အခန်း ၂၅ - လည်ချောင်းချိုး သော့ခတ်ခြင်း၏ စွမ်းအား
ဒီတိုက်ပွဲက ရှောင်ဖန်အတွက် အလွန် အကျိုးမရှိပေ။
ရွှမ်အမြုတေအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်းသည် သေစေနိုင်သည့် အရာဖြစ်သည်။
ရှောင်ဖန် သွေးအန်လိုက်ပြီး ဝမ်ရွှမ်ကို မော့ကြည့်လိုက်သည်။ တိုက်ပွဲအတွင်း ဝမ်ရွှမ်ကို အကြိမ်အနည်းငယ် ထိအောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် ဝမ်ရွှမ်မှာ အတွင်းဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။
သို့သော် ရှောင်ဖန်နှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
"ရှောင်ဖန်က သန်မာပေမဲ့ သင့်တော်တဲ့ လက်နက် မရှိတာကြောင့် အကြီးအကျယ် နစ်နာသွားတာပဲ..."
"အဲဒါ မဟုတ်သေးဘူး။ ဘာပဲပြောပြော ဝမ်ရွှမ်က ဓားကျင့်ကြံသူလေ၊ ဓားသုံးမှ သူ့အစွမ်းအစ အပြည့်အဝ ထုတ်နိုင်မှာ"
...
လူအများအပြား ဆွေးနွေးလာကြသည်။ ရောက်ရှိနေသူ အများစုသည် ရှောင်ဖန်အပေါ်ထားရှိသော အမြင်များ ပြောင်းလဲသွားပြီ ဖြစ်သည်။
ဘာပဲပြောပြော ရှောင်ဖန်၏ အင်အားနှင့် ပါရမီသည် သူ့ကို အလေးထား ဆက်ဆံရန် လုံလောက်သည်။
လုံမြောင်ယင်၏ မျက်နှာကို ပုဝါအုပ်ထားသဖြင့် မည်သူကမျှ သူမ၏ မျက်နှာအမူအရာကို မမြင်နိုင်ကြပေ။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင် စိတ်ပူပန်မှုများနှင့် ပြည့်နှက်နေသည်။
လုံယိသည် ဘေးတစ်ဖက်တွင် ရပ်နေပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။ ရှောင်ဖန် ဒဏ်ရာရနေသည်ကို မြင်ရသဖြင့် သူ အလွန် ပျော်ရွှင်နေသည်။
"လုပ်လိုက်... ရှောင်ဖန်ကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ..." လုံယိ စိတ်ထဲတွင် ကြိတ်ကြံစည်နေသည်။
လုံရှောင်ထျန်၏ မျက်နှာထားမှာ ရှုပ်ထွေးနေသည်။ လုံမိသားစု၏ တိုက်ရိုက် သွေးသား ဆက်ခံသူနှင့် မျိုးဆက်သစ်များ၏ ဂုဏ်ယူစရာ တစ်ယောက်အနေဖြင့် သူ ရှောင်ဖန်ကို ရှုံးနိမ့်ခဲ့သည်။ သူသည် ယောက်ျားပီသစွာ လက်ခံပြီး အနာဂတ်တွင် ပြန်လည် စိန်ခေါ်ရန် အခွင့်အရေး ရှာသင့်သည်။
သို့သော် သူကိုယ်တိုင်က လုံယိ၏ အကြံပြုချက်ဖြစ်သော ရှောင်ဖန်နှင့် အခြားသူများအကြား ရန်တိုက်ပေးခြင်းကို သဘောတူခဲ့သည်။
ဝမ်ရွှမ်သည် ရှောင်ဖန်ကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ "မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ဆက်တိုက်နေလို့ အဓိပ္ပာယ် မရှိဘူး။ နောက်ဆုံးကျရင် မင်းပဲ အားကုန်သွားလိမ့်မယ်"
အကယ်၍ ရှောင်ဖန်တွင် အသေခံဗျူဟာမရှိဘဲ ဒီအတိုင်းသာ ဆက်တိုက်နေပါက သူသည် ဝမ်ရွှမ်ထက် ဦးစွာ အားကုန်သွားလိမ့်မည် ဖြစ်သည်။
ရှောင်ဖန် ဒေါသမထွက်ပေ။ အစား သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဟဲဟဲ... မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ" ဟု ပြောလိုက်သည်။
ဝမ်ရွှမ် မျက်မှောင်ကြုတ်လိုက်သော်လည်း ပြန်လျှော့လိုက်ပြီး "မင်းရဲ့ ဇွဲကို ငါ လေးစားတယ်။ ဒါဆို ဆက်ကြတာပေါ့" ဟု ပြောလိုက်သည်။
ဝမ်ရွှမ် မြူဖြူဓားကို ကိုင်ဆောင်ပြီး ရှေ့သို့ ပြေးဝင်လာသည်။ သူ့အရှိန်အဝါ မြင့်တက်လာပြီး မြူဖြူဓား ခုတ်ပိုင်းလိုက်သည့် နေရာတိုင်းတွင် အဖြူရောင် အလင်းတန်းများ လက်သွားသည်။
ရှောင်ဖန် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကျင့်ကြံမှုစွမ်းအားကို အကန့်အသတ်ထိ တွန်းပို့လိုက်သည်။ ထို့နောက် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားသည်။ တိုက်ခိုက်မှုကို ရှောင်ရှားရန် ဝမ်ရွှမ်နှင့် အကွာအဝေး တစ်ခု ထားမည့်အစား သူ တန်းတန်းမတ်မတ် ဝင်ရောက်ပြီး အနီးကပ် တိုက်ပွဲ ဆင်နွှဲလိုက်သည်။
တကယ်တော့ ဓားကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် အနီးကပ် တိုက်ပွဲ၌ တစ်ကွက်တည်းဖြင့် အနိုင်မယူနိုင်ပါက ကိုယ်တိုင်သာ နစ်နာသွားမည် ဖြစ်သည်။
အကောင်းဆုံး နည်းလမ်းမှာ အကွာအဝေး တစ်ခု ထိန်းထားပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်ရှားကာ အခွင့်အရေးရမှ ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။
ရှောင်ဖန်သည် အနီးကပ် တိုက်ပွဲကိုသာ အမြဲ ဆင်နွှဲနေသဖြင့် ဝမ်ရွှမ် အပါအဝင် လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။ ရှောင်ဖန်က ဒီအချက်တွေကို နားမလည်လောက်အောင် အတယ်လို့ သူ မယုံကြည်ပေ။
ဝမ်ရွှမ် မေးလိုက်သည် - "အနီးကပ် တိုက်ပွဲက သိပ်မထိရောက်ဘူးဆိုတာ မင်း မသိဘူးလား"
သို့သော် ရှောင်ဖန် နှုတ်ခမ်းမဲ့ရုံသာ မဲ့လိုက်ပြီး လျစ်လျူရှုကာ သူ့ပုံစံအတိုင်း ဆက်လက် တိုက်ခိုက်နေသည်။
ဝမ်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ခုခု မှားနေသည်ဟု ခံစားနေရသော်လည်း ဘာလဲဆိုတာ သူ စဉ်းစားမရပေ။
နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်ကြပြီးနောက် ရှောင်ဖန်၏ ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယို ဒဏ်ရာ အနည်းငယ် ထပ်တိုးလာသည်။ သို့သော် ဝမ်ရွှမ်သည် ရှောင်ဖန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုကို မမြင်ရဘဲ... စိတ်လှုပ်ရှားနေမှုကိုသာ မြင်တွေ့နေရသည်။
"ဒါ ဖြစ်နိုင်ပါ့မလား"
ဝမ်ရွှမ် မကောင်းသော အတွေးများ ဝင်ရောက်လာသော်လည်း ခေါင်းခါပြီး ငြင်းပယ်လိုက်သည်။ သူ အတွေးလွန်နေတာ ဖြစ်ရမယ်ဟု တွေးလိုက်သည်။
ဒီတိုက်ပွဲက ကြာရှည်လွန်းနေပြီ။ ဝမ်ရွှမ် အဆုံးမသတ်ချင်၍ မဟုတ်ဘဲ ရှောင်ဖန်က ဇွဲကောင်းလွန်းနေသည်။ ဓားချက် ဘယ်လောက်ပဲ ထိထိ သူ မတ်တပ်ရပ်နေဆဲပင်။
"မင်းတို့ ထူးဆန်းတယ်လို့ မထင်ဘူးလား..."
"ဟုတ်တယ်၊ ပုံမှန်လူသာဆိုရင် နိုင်ဖို့ အခွင့်အရေး မရှိမှန်း သိရင် ဒီလောက်ထိ တိုက်ခိုက်ပြီးတဲ့နောက် အရှုံးပေးလိုက်ပြီ။ ဒါပေမဲ့ ရှောင်ဖန်က..."
ဝမ်မိသားစု အကြီးအကဲများကပင် "ဝမ်ရွှမ်က အစွမ်းကုန် တိုက်ခိုက်နေတာတောင် တစ်ဖက်လူက တောင့်ခံထားနိုင်သေးတယ်၊ တကယ် ထူးဆန်းတယ်..." ဟု မှတ်ချက်ပြုကြသည်။
ဒီအကြီးအကဲတွေ အကုန်လုံးက ကျွမ်းကျင်သူတွေ ဖြစ်ကြသဖြင့် တိုက်ပွဲမှာ တစ်ခုခု မှားနေကြောင်း သဘာဝကျကျပင် မြင်နိုင်သည်။ လူတိုင်း သိချင်နေကြသော်လည်း မည်သူကမျှ အဖြေမရှာနိုင်ကြပေ။
သို့သော် မိသားစုများမှ လူငယ်မျိုးဆက်များကမူ ထိုသို့ မထင်ကြပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့် မလုံလောက်သလို အမြင်အာရုံလည်း နိမ့်ကျသဖြင့် ထိုအရာများကို နားမလည်နိုင်ကြပေ။
သို့သော် သူတို့သည် ရှောင်ဖန် နေအိမ်သမက် ဖြစ်နေခြင်းကို အလွန် မကျေမနပ် ဖြစ်နေကြသည်။ သူတို့သည် ခုနကမှ ရှောင်ဖန်၏ အရှက်ခွဲမှုကို ခံလိုက်ရသဖြင့် ဝမ်ရွှမ် ရှေ့ထွက်လာသည်ကို ဝမ်းသာနေကြသည်။
"ဝမ်ရွှမ်... မြန်မြန်လုပ်ပြီး ဟိုဘက်က နေအိမ်သမက်ကို အနိုင်ယူလိုက်စမ်းပါ"
"ရှောင်ဖန်... မင်း အရှုံးပေးလိုက်ပြီး နေအိမ်သမက် လုပ်ဖို့ လိမ္မာစွာ ပြန်သွားလိုက်ပါတော့..."
......
ဘေးနားမှ လူတစ်ယောက် ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ လုံယိ ပြုံးလိုက်သည်။ အခြေအနေသာ မပေးရင် သူပါ ဝင်ပြီး လှောင်ပြောင်လိုက်ဦးမည်။
ဒါကို ကြားသောအခါ ရှောင်ဖန် ထိုလူအုပ်စုကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူ့၏ အေးစက်သော အကြည့်အောက်တွင် ထိုမိသားစုဝင်များ ကြောက်လန့်သွားပြီး ဆက်မပြောရဲကြတော့ပေ။
ထို့နောက် ရှောင်ဖန်က ဝမ်ရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဆက်ကြရအောင်... ပြီးတော့ မင်းကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်"
ကျေးဇူးတင်တယ် ဟုတ်လား။
ရှောင်ဖန် ဘာကို ဆိုလိုသလဲ ဆိုတာ နားလည်သူ အနည်းငယ်သာ ရှိသည်။ အထူးသဖြင့် မိသားစုဝင်များ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး "ကျေးဇူးတင်တယ်" ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆိုတာ စဉ်းစားမရ ဖြစ်နေကြသည်။
သို့သော် လေထဲတွင် ရှိနေသော လုံမိသားစု ဘိုးဘေးကမူ အံ့ဩတကြီး ရေရွတ်လိုက်သည်။ "ငါ အရင်က ဒီကောင်လေးကို လျှော့တွက်မိသွားတယ် ထင်တယ်။ သူ့ပါရမီက ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး..."
"သူ့မှာ တကယ်ပဲ အထူးအခွင့်အရေး မရှိဘဲ မွေးရာပါ ပါရမီ သက်သက်ပဲ ဖြစ်လောက်တယ်"
...
ဝမ်ရွှမ် မကောင်းသော ခံစားချက် တစ်ခု ရရှိလိုက်ပြီး တစ်ဖက်လူက သူ့ကို ဒီလို ပြောလိုက်သဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
"ရှောင်ဖန်... ခေါင်းမာမနေပါနဲ့တော့။ မင်း ငါ့ကို ဆက်တိုက်ခိုက်နေရင် ငါ ညှာတာတော့မှာ မဟုတ်ဘူး"
ဒါကို ကြားသောအခါ ရှောင်ဖန် ပြုံးလိုက်သည်။ "ကျေးဇူးတင်တဲ့ အနေနဲ့ မပူပါနဲ့၊ ငါ မင်းကို ညှာတာပေးပါ့မယ်"
ရှောင်ဖန် ဝမ်ရွှမ်အနားသို့ နောက်တစ်ကြိမ် ကပ်သွားပြီး ယခင်ကကဲ့သို့ အနီးကပ် တိုက်ပွဲ ဆင်နွှဲရန် ရည်ရွယ်လိုက်သည်။
သို့သော် ကွာခြားချက်မှာ ရှောင်ဖန်၏ အမြန်နှုန်းသည် ယခင်ကထက် ပိုမို လျင်မြန်လာပုံ ရသည်။
"မကောင်းတော့ဘူး..."
သွေးများ ပေကျံနေသော အဖြူရောင် ဝတ်စုံတစ်ခု မျက်စိရှေ့မှ ဖြတ်ပြေးသွားပြီး ဝမ်ရွှမ် လန့်ဖျပ်သွားသည်။ ဒီတစ်ကြိမ်တွင် တစ်ဖက်လူထံမှ အန္တရာယ်ကို သူ အာရုံခံမိလိုက်သည် - အလွန် ကြီးမားသော အန္တရာယ်။
သူ နောက်ဆုတ်ရန် ကြိုးစားသော်လည်း ရှောင်ဖန်က အနားရောက်နေပြီ ဖြစ်သဖြင့် အခွင့်အရေး မပေးတော့ပေ။
ရှောင်ဖန် အောက်ဘက်မှနေ၍ ရုတ်တရက် ခုန်တက်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။ ဝမ်ရွှမ် တုန်လှုပ်နေပြီး ရှောင်ဖန်က ပြုံးနေသည်။
သို့သော် ဝမ်ရွှမ်အတွက်မူ ထိုအပြုံးသည် နတ်ဆိုးတစ်ကောင်၏ လက်ချက်ကဲ့သို့ ဖြစ်နေသည်...
"သေစမ်း။"
ဝမ်ရွှမ် ဆဲဆိုလိုက်ပြီး ရှောင်ဖန်ကို ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်...
"လည်ချောင်းချိုး သော့ခတ်ခြင်း"
ရှောင်ဖန် တိုးတိုးလေး အော်လိုက်ပြီး ညာလက်ဖြင့် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်သည်။ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိသမျှ စွမ်းအင်အားလုံးကို ထိုလက်သင်္ကေတထဲသို့ ထည့်သွင်းလိုက်ရာ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အံ့မခန်း အရှိန်အဝါ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ဝမ်ရွှမ်၏ လည်ချောင်းဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"နေဦး" ဝမ်မိသားစု အကြီးအကဲ ထိတ်လန့်တကြား အော်လိုက်သော်လည်း တားဆီးရန် အချိန်မမီတော့ပေ။
ရှောင်ဖန်၏ တိုက်ကွက်မှ ထွက်ပေါ်လာသော အရှိန်အဟုန်မှာ အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ကြောင်အမ်းသွားကြသည်။
အဘိုးအို၏ စကားကို ကြားလိုက်၍လား၊ ရှောင်ဖန် ကိုယ်တိုင် ဆုံးဖြတ်လိုက်၍လား မသိသော်လည်း ညာလက်သင်္ကေတသည် လည်ချောင်းသို့ ရောက်ခါနီးတွင် လမ်းကြောင်း ပြောင်းသွားပြီး ရင်ဘတ်ဆီသို့ ရိုက်ချလိုက်သည်။
ဝမ်ရွှမ် လက်သင်္ကေတ၏ ရိုက်ချက်ကို ခံလိုက်ရသောအခါ သူ့စိတ်ထဲ ဗလာကျင်းသွားသည်။ ရင်ဘတ်ထဲမှ အရိုးကျိုးသံကိုသာ ကြားလိုက်ရပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားကာ မီတာ ၂၀ ကျော် လွင့်သွားပြီးမှ နံရံကို ဝင်တိုက်မိပြီး ရပ်တန့်သွားလေသည်။
သူ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သတိလစ်သွားလေသည်။
ဝမ်ရွှမ် သေမလား ရှင်မလား သွားရောက် စစ်ဆေးနေသော ဝမ်မိသားစု အကြီးအကဲများမှလွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: