သည်။
"အခု ဝမ်ယွိလုံကို ကယ်နိုင်မယ့် နည်းလမ်းတွေကို မြန်မြန် စာရင်းလုပ်ပေး။ ငါ တတ်နိုင်မယ့် ဟာမျိုး"
"တင်း... စနစ် ရှာဖွေနေပါသည်..."
"တင်း... ရှာဖွေမှု ပြီးဆုံးပါပြီ။ စုစုပေါင်း နည်းလမ်း ၁၃,၅၀၀ တွေ့ရှိပါသည်။ အထူး အကြောင်းပြချက်များကြောင့် ၁၃,၄၉၇ ခုကို လက်ရှိ အသုံးပြု၍ မရနိုင်ပါ။ ကျန်ရှိသော နည်းလမ်း ၃ ခုထဲမှ တစ်ခုကို ရွေးချယ်ပါ"
"သောက်ကျိုးနည်း... မင်းက စကားကို ရှည်နေတာပဲ။ နည်းလမ်း ၃ ခုပဲ ရှိတယ်လို့ ပြောလိုက်ရင် ပြီးတာပဲကို။ ကြွားမနေနဲ့"
"တင်း... စနစ်က ကြွားနေတာ မဟုတ်ပါဘူး။ ပိုင်ရှင်က အားနည်းလွန်းလို့ လုံလောက်တဲ့ အမှတ် မရှာနိုင်လို့ အဆင့်မြင့် နည်းလမ်းတွေကို မသုံးနိုင်တာပါ"
"ဆိုရိုးစကား ရှိတယ်မလား... "စနစ်ကောင်းပေမယ့် ပိုင်ရှင်ညံ့ရင် ဘာမှ မတတ်နိုင်ဘူး" တဲ့။ ပိုင်ရှင်အနေနဲ့ လက်တွေ့ဘဝကို လက်ခံပြီး စနစ်အပေါ် အပြစ်မတင်ပါနဲ့။ စနစ်ရဲ့ နုနယ်တဲ့ နှလုံးသားလေး ထိခိုက်မှာ စိုးလို့ပါ။"
သောက်ကျိုးနည်း... ဆိုရိုးစကားတွေကို လျှောက်ပြောင်းမနေနဲ့။ ပြီးတော့ ဘာလဲ... ချစ်စရာ ကောင်းချင်ယောင်ဆောင်နေတာလား။ ငါ ဘယ်လို ပြန်ပြောရမလဲတောင် မသိတော့ဘူး။
ငါတို့က ဟိတ်ဟန်ထုတ်တဲ့ စနစ်လေ၊ ညည်းညူတဲ့ စနစ်မှ မဟုတ်တာ။
ယဲ့ထျန်း မျက်လုံးလှန်ကြည့်လိုက်ပြီး စနစ် ပေးထားသော နည်းလမ်း ၃ ခုကို ကြည့်လိုက်သည်။
မကြည့်ရင် အကောင်းသား၊ ကြည့်လိုက်မိတော့ ယဲ့ထျန်း ဒေါသထွက်ပြီး ခေါင်းမီးတောက်မတတ် ဖြစ်သွားသည်။
စနစ်သာ လူကောင်ထင်ရှား ရှိနေရင် ယဲ့ထျန်း ဆွဲထုတ်ပြီး ရိုက်နှက်ကာ မေးခွန်းထုတ်မိမှာ သေချာသည်။ ဒီနည်းလမ်း ၃ ခုက သူ့ "အမှတ်" တွေကို တမင် ကုန်အောင် လုပ်ထားတာလား ဆိုတာ။
မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နေရတာလဲ။ နည်းလမ်း ၃ ခုစလုံးက အမှတ် ၂၈၀ ဝန်းကျင် ကုန်ကျမယ်တဲ့။
ယဲ့ထျန်း စုဆောင်းထားတဲ့ အမှတ်တွေ၊ အရင်က လက်ကျန်တွေ အပါအဝင် စုစုပေါင်း ၂၉၀ ပဲ ရှိတာ။
စနစ်က တမင် လုပ်တာ မဟုတ်ရင် ဘာဖြစ်မလဲ။
ထိုအချိန်တွင် အခြေအနေ တည်ငြိမ်နေသော ဝမ်ယွိလုံ ရုတ်တရက် တက်လာပြီး အခြေအနေ စိုးရိမ်ရလာသည်။
ယဲ့ထျန်း စနစ်နှင့် ငြင်းခုံမနေတော့ဘဲ နည်းလမ်း ၃ ခုကို အမြန် ဖတ်ကြည့်လိုက်သည်။
ပထမနည်းလမ်းကို ကြည့်ပြီး ချက်ချင်း ပယ်ချလိုက်သည်။ ဝမ်ယွိလုံကို "အလောင်းကောင် မိစ္ဆာ" အဖြစ် ပြောင်းလဲလိုက်ရုံ သက်သက်ပဲ။
လူတွေ ဝိုင်းနေတဲ့ အချိန်မှာ ဒါမျိုး လုပ်လိုက်ရင် သူ ကိုယ်တိုင် မိစ္ဆာ ဖြစ်သွားလိမ့်မယ်။
ဒုတိယနည်းလမ်းက "ရုပ်ခန္ဓာ ပြန်လည် ပုံဖော်ခြင်း" ။ ဒါက ပထမနည်းလမ်းထက် ပိုစိတ်ချရပြီး မိစ္ဆာနည်းလမ်းလို့ မသတ်မှတ်ခံရနိုင်ဘူး။
ဒါပေမဲ့ ပြဿနာ ရှိတယ်။ ရုပ်ခန္ဓာ ပြန်လည် ပုံဖော်တယ် ဆိုတာက ဝမ်ယွိလုံရဲ့ ခန္ဓာကိုယ်ကို အရည်ဖျော်လိုက်ပြီး ခန္ဓာကိုယ် အသစ် ပြန်တည်ဆောက်တာ။ ကိုယ်ဝန်ဆောင်ပြီး ကြီးထွားလာတဲ့ ဖြစ်စဉ်လိုမျိုးပေါ့။
ဒါပေမဲ့ နှစ် ၃၀ နီးပါး သမိုင်းကြောင်းကို မိနစ် ၃၀ အတွင်း အကျဉ်းချုံး လုပ်လိုက်ရမယ် ဆိုတာက သဘာဝလွန် ဖြစ်ရပ်ဆန်လွန်းတယ်။
ပြီးတော့ လူတွေ ဝိုင်းနေတဲ့ အချိန်မှာ ဒါမျိုး လုပ်လိုက်ရင် မိစ္ဆာ မဖြစ်ရင်တောင် နတ်ဘုရားလို့ ထင်သွားကြလိမ့်မယ်။
နတ်ဘုရားတွေမှသာ လုပ်နိုင်တဲ့ ကိစ္စမျိုးလေ။ မသင့်တော်ဘူး။
"စနစ်... တတိယနည်းလမ်းကို ရွေးမယ်"
ယဲ့ထျန်း တတိယနည်းလမ်းကို ရွေးချယ်လိုက်သည်။ ဒါက အနည်းငယ် ပိုကောင်းသည်။ ဝမ်ယွိလုံကို ကယ်တင်နိုင်ရုံသာမက သူ့အင်အားကိုပါ တိုးတက်စေနိုင်သည်။
"တင်း... ဒီနည်းလမ်းအတွက် အမှတ် ၂၈၀ ကုန်ကျပါမည်။ အတည်ပြုပါသလား"
အနီရောင် ကိန်းဂဏန်းများကို ကြည့်ပြီး ယဲ့ထျန်း ရင်နာသွားသော်လည်း အသက်ကယ်ဖို့က အရေးကြီးဆုံးဟု ဆုံးဖြတ်လိုက်သည်။
အမှတ်ဆိုတာ ပြန်ရှာလို့ ရတယ်။
လူသေသွားရင်တော့ ဘာမှ လုပ်လို့မရတော့ဘူး။ အနည်းဆုံး အခုအချိန်မှာတော့ မရသေးဘူး။
ဆုံးဖြတ်ချက် ချလိုက်သည်နှင့် စနစ်၏ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: