ကျုံးလျန်နှင့် လီရီတို့ အပြေးအလွှား ရောက်လာကြသည်။

သူတို့ လမ်းမှာ ယဲ့ထျန်းနဲ့ လူလတ်ပိုင်း တစ်ယောက် အမြန် ထွက်လာတာကို တွေ့လိုက်ရလို့ အစီအစဉ် အမြန် စဖို့ ရောက်လာတာ။

အမျိုးသမီး ၃ ယောက်က ဘာမှ ပြန်မပြောဘဲ ဒီတိုင်း ရပ်နေကြသည်။

ကျုံးလျန်က ရွံရှာစွာ ကြည့်ပြီး "ဘာရပ်လုပ်နေတာလဲ။ ငါ ပြောတာ မကြားဘူးလား။ ငါတို့နောက် လိုက်ခဲ့။ ကိစ္စပြီးရင် ပိုက်ဆံ အကျေပေးမယ်" ဟု ပြောလိုက်သည်။

တွဲကူခံထားရတဲ့ အစ်မကြီးက ခဏ တွန့်ဆုတ်ပြီးနောက် အားနည်းတဲ့ အသံနဲ့ "ဆောရီးပါ... ကျွန်မတို့ မလုပ်နိုင်တော့ပါဘူး။ ပိုက်ဆံ ပြန်ပေးပါ့မယ်" ဟု ပြောလိုက်သည်။

ပြောရင်းနဲ့ အိတ်ထဲက ပိုက်ဆံတွေကို ထုတ်ပြီး မြေကြီးပေါ် ချပေးလိုက်သည်။

"ဘာ..." ကျုံးလျန် အသံက ၈ ဆင့်လောက် မြင့်တက်သွားသည်။ "ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း"

"သဘောတူထားပြီးပြီလေ။ ပိုက်ဆံလည်း ယူထားပြီးပြီ။ အခုမှ စကား ပြန်ရုပ်သိမ်းလို့ ရမလား"

ကျုံးလျန် တစ်ခုခု သတိရသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ဘာလဲ... အခွင့်ကောင်းယူပြီး ဈေးကိုင်ချင်တာလား"

"ငါ ပြောမယ်... မရဘူး။ ပိုက်ဆံ ယူပြီးမှတော့ ဒီကိစ္စကို လုပ်ကို လုပ်ရမယ်"

ဒုတိယ ညီမက ဒေါသထွက်သွားသည်။ "ဘာလို့လဲ။ ကျွန်မတို့က ရောင်းထားတာမှ မဟုတ်တာ။ ပိုက်ဆံ ပြန်ပေးနေတာပဲလေ"

ကျုံးလျန်က ရက်စက်စွာ ပြောလိုက်သည်။ "မင်းတို့လို တစ္ဆေ သရဲ ပုံစံနဲ့ လူတွေကို ဘယ်သူက ထိချင်မှာလဲ"

"ငါ မတော်တဆ မင်းတို့ ရောဂါ ကူးစက်သွားရင် ဘယ်လောက် ကံဆိုးမလဲ"

"အခု ငါ ပြောမယ်... မင်းတို့ မလုပ်ရင် လိမ်လည်မှုနဲ့ ရဲတိုင်လိုက်မယ်"

ဘေးနားက လီရီလည်း ဝင်ခြိမ်းခြောက်သည်။ "သောက်ကျိုးနည်း... ရုပ်ဆိုးမတွေ၊ စကားများမနေနဲ့။ ငါ ပြောတဲ့အတိုင်း လုပ်"

"မဟုတ်ရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်။ ငါနဲ့ လာဈေးဆစ်နေတာလား။ မင်းတို့ ရုပ်ကို ကြည့်ဦး၊ ငါ အန်ချင်လာပြီ"

"ဒီကိစ္စသာ မရှိရင် ငါ့ရှေ့ လာပြရဲတာနဲ့တင် သတ်ပစ်လိုက်ပြီ။ အခု နားပူနားဆာ လာလုပ်နေသေးတယ်"

"ငါက မြို့တော်ဝန်ရဲ့ သားကွ။ ငါ့စကား နားမထောင်ရင် မင်းတို့ သေပြီသာ မှတ်။ မင်းတို့တင် မကဘူး၊ မင်းတို့ ညီမလေးပါ လွတ်မှာ မဟုတ်ဘူး"

ကျုံးလျန်နဲ့ လီရီရဲ့ စကားတွေက ရိုင်းစိုင်းပြီး ခြိမ်းခြောက်မှုတွေ ပြည့်နှက်နေသည်။

အမျိုးသမီး ၃ ယောက်ရဲ့ မျက်နှာတွေက ပြည်တည်နာတွေကြောင့် ဘာအမူအရာမှန်း မသိသာပေမယ့် မျက်လုံးတွေထဲမှာ ဒေါသတွေ တောက်လောင်နေသည်။

ညီမ နှစ်ယောက်က ပြန်ပြောမလို့ လုပ်တုန်း အစ်မကြီးက တားလိုက်သည်။ အသက်ပြင်းပြင်း ရှူပြီး "ကောင်းပြီ... လုပ်ပေးမယ်။ ဒါပေမဲ့ ကျန်တဲ့ ပိုက်ဆံ အရင် ပေး" ဟု ပြောလိုက်သည်။

"အစ်မကြီး..."

ညီမ နှစ်ယောက် စိုးရိမ်သွားသည်။ သဘောတူထားပြီးပြီလေ။ ဘာလို့ စကားပြင်တာလဲ။

"ငါ့မှာ အကြံရှိတယ်"

အစ်မကြီးက သူတို့ကို မျက်ရိပ်ပြလိုက်သည်။

အစ်မကြီး စကားကို ကြားတော့ လီရီ ဝမ်းသာသွားပြီးမှ "ပိုက်ဆံ ယူပြီးရင် လုပ်ပေးမယ် ဆိုတာ ဘယ်လို ယုံရမလဲ" ဟု မေးလိုက်သည်။

အစ်မကြီးက သရော်လိုက်သည်။ "ရှင်က မြို့တော်ဝန် သားပဲ။ ကျွန်မတို့လို ရုပ်ဆိုးမတွေကို ကြောက်နေတာလား"

"ဟုတ်သားပဲ... မင်းတို့လို ရုပ်ဆိုးမတွေက ငါ့ကို လိမ်ရဲပါ့မလား" လီရီ ဂုဏ်ယူစွာ ပြောလိုက်သည်။ "ကောင်းပြီ... အခု ပေးမယ်"

ပြောရင်းနဲ့ ပိုက်ဆံ ထုတ်ပြီး ပစ်ပေးဖို့ ပြင်လိုက်သည်။

အစ်မကြီးက တားလိုက်သည်။ "မလုပ်နဲ့... ဒီနားမှာ CCTV တွေ ရှိတယ်။ ဒီလို ပေးလိုက်ရင် တစ်ယောက်ယောက် စုံစမ်းတဲ့အခါ ပေါ်သွားလိမ့်မယ်"

လီရီ အံ့သြသွားသည်။ "ဪ... မင်းက တော်တော် စေ့စပ်တာပဲ။ ဘယ်လို လုပ်မလဲ"

"ကျွန်မ လာယူမယ်"

ဒါကို ကြားတော့ လီရီ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နဲ့ အတူ ရပ်နေရတာတောင် မနည်း သည်းခံနေရတာ။ အနားအကပ်ခံဖို့ ဆိုတာ မဖြစ်နိုင်ဘူး။

ပိုက်ဆံပေးရင်း ထိမိပြီး ရောဂါကူးသွားရင် ဘယ်လို လုပ်မလဲ။

လီရီရဲ့ မျက်နှာထားကို ကြည့်ပြီး အစ်မကြီးက နားလည်လိုက်သည်။

"မပူပါနဲ့... ပိုက်ဆံ လာယူရင် လုံးဝ အထိမခံပါဘူး"

"ပိုက်ဆံ မပေးရင်တော့ လုံးဝ မလုပ်နိုင်ဘူး။ အခု ပြန်တော့မယ်"

လီရီ စဉ်းစားလိုက်သည်။ သူတို့ရဲ့ ပြတ်သားတဲ့ ပုံစံကို ကြည့်ပြီး ပိုက်ဆံ မပေးရင် တကယ် မလုပ်ဘူး ဆိုတာ သိလိုက်လို့ မတတ်သာဘဲ လက်ခံလိုက်သည်။

အမျိုးသမီး ၃ ယောက် လီရီနဲ့ ကျုံးလျန် နား ကပ်သွားကြသည်။

အနံ့ဆိုးတွေ ရလိုက်လို့ လီရီ မျက်မှောင်ကြုတ်ပြီး ပိုက်ဆံ ကမ်းပေးလိုက်သည်။

"ရော့... ပေးပြီးပြီ။ သေချာ လုပ်နော်..."

"သောက်ကျိုးနည်း... မင်းတို့ ဘာလုပ်တာလဲ။ ဖယ်စမ်း... ငါ့ကို လာမထိနဲ့။ သတ်ပစ်လိုက်မယ်"

လီရီ စကားမဆုံးခင် သူ့လက်ကို အစ်မကြီးက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လို့ အော်ဟစ်လိုက်သည်။

လီရီတင် မကဘူး၊ ကျုံးလျန်လည်း အော်ဟစ်လိုက်သည်။ ကျန်တဲ့ ညီမ နှစ်ယောက်က သူ့လက်တွေကို ဝိုင်းဆွဲထားလို့။

သူတို့ အော်သံတွေကြောင့် ဘေးပတ်ဝန်းကျင်က လူတွေ အာရုံစိုက်လာကြသည်။

အတန်းတက်ချိန် နီးနေပြီမို့ ကျောင်းသားတွေ ပြန်ရောက်နေကြပြီ။ ဆေးပေးခန်းက ကျောင်းအ၀င်ဝနားမှာ ဆိုတော့ လူအုပ်ကြီး စုဝေးလာကြသည်။

အစ်မကြီးက လီရီ လက်ကို ကိုင်ပြီး ငိုသံပါကြီးနဲ့ အော်ပြောလိုက်သည်။

"အရင်တုန်းက နင်တို့ နှစ်ယောက် ငါတို့ ညီမ ၃ ယောက်နဲ့ ပျော်ပါးတုန်းက ရောဂါ မရှိပါဘူး၊ ကွန်ဒုံး သုံးစရာ မလိုပါဘူး ဆို"

"အခု ဘာဖြစ်သွားလဲ။ ငါတို့ ၃ ယောက်လုံး အေအိုင်ဒီအက်စ် (AIDS) ရောဂါ ကူးပြီး ဒီလိုဘဝ ရောက်သွားပြီ"

"ဆေးကုစရာ ပိုက်ဆံ မရှိလို့ တောင်းတာတောင် မပေးဘဲ လိမ်ညာခဲ့ကြတယ်"

"အခုမှ ယွမ် သောင်းဂဏန်းလောက် ပေးပြီး ပြီးစလွယ် လုပ်ချင်နေတယ်ပေါ့။ လူစိတ် ရှိသေးရဲ့လား"

ဒါကို ကြားတော့ လီရီနဲ့ ကျုံးလျန် ကြောင်အမ်းသွားသည်။ ဘာဖြစ်သွားမှန်း မသိလိုက်။

စကားလုံးတွေနဲ့ ဇာတ်ကွက်က မှန်ပေမယ့်... ဇာတ်ကောင်တွေ မှားနေပြီလေ။

ဘေးနားက ညီမ နှစ်ယောက်လည်း ကျုံးလျန်ကို ဆွဲပြီး အော်ပြောလိုက်သည်။ "နင်တို့က သိပ်ရက်စက်တယ်။ ရောဂါ မဖြစ်ခင်တုန်းကကျတော့ ကောင်းလိုက်ကြတာ"

"အခု ရောဂါကူးအောင် လုပ်ပြီးပြီ။ ကုမရတဲ့ အေအိုင်ဒီအက်စ် ရောဂါကြီး ဖြစ်နေပြီ။ ငါတို့ကို ရုပ်ဆိုးမတွေ လို့ ခေါ်ပြီး တာဝန်မယူချင်ကြတော့ဘူးပေါ့။ ဘယ်လို လူတွေလဲဟာ"

စုဝေးလာတဲ့ ကျောင်းသားတွေ အံ့သြတုန်လှုပ်သွားကြသည်။ မယုံကြည်နိုင် ဖြစ်နေကြသည်။

"ဘုရားရေ... တကယ်ကြီးလား။ ကျုံးလျန်နဲ့ လီရီက သူတို့ကို အေအိုင်ဒီအက်စ် ရောဂါ ကူးစက်စေခဲ့တာတဲ့။ ကုမရဘူးလေ"

"မဖြစ်နိုင်တာ... ကျုံးလျန်နဲ့ လီရီက သူဌေးသားတွေလေ။ ကစားရင်တောင် အဆင့်အတန်း ရှိတဲ့သူတွေနဲ့ပဲ ကစားမှာပေါ့။ ဘယ်လိုလုပ် ဒီရောဂါ ရမှာလဲ"

"အာ... သူဌေးတွေ စိတ်ကို နင် ဘယ်သိမလဲ။ အဆင့်မြင့်တာတွေ ငြီးငွေ့ပြီး အပေါစားတွေ စမ်းကြည့်ချင်တာ နေမှာပေါ့"

"ဟုတ်တယ်... ဟိုမိန်းမ ၃ ယောက် ပုံစံ ကြည့်လိုက်။ အေအိုင်ဒီအက်စ် ရောဂါသည်တွေနဲ့ တူတယ်နော်။ ခုခံအားကျပြီး အနာတွေ ပေါက်နေတာ"

"ကြောက်စရာကြီး... ကျုံးလျန်နဲ့ လီရီက ချောချောလေးတွေ ထင်နေတာ။ ဒီလို ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ"

...

ကျောင်းသားတွေရဲ့ ဝေဖန်သံတွေ ကြားမှ လီရီနဲ့ ကျုံးလျန် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်ကြသည်။

"မယုံကြနဲ့... ဒီရုပ်ဆိုးမတွေ လျှောက်ပြောနေတာ။ ငါတို့နဲ့ ဘာမှ မဆိုင်ဘူး"

အစ်မကြီးက ဝမ်းနည်းပက်လက် အသံနဲ့ "ကောင်းပြီလေ... လီရီ၊ နင် တော်တယ်။ ဒီအဆင့် ရောက်တာတောင် မဆိုင်ဘူးလို့ ငြင်းရက်တယ်ပေါ့။ နင့်လိပ်ပြာ နင် လုံရဲ့လား"

ဒုတိယ ညီမကလည်း "ဟုတ်တယ်... ရောဂါကူးအောင် လုပ်ပြီး ထွက်ပြေးသွားတယ်။ အခုမှ ပြန်ရှာတွေ့တာကို ငြင်းနေသေးတယ်။ လူမဟုတ်ပါဘူး"

"နားမထောင်ကြနဲ့... သူတို့ ငါတို့ကို ဒုက္ခပေးချင်လို့ လုပ်နေတာ။ ပိုက်ဆံ ညှစ်ချင်လို့ လုပ်နေတာ"

လီရီ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

တတိယ ညီမက ပရိသတ်ဘက် လှည့်ပြီး "အားလုံးပဲ စဉ်းစားကြည့်ကြပါ။ ကျွန်မတို့သာ အခြေအနေ မဆိုးရင် သူတို့ကို လာရှာပါ့မလား။ တခြား ပြေးစရာ မြေ မရှိတော့လို့ပါ"

"တကယ် ရောဂါ မရှိရင် ကိုယ့်ကိုယ်ကို အေအိုင်ဒီအက်စ် ရှိပါတယ်လို့ ပြောပါ့မလား။ ဘယ်သူက ဒီနာမည်ဆိုးကို ခံယူချင်မှာလဲ"

"သူတို့ကို ဒုက္ခပေးတယ် ဟုတ်လား" ဒုတိယ ညီမ အော်ပြောလိုက်သည်။ "သူတို့သာ ရောဂါ မပေးခဲ့ရင် ကျွန်မတို့ သူတို့ကို လာရှာစရာလား"

"အခု ကျွန်မတို့ကို ရှင်းထုတ်ချင်လို့ ယွမ် သောင်းဂဏန်းလောက် ပေးပြီး မောင်းထုတ်နေတာ။ လွယ်လွယ်နဲ့ မရဘူး"

ပရိသတ်တွေ ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့ ပြောတာ ဖြစ်နိုင်တယ်။ ဒီခေတ်ကြီးမှာ အေအိုင်ဒီအက်စ် ဆိုရင် ဘယ်သူမဆို ကြောက်ကြတာ။ ဘယ်သူမှ နောက်ပြောင်ပြီး ကိုယ့်မှာ ရှိတယ်လို့ မပြောကြဘူး။

ထိုအချိန်တွင် အစာအဆိပ်သင့် အမျိုးသမီးကို စိတ်မချလို့ ယဲ့ထျန်းနဲ့ လျူချန်ရှန် ပြန်ထွက်လာရာ လူအုပ်ကြီးကို တွေ့လိုက်ရသည်။

ကျောင်းသား တစ်ယောက်ကို မေးကြည့်လိုက်သည်။ "ဘာဖြစ်တာလဲ"

အဲ့ဒီကျောင်းသားက စိတ်မရှည်ဘဲ လှည့်ကြည့်ရာ ယဲ့ထျန်း ဖြစ်နေတာ တွေ့တော့ အကျိုးအကြောင်း ရှင်းပြလိုက်သည်။

ဇာတ်လမ်းစုံ သိလိုက်ရတော့ ယဲ့ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ စောစောက ကုသပေးခဲ့တဲ့ အမျိုးသမီးရဲ့ အခြေအနေကို ပြန်စဉ်းစားမိသည်။

ယဲ့ထျန်း သိထားတာက အဲ့ဒီ အမျိုးသမီး မျက်နှာပေါ်က ပြည်တည်နာတွေက အတွင်းပိုင်း ရောဂါကြောင့် ဖြစ်တာ မဟုတ်ဘဲ၊ ပြင်ပ အကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်တာ။

ဆိုလိုတာက... အေအိုင်ဒီအက်စ် မဟုတ်ဘူး။

အေအိုင်ဒီအက်စ် မဟုတ်ရင် ဘာလို့ ဒီမိန်းမ ၃ ယောက်က ကျုံးလျန်နဲ့ လီရီကို အေအိုင်ဒီအက်စ် ကူးစက်စေခဲ့တယ်လို့ စွပ်စွဲနေတာလဲ။ ဒါက ကိုယ့်နာမည် ကိုယ်ဖျက်နေတာ မဟုတ်ဘူးလား။

သံသယ ဝင်လာပြီး ယဲ့ထျန်း လူအုပ်ကြား တိုးဝင်သွားသည်။

အလယ်မှာ လီရီနဲ့ ကျုံးလျန်က ရုန်းထွက်ဖို့ ကြိုးစားနေပေမယ့် မိန်းမ ၃ ယောက်က သန်လွန်းလို့ မရုန်းနိုင် ဖြစ်နေသည်။

ရုန်းမရတော့ လီရီ ထပ်ခြိမ်းခြောက်လိုက်သည်။

"လွှတ်စမ်း... ငါက မြို့တော်ဝန် သားကွ။ မင်းတို့ကို လွှတ်မထားဘူး"

အစ်မကြီးက အရင်လို ကြောက်ရွံ့ခြင်း မရှိတော့ဘဲ အေးဆေး ပြန်ပြောလိုက်သည်။ "မြို့တော်ဝန် သား ဖြစ်တော့ရော ဘာဖြစ်လဲ"

"ငါတို့က ဒီအခြေအနေ ရောက်နေပြီ။ သေလူနဲ့ မထူးတော့ဘူး။ ဘာကို ကြောက်ရဦးမှာလဲ"

"ဒီနေ့ အဖြေမပေးရင်... နင်တို့နဲ့ အတူ သေလိုက်မယ်"

"ဟုတ်တယ်" ညီမ နှစ်ယောက်လည်း ထောက်ခံကြသည်။

လီရီ ရူးချင်သွားပြီ။ စိတ်ဓာတ်တွေ ပြိုလဲလုနီးပါး ဖြစ်နေပြီး ကယောင်ကတမ်း အော်ဟစ်လိုက်သည်။

"မင်းတို့ ရူးနေလား။ ဘာအဖြေ ပေးရမှာလဲ။ မင်းတို့ ရောဂါက ငါတို့နဲ့ ဘာဆိုင်လို့လဲ"

"မဆိုင်ဘူး ဟုတ်လား။ မဆိုင်ရင် ငါတို့က နင်တို့ကို ဘာလို့ လာရှာမှာလဲ။ နင်တို့ နာမည်တွေကို ဘယ်လို သိမှာလဲ"

အစ်မကြီးက အေးစက်စွာ ပြောလိုက်သည်။

ဒါကို ကြားတော့ ပရိသတ်တွေ ပိုယုံကြည်သွားကြသည်။ ဟုတ်တယ်လေ... မသိရင် ဘယ်လိုလုပ် နာမည်တွေ သိမှာလဲ။

"မင်းတို့... ဒီမိန်းမတွေ ပြောတာ နားမထောင်ကြနဲ့။ ငါတို့ တကယ် မသိပါဘူး။ ငါ သူတို့ကို ပိုက်ဆံပေးပြီး ယဲ့ထျန်းကို ဒုက္ခပေးခိုင်းထားတာပါ"

အလောတကြီးနဲ့ လီရီ အမှန်တိုင်း ဖွင့်ပြောလိုက်မိသည်။ ဒီမိန်းမတွေနဲ့ မပတ်သက်ဘူး ဆိုတာ သက်သေပြချင်လွန်းလို့ ပါးစပ်က လွတ်ထွက်သွားတာ။

လီရီ စကားဆုံးတာနဲ့ အမျိုးသမီး ၃ ယောက် ချက်ချင်း လက်လွှတ်ပေးလိုက်ပြီး နောက်ဆုတ်သွားကြသည်။ မျက်နှာပေါ်မှာ အပြုံးတွေ ပေါ်လာသည်။ ဒီစကားကို စောင့်နေသလိုမျိုး။

တိတ်ဆိတ်သွားသည်။ ခန်းမတစ်ခုလုံး သုသာန်တစပြင်လို တိတ်ဆိတ်သွားသည်။