အခန်း ၂၂ - ထမင်းစားပွဲဝိုင်းတွင် ရန်စခြင်း
"မိတ်ဆွေများအားလုံး အလုပ်များတဲ့ကြားက အချိန်ပေးပြီး ကျွန်တော့်ရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပွဲကို တက်ရောက်ပေးကြတဲ့အတွက် အထူး ကျေးဇူးတင်ရှိပါတယ်"
လုံအန်းဟိုင် မတ်တပ်ရပ်လိုက်ပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးကာ လက်နှစ်ဖက်ကို ဆုပ်လျက် အရပ်လေးမျက်နှာကို ဂါရဝပြုလိုက်သည်။
"မဟုတ်ပါဘူး၊ အစ်ကိုကြီးလုံရဲ့ အသက် ၆၀ ပြည့် မွေးနေ့ပဲလေ။ ကျွန်တော်တို့ သေချာပေါက် လာပြီး ဂါရဝပြုရမှာပေါ့"
"မှန်လိုက်တာ အစ်ကိုကြီးလုံရယ်၊ ခင်ဗျားက သဘောကောင်းလွန်းပါ တယ်။ ကျွန်တော်နဲ့ ခင်ဗျား မတွေ့ရတာ ကြာပြီပဲ။ အခု အခွင့်အရေးရတုန်း လာတွေ့တာပါ"
"အစ်ကိုကြီးအန်းဟိုင်... ဒီည မူးတဲ့အထိ သောက်ကြတာပေါ့"
......
လုံမိသားစု၏ ခေါင်းဆောင် ဖြစ်သည်နှင့်အညီ လုံအန်းဟိုင်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်သူများ များပြားလှသည်။ လူတိုင်း အပြန်အလှန် နှုတ်ဆက်စကား ဆိုနေကြသည်။
ရှောင်ဖန် အပါအဝင် သူတို့စားပွဲဝိုင်းတွင် လူ ၁၅ ယောက် ရှိသည်။ အားလုံးသည် မိသားစုကြီးများမှ ပါရမီရှင် မျိုးဆက်သစ်များ ဖြစ်ကြသည်။ လုံယိနှင့် လုံရှောင်ထျန်မှလွဲ၍ ကျန်လူများသည် ရှောင်ဖန်နှင့် လုံမြောင်ယင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
သူတို့သည် ရှောင်ဖန်အတွက် သူစိမ်းများ ဖြစ်ကြသော်လည်း သူတို့အားလုံး ရှောင်ဖန်၏ အထောက်အထားကို သိကြသည် - လုံမိသားစု၏ သမက်။
အချို့လူများက သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကြသော်လည်း အချို့က အထင်သေးစွာ ကြည့်ကြသည်။ ဘာပဲပြောပြော ဒီလူတွေက ကျင်ချွမ်းမြို့က မဟုတ်ကြသဖြင့် ရှောင်ဖန်၏ အင်အားကို မသိကြပေ။
လုံမြောင်ယင်ကို ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ လုံမိသားစု၏ တတိယသခင်မလေးသည် မျက်နှာပေါ်တွင် မွေးရာပါအမှတ် ပါရှိပြီး "အရုပ်ဆိုးမလေး" ဟု လူသိများသည်။
အရင်က ကြားဖူးရုံသာ ရှိခဲ့သော်လည်း အခုမှ လုံမြောင်ယင်ကို လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
သို့သော် စုမင်ကတော့ ရှောင်ဖန်တို့နှစ်ယောက်ကို ဖုံးကွယ်မထားနိုင်သော ဒေါသဖြင့် ကြည့်နေသည်။
"ညီလေးစု... ဒီနေ့ ဘာဖြစ်နေတာလဲ။ လူသတ်ချင်နေတဲ့ မျက်နှာထားနဲ့" သူ့ဘေးမှ ချောမောသော လူငယ်တစ်ဦးက ရယ်မောလိုက်သည်။ တကယ်တော့ သူတင်မကဘဲ စားပွဲဝိုင်းရှိ လူများစွာက စုမင် ရှောင်ဖန်အပေါ် အငြိုးအတေး ရှိပုံရပြီး တစ်ဖက်လူကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို သတိထားမိကြသည်။
"မ... မဟုတ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး" စုမင် ခေါင်းခါလိုက်သည်။ ရတနာဆောင်တွင် ဖြစ်ပျက်ခဲ့သော အရှက်ရဖွယ်ရာ ကိစ္စကို လူသိရှင်ကြား မပြောချင်ပေ။
စုမိသားစုသည် ချမ်းသာသော မိသားစု ဖြစ်သော်လည်း ဝိညာဉ်ကျောက်တုံး ၂၀၀ လျော်ကြေးပေးလိုက်ရခြင်းကြောင့် မိသားစု အကြီးအကဲများ၏ ဆူပူကြိမ်းမောင်းခြင်းကို သူ ခံခဲ့ရသည်။
လုံယိ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်းတို့ သူ့ကို မသိကြသေးဘူးနဲ့ တူတယ်။ ဒါ ငါ့ရဲ့ တတိယညီမ လုံမြောင်ယင်ရဲ့ ခင်ပွန်း၊ လုံမိသားစုရဲ့ သမက် ရှောင်ဖန်ပါ" သူက ရှောင်ဖန်ကို လက်ညှိုးထိုးပြပြီး ရောက်ရှိနေသူ အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။
သူ မပြောရင်တောင် ရောက်ရှိနေသူ အားလုံး ရှောင်ဖန်၏ အထောက်အထားကို ခန့်မှန်းမိပြီးသား ဖြစ်သည်။
သူက ရှောင်ဖန်ကို ရွံရှာစေချင်ရုံ သက်သက်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်...
နေအိမ်သမက် ဖြစ်ရခြင်းသည် ဘယ်လိုပဲကြည့်ကြည့် ရှက်စရာကောင်းသော ကိစ္စဖြစ်သည်။
ရှောင်ဖန် လုံယိကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
ထိုနေရာရှိ လေထုမှာ ရုတ်တရက် ထူးဆန်းသွားသည်။ မအသော သူတိုင်း လုံယိက ရှောင်ဖန်ကို တမင်တကာ အရှက်ခွဲနေမှန်း သိကြသည်။ သို့သော် အချို့လူများက လုံယိ ပျင်းနေလို့များ ဒီလိုလုပ်နေသလားဟု တွေးမိကြသည်။
ကိုယ့်အဖေ မွေးနေ့ပွဲမှာ ဘာလို့ ပြဿနာရှာနေရတာလဲ။ အချိန်အခါကို နားမလည်ဘူးလား။
သို့သော် လုံရှောင်ထျန်က ရယ်မောလျက် ဝင်ပြောလိုက်သည်။ "ရှောင်ဖန်ကို လျှော့မတွက်ကြပါနဲ့။ သူက ငါ့ လုံမိသားစုရဲ့ သမက် ဖြစ်ပေမဲ့ အလွန် သန်မာပါတယ်။ ငါတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး"
ဤစကားများသည် လူအုပ်ကြီးအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ လုံမိသားစု၏ ဆက်ခံသူ လုံရှောင်ထျန်က ရှောင်ဖန်ကို မယှဉ်နိုင်ဘူးတဲ့လား။
"အစ်ကိုကြီးရှောင်ထျန်... နောက်မနေပါနဲ့ဗျာ။ ခင်ဗျားက ဘယ်လိုလုပ် သူ့ပြိုင်ဘက် မဟုတ်ရမှာလဲ" စုမင် လှောင်ပြောင်လိုက်သည်။ "သူက နေအိမ်သမက် တစ်ယောက်ပဲလေ။ ကြားတာတော့ သူက 'အသုံးမကျတဲ့ကောင်' မို့လို့ ညီဖြစ်သူက သေလုမျောပါး ရိုက်နှက်ပြီး ဒီကို ပို့လိုက်တာဆို"
စုမင်သည် ရှောင်ဖန်နှင့် တိုက်ခိုက်ဖူးပြီး ရှုံးနိမ့်ခဲ့သော်လည်း လက်မခံနိုင်သေးဘဲ အခွင့်အရေး ရတိုင်း ရှောင်ဖန်ကို လှောင်ပြောင်ချင်နေသည်။
"ဟုတ်တယ် အစ်ကိုကြီးလုံ... ခင်ဗျားက လုံမိသားစု မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်လေ။ ဘယ်လိုလုပ် သာမန် နေအိမ်သမက် တစ်ယောက်ကို မယှဉ်နိုင်ရမှာလဲ"
စကားပြောလိုက်သူသည် လုံရှောင်ထျန်ကို လေးစားသော မျက်နှာထားဖြင့် ကြည့်လိုက်သော်လည်း ရှောင်ဖန်ကို ကြည့်သောအခါတွင်မူ ဖုံးကွယ်မထားနိုင်သော အထင်သေးမှုများ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။
"ဟဲဟဲ... ငါ အမှန်အတိုင်း ပြောတာပါ၊ ငါ တကယ်ပဲ သူ့ပြိုင်ဘက် မဟုတ်ဘူး" လုံရှောင်ထျန် စကားကို ခေတ္တရပ်ပြီး ရယ်မောလိုက်သည်။ "ဒါ့အပြင် ဒီမှာရှိတဲ့ မင်းတို့ထဲက ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ငါ သေချာတယ်"
ဤစကားများသည် ရောက်ရှိနေသူ အားလုံး၏ မကျေနပ်မှုကို ချက်ချင်း လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။
ဒီလူတွေအားလုံးက သက်ဆိုင်ရာ မိသားစုများ၏ ပါရမီရှင်များ ဖြစ်ကြသည်။ အခု နေအိမ်သမက် တစ်ယောက်လောက်တောင် အသုံးမကျဘူးလို့ အပြောခံလိုက်ရတာလား။
ဒါက အရှက်ခွဲတာပဲ၊ ပြောင်ပြောင်တင်းတင်း အရှက်ခွဲတာပဲ။
"လုံရှောင်ထျန်... ငါ နောက်တာ မကြိုက်ဘူးဆိုတာ မင်း သိပါတယ်။ မင်း ခုနက ပြောလိုက်တဲ့ စကားကို ပြန်ရုပ်သိမ်းလိုက်တာ ပိုကောင်းမယ်"
စကားပြောလိုက်သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးများ အေးစက်နေသည်။ သူ ထိုင်ခုံတွင် ထိုင်ကတည်းက ဒါ ပထမဆုံးအကြိမ် စကားပြောခြင်း ဖြစ်သည်။
"ဝမ်ရွှမ်... ငါ လိမ်မပြောဘူး။ ငါ တကယ်ပဲ သူ့ပြိုင်ဘက် မဟုတ်ဘူး။ မင်းအတွက်ကတော့... ငါ မသိဘူး" လုံရှောင်ထျန် ခပ်ဖျော့ဖျော့ ပြုံးလျက် အေးဆေးစွာ ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ရှောင်ဖန်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ရှောင်ဖန်သည် အစမှ အဆုံးထိ စကားတစ်ခွန်းမှ မပြောသော်လည်း ရောက်ရှိနေသူ အားလုံး၏ ရန်သူ ဖြစ်နေပြီ။
လုံမြောင်ယင်၏ မျက်နှာထားလည်း အလွန် ဆိုးရွားနေသည်။ သူမ၏ အစ်ကိုနှစ်ယောက်က ဒီနေရာမှာ ဟန်ချက်ညီညီ ပူးပေါင်းပြီး ရှောင်ဖန်ကို ရန်သူအဖြစ် ဖန်တီးလိုက်ကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဟဲဟဲ... ရှောင်ထျန်ရဲ့ စကားက ငါ့ရဲ့ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်ပြီ။ မင်းနာမည်က ရှောင်ဖန် ဟုတ်လား။ ကျင်ချွမ်းမြို့ ရှောင်မိသားစုက ရှောင်ထျန်အကြောင်း ငါ ကြားဖူးတယ်။ သူက တကယ့် ပါရမီရှင်ပဲ။ မြူခိုးနတ်နန်းတော်က ရွေးချယ်ပြီး တပည့်အဖြစ် ခေါ်သွားတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူ့အစ်ကိုကတော့ 'အသုံးမကျတဲ့ကောင်' လို့ ပြောကြတယ်" စကားပြောသူမှာ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်ပြီး ရှောင်ဖန်ကို ရန်စသော အကြည့်ဖြင့် ကြည့်နေသည်။
"နေအိမ်သမက် တစ်ယောက်က ဘယ်လောက်တောင် အစွမ်းထက်မှာမို့လို့လဲ" တစ်စုံတစ်ယောက်က အထင်သေးစွာ ပြောလိုက်ရာ ရောက်ရှိနေသူ အများစု၏ ခံစားချက်ကို ကိုယ်စားပြုလိုက်သလို ဖြစ်သွားသည်။
လူအုပ်ကြီးသည် ရှောင်ဖန်ကို တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်လာကြသည်။ ဘေးတွင် ရပ်နေသော လုံမြောင်ယင်မှာ မကျေမနပ် ဖြစ်နေသည်။ သူမ မတ်တပ်ရပ်ပြီး ရှောင်ဖန်ဘက်မှ ပြောပေးချင်သော်လည်း ရှောင်ဖန်က သူမကို ထိုင်ခုံတွင် ပြန်ထိုင်စေလိုက်သည်။
"ငါက အသုံးမကျတဲ့ကောင် ဖြစ်နိုင်ပါတယ်... ဒါပေမဲ့..." ရှောင်ဖန် ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ထိုလူများ၏ မျက်နှာများကို တစ်ယောက်ချင်းစီ မှတ်သားထားလိုက်သည်။ ထို့နောက် ခပ်ဖျော့ဖျော့ ပြုံးကာ "ဒါပေမဲ့ ငါ့ထက်တောင် ပိုဆိုးတဲ့ မင်းတို့က အမှိုက်ထက်တောင် ပိုဆိုးနေတာ မဟုတ်ဘူးလား"
မောက်မာလိုက်တာ။
မောက်မာလိုက်တာ။
ဤသူအားလုံးသည် သက်ဆိုင်ရာ မိသားစုများ၏ ပါရမီရှင်များ ဖြစ်ကြပြီး မည်သူကမျှ မိန်းမအိမ်တွင် နေရသော နေအိမ်သမက် တစ်ဦး၏ အရှက်ခွဲမှုကို သည်းမခံနိုင်ကြပေ။ အချို့ဆိုလျှင် ချက်ချင်း ရန်လိုလာကြသည်။
"ရှောင်ဖန်... မင်း ငါနဲ့ တိုက်ရဲလား"
"အသုံးမကျတဲ့ကောင်... မင်း ငါနဲ့ ယှဉ်ပြိုင်ရဲလား။ လူကောင်းတစ်ယောက် ဘယ်လိုနေရမလဲ ဆိုတာ မင်းကို သင်ပေးရမလား"
...
"စိတ်လျှော့ကြပါဗျာ။ ဒီနေ့က ကျွန်တော့်အဖေ မွေးနေ့ပွဲလေ။ ပွဲပျက်အောင် မလုပ်ကြပါနဲ့"
လုံရှောင်ထျန်နှင့် လုံယိတို့က ဖျောင်းဖျသလို လုပ်နေသော်လည်း သူတို့၏ နှုတ်ခမ်းထောင့်များတွင် မသိမသာ ပြုံးယောင်သမ်းနေသည်။
လုံမြောင်ယင်နှင့် ရှောင်ဖန်ကို မွေးနေ့ပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းမှာ သူတို့၏ အကြံဉာဏ် ဖြစ်သလို၊ ထမင်းစားပွဲဝိုင်းတွင် ရှောင်ဖန်ကို ရန်သူများ ဝိုင်းလာအောင် လုပ်ရန် ကြိုတင် စီစဉ်ထားခြင်းလည်း ဖြစ်သည်။
ရှောင်ဖန်... မင်းက တိုက်ခိုက်တာ တော်တယ် မဟုတ်လား။
မင်း ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ ဒီမှာရှိတဲ့ လူတိုင်းကို အနိုင်ယူနိုင်ပါ့မလား။
လင်းချွမ်းမြို့ ဝမ်မိသားစုမှ ဝမ်ရွှမ်သည် ချီပြောင်းလဲခြင်းအဆင့် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အသက်ကြီးနေသောကြောင့်သာ မြူခိုးနတ်နန်းတော်၏ ရွေးချယ်ခြင်းကို မခံခဲ့ရခြင်း ဖြစ်သည်။ အခြားသူများထဲတွင်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားသူ အနည်းငယ် ရှိနေသေးသည်။
ဒီဆူညံသံများသည် ဘေးပတ်ဝန်းကျင်မှ လူများ၏ အာရုံစိုက်မှုကို သဘာဝကျကျပင် ဆွဲဆောင်ခဲ့သည်။
လုံအန်းဟိုင် မျက်မှောင်ကြုတ်လိုက်ပြီး "ရှောင်ထျန်... မင်းတို့ ဘာတွေ ငြင်းခုန်နေကြတာလဲ" ဟု မေးလိုက်သည်။
ငါ့မွေးနေ့ပွဲမှာ ဟိုဘက်က ဒီလောက် ဆူညံနေရတာ ဘယ်လို အပြုအမူမျိုးလဲ။
"အဖေ... ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က ရှောင်ဖန် အရမ်း သန်မာတယ်၊ ကျွန်တော်တောင် သူ့ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောလိုက်တာပါ။ အဲဒါကို လူတိုင်းက မယုံဘဲ ရှောင်ဖန်ရဲ့ အင်အားကို သိရအောင် စိန်ခေါ်ချင်နေကြတာပါ"
ခန်းမထဲရှိ လူအုပ်ကြီး ဆူညံသွားကြသည်။
လုံရှောင်ထျန် ရှုံးနိမ့်ခဲ့ခြင်းသည် လျှို့ဝှက်ချက် မဟုတ်ပေ။ ကျင်ချွမ်းမြို့ရှိ လူတိုင်း သိကြသည်။
သို့သော် ပြင်ပလူများက သိပ်မသိကြသလို လုံရှောင်ထျန်ကို အနိုင်ယူနိုင်သော ဤနေအိမ်သမက်၏ အင်အားကိုလည်း သိချင်နေကြသည်။
"ဟားဟား... ဒါ အကြံကောင်းပဲလို့ ငါထင်တယ်။ စားနေရုံပဲ ဆိုရင် ပျင်းစရာကြီးလေ။ ပြိုင်ပွဲစင်မြင့်တစ်ခု လုပ်ပြီး ပွဲကြည့်ကြတာပေါ့" လုံအန်းဟိုင်၏ ဘေးတွင် ထိုင်နေသော ဝမ်မိသားစု အကြီးအကဲက ပြုံးလျက် ပြောသည်။
"ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်။ တိုက်ပွဲ ဖြစ်လာရင် တော်တော် စိတ်ဝင်စားစရာ ကောင်းမှာပဲ"
"ဟဲဟဲ... လူငယ်တွေ ယှဉ်ပြိုင်ပြီး အချင်းချင်း သင်ယူဖို့ အခွင့်အလမ်းကောင်းပဲလို့ ထင်တယ်"
လူငယ်တွေ ယှဉ်ပြိုင်ကြတာ၊ အချင်းချင်း လေ့လာသင်ယူကြတာက ပုံမှန်ပါပဲ။ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ပြောနေကြသည်ကို မြင်သောအခါ လုံအန်းဟိုင် ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင် စင်မြင့်တစ်ခု လုပ်ပေးလိုက်ပြီး ဒီလူငယ်လေးတွေကို ယှဉ်ပြိုင်ခိုင်းလိုက်ကြတာပေါ့"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: