လီမိုရဲ့ အဖေအကြောင်း ပြောကြရင်း အဘိုးနဲ့ အဘွားရဲ့ မျက်နှာထားတွေက ရှုပ်ထွေးနေတယ်။ နှစ်တွေ အများကြီး ကြာခဲ့ပြီ ဆိုပေမယ့်... သူတို့ လက်ခံနိုင်သွားပြီ ဆိုပေမယ့်... မိဘတွေက သားသမီးတွေကို မြှုပ်နှံရတဲ့ ဝမ်းနည်းမှုက ပျောက်ကွယ်သွားခြင်း မရှိသေးဘူး။ ကိုယ့်သားအရင်းလေ။ ပြောရင်းနဲ့ ခံစားချက်တွေ ရှုပ်ထွေးပြီး ဝမ်းနည်းလာကြတယ်။ အထူးသဖြင့် အဘွားဆိုရင်... မျက်ရည်တွေ ဝဲလာတယ်။

"ဘာလို့ ငိုနေတာလဲ... မငိုနဲ့တော့လေ။ ဒီလောက် အသက်ကြီးနေပြီ... မရှက်ဘူးလား" အဘိုးက အဘွားကို အမြန် နှစ်သိမ့်လိုက်တယ်။

"လေတိုက်လို့ မျက်လုံးနာသွားတာပါ"

"အေးပါ... ဟုတ်ပါပြီ"

"ရှင်က မယုံတဲ့ ပုံစံနဲ့ ပြောနေတာလား"

"ယုံပါတယ်... ဘယ်လိုလုပ် မယုံဘဲ နေမလဲ"

"ဒါမှ ဟုတ်မှာပေါ့။ ရှောင်မို အတွက် ကြက်ဥနဲ့ ကောက်ညှင်းပေါင်းချို သွားလုပ်လိုက်ဦးမယ်။ ရှင်ရော တစ်ပန်းကန်လောက် စားမလား"

"အခုလေးတင် စားထားတာလေ... ဘယ်လိုလုပ် ထပ်စားနိုင်မှာလဲ။ ပြီးတော့ ရှောင်မို စားလာတယ် ဆိုရင်တောင်... သူ စားနိုင်ပါ့မလား။ အပိုအလုပ်တွေ မလုပ်ပါနဲ့"

"ရှောင်မို စားမစား ဆိုတာ သူ့ကိစ္စ... ငါ ချက်မချက် ဆိုတာ ငါ့ကိစ္စ။ မြေးလေး ပြန်လာတုန်းလေး ချက်ကျွေးတာ ဘာဖြစ်လို့လဲ"

"အေးပါ... အေးပါ... ချက်ချင် ချက်ပါတော့။ ငါက နင့်နဲ့ ရန်ဖြစ်ချင်တာမှ မဟုတ်တာ... ဘာလို့ အဲ့လောက် စိတ်ဆတ်နေတာလဲ"

"ဟွန်း"

အဘွားက နှာခေါင်းရှုံ့ပြီး မီးဖိုချောင်ဘက် ထွက်သွားတယ်။

ဒါကို ကြည့်ပြီး အဘိုး ခေါင်းခါလိုက်တယ်။ ပြီးတော့... အိမ်ရှေ့က လီမိုရဲ့ ကားနား လျှောက်သွားပြီး သေချာ ကြည့်လိုက်တယ်။

"ဒီကားက တကယ် လှတာပဲ"

"ရှောင်မိုကား ဟုတ်မဟုတ်တော့ မသိဘူး"

"တကယ်လို့ ရှောင်မိုကား ဆိုရင်... ဒီကားဝယ်နိုင်ဖို့ သူ ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ။ ဟူး..."

အဘိုး သက်ပြင်းချလိုက်တယ်။

————————————

တခြားတစ်ဖက်မှာ။ လီမိုက အိမ်နောက်ဘက် တောင်ကုန်းပေါ် တက်သွားတယ်။ အဲ့ဒီမှာ တော်တော် ကျယ်ဝန်းတဲ့ မြေကွက်လပ် တစ်ခု ရှိတယ်။ လီမိုရဲ့ အဖေကို ဒီမှာ မြှုပ်နှံထားတာ။ ပေါင်းပင်တွေကို ရှင်းလင်းထားတာ မကြာသေးဘူး ဆိုတာ သိသာတယ်။ ဒါ့အပြင်... အုတ်ဂူဘေးမှာ မက်မွန်သီးတွေ တင်ထားတာ တွေ့လိုက်ရတယ်။

လီမို လျှောက်သွားပြီး အုတ်ဂူဘေးမှာ ထိုင်ချလိုက်တယ်။ ငွေစက္ကူတွေ ထုတ်လိုက်တယ်။ ပုံစံဟောင်းတွေရော ပုံစံသစ်တွေရော ပါတယ်။ ပုံစံဟောင်း မီးရှို့စက္ကူတွေကို အရင် စီလိုက်တယ်။ စီရင်းနဲ့ ပြုံးပြီး ပြောလိုက်တယ်။

"အဖေ... သားမိုက် ပြန်ရောက်ပါပြီ။ အဖေ့ဆီ မလာဖြစ်တာ ကြာပြီနော်... သားကို လွမ်းနေလား မသိဘူး..."

"သိလား... သား သူဌေး ဖြစ်နေပြီ"

"ဟဲဟဲ... အဖေ ကောင်းချီးပေးလိုက်လို့လားတော့ မသိဘူး"

"ဘာပဲဖြစ်ဖြစ် ရုတ်တရက်ကြီး ပိုက်ဆံတွေ အများကြီး ရလာတာ"

"အခု ဗီလာမှာ နေတယ်... ဇိမ်ခံကား မောင်းတယ်... Mercedes G-Class လေ။ အဖေက G-Class ဆိုတာ ဘာမှန်း သိမှာ မဟုတ်ပါဘူး... အတိုချုပ် ပြောရရင် နှစ်သန်းနီးပါး တန်တယ်။ အရင်တုန်းက အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ပမာဏပေါ့"

"..."

လီမိုက အုတ်ဂူဘေးမှာ တစ်ယောက်တည်း ရပ်ပြီး... နေပူကျဲကျဲ အောက်မှာ သူ့အဖေနဲ့ အကြာကြီး စကားပြောနေခဲ့တယ်။ အစတုန်းကတော့ ပြုံးနေပေမယ့်... ပြောရင်းနဲ့ မျက်ရည်တွေ ကျလာတယ်။ ယူလာတဲ့ အရက်ပုလင်းကို ဖွင့်ပြီး... နည်းနည်းပဲ သောက်လိုက်တယ်။ ကျန်တာကို အဖေ့အတွက် လောင်းပေးလိုက်တယ်။

ပြန်ဆင်းလာတဲ့ အချိန်မှာ... လီမိုရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေတယ်။ ကောင်းတယ်လို့လည်း မဆိုနိုင်သလို ဆိုးတယ်လို့လည်း မပြောနိုင်ဘူး။ စိတ်သက်သာရာ ရသွားတဲ့ ခံစားချက်မျိုး။

တောင်ပေါ်က ဆင်းလာတုန်း အုတ်ဂူကြီး တစ်လုံး ဘေးက ဖြတ်သွားတယ်။ အရမ်းကြီးတဲ့ အုတ်ဂူကြီး။ ကျောက်တုံး အုတ်ဂူတိုင် အကြီးကြီး ရှိပေမယ့်... စာလုံးတွေက ဖတ်လို့ မရတော့ဘူး။ နွယ်ပင်တွေ ရစ်ပတ်နေတယ်။ လီမို ငယ်ငယ်တုန်းက ရွာထဲက တခြားကလေးတွေနဲ့အတူ ဒီအုတ်ဂူပေါ်မှာ ဆော့ကစားလေ့ ရှိတယ်။ အုတ်ဂူပေါ်က ကြက်သွန်မြိတ်ရိုင်းတွေ တူးရတာလည်း ကြိုက်တယ်။ လူတိုင်းက ဒီအုတ်ဂူကို ရှေးဟောင်း အုတ်ဂူလို့ ပြောကြတယ်။ ရွာထဲက လူတိုင်း အဲ့လို ပြောကြတာပဲ။ ဒါပေမဲ့ ဘယ်လောက် ရှေးကျလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။ လီမို အဘိုးကို မေးကြည့်ဖူးတယ်။ အဘိုးကလည်း အရင်ကတည်းကရှိတာလို့ ပြောပေမယ့် ဘယ်သူ့အုတ်ဂူလဲ ဆိုတာ မသိဘူးတဲ့။ ဒါကြောင့် တော်တော် ကြာပြီပေါ့။

အုတ်ဂူတိုင် ရှေ့မှာ လတ်လတ်ဆတ်ဆတ် မီးရှို့ထားတဲ့ ငွေစက္ကူ အစအနတွေ တွေ့လိုက်ရတယ်။ သစ်သီးတွေလည်း တင်ထားသေးတယ်။

ဒါကို မြင်တော့ လီမိုက စိတ်ဝင်စားသွားပြီး အုတ်ဂူရဲ့ QR Code ကို မနေနိုင်ဘဲ စကင်ဖတ်လိုက်တယ်။

သောက်ကျိုးနည်း!

"အုတ်ဂူဖောက်ထွင်းခံထားရတဲ့ အပေါက် ရှိတယ်?!"

"ဒီ ဘိုးဘွားပိုင် အုတ်ဂူ ဖောက်ထွင်းခံလိုက်ရပြီ?!"

QR Code စကင်ဖတ်လိုက်တာနဲ့ လီမို မျက်လုံးပြူးသွားတယ်။ ရိုးရိုးလေး စကင်ဖတ်လိုက်တာကနေ ဒီလို ရလဒ် ထွက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး။ ချက်ချင်းပဲ အနားသွားပြီး ကြည့်လိုက်တယ်။

ခဏကြာတော့ တောင်အောက် ဆင်းလာခဲ့တယ်။ ခြံဝင်းထဲ ပြန်ရောက်လာတယ်။ အရက် နည်းနည်း သောက်ထားတာရယ်... ညဘက်ကြီး မြို့ပြန်မတက်ချင်တော့တာရယ်ကြောင့်... ဒီည ဒီမှာပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ သူ လာကတည်းက ဒီနေ့ ပြန်ဖို့ အစီအစဉ် မရှိပါဘူး။ အရင်တုန်းက ပြန်လာရင်လည်း အဘိုးအိမ်မှာ ရက်နည်းနည်း နေပြီးမှ ပြန်လေ့ရှိတာ။ အခု အတိတ်ကို ကျော်လွှားနိုင်ပြီ ဆိုပေမယ့်... ခဏလေး နေပြီး ပြန်သွားရင် အဘိုးနဲ့ အဘွားက လျှောက်တွေးနေကြဦးမယ်။

အိမ်ရောက်တော့ အဘွားက လီမို နောက်ကျမှ ပြန်ရောက်လာလို့ စိတ်မကောင်း ဖြစ်နေတယ်။ ချက်ချင်းပဲ ကြက်ဥနဲ့ ကောက်ညှင်းပေါင်းချို ပန်းကန်လုံးကြီး တစ်လုံး ယူလာပေးတယ်။ လီမိုက မငြင်းဘဲ စားလိုက်တယ်။ အဘွား ကျေနပ်သွားတယ်။

စားပြီးတော့ လီမိုက အဘိုးကို ပြုံးပြီး မေးလိုက်တယ်။ "အဘိုး... ဟို ဘိုးဘွားပိုင် အုတ်ဂူ ရှေ့မှာ ငွေစက္ကူ မီးရှို့ထားတဲ့ အရာတွေ တွေ့ခဲ့တယ်။ မကြာသေးခင်က တစ်ယောက်ယောက် လာသွားသေးလား"

"ထူးဆန်းတယ်... အဲ့ဒီ အုတ်ဂူက ဘိုးဘွားပိုင် ဆိုပေမယ့် ဘယ်သူ့ဟာလဲ ဆိုတာ မသိကြဘူး။ ချင်းမင်ပွဲတော် ရောက်မှ ရွာထဲက ပြေလည်တဲ့သူတချို့ သွားကန်တော့ကြတာ။ ပုံမှန်ဆို ဘယ်သူမှ မသွားဘူး"

"လွန်ခဲ့တဲ့ ရက်နည်းနည်းက... ရွာထဲကို သူစိမ်းတချို့ ကားတစ်စီးနဲ့ ရောက်လာတယ်။ ကားနာမည်တော့ မသိဘူး... ရွာက ကလေးတွေ ပြောတာတော့ SUV တဲ့။ သူတို့က အုတ်ဂူဆီ တန်းသွားပြီး ငွေစက္ကူ မီးရှို့ကြတယ်။ ရွာကိုလည်း ၁ သိန်း လှူသွားတယ်"

"အသက် ၈၀ ကျော်တဲ့သူတိုင်း ယွမ် ၂၀၀ လာထုတ်လို့ ရတယ်တဲ့" အဘိုးက ပြုံးပြီး ပြောတယ်။

"နှမြောစရာ ကောင်းတာက... ငါနဲ့ မင်းအဘွားက အသက် မပြည့်သေးလို့... မဟုတ်ရင် ငါတို့လည်း သွားထုတ်မှာ"

"သူတို့ ရွာထဲမှာ ရှိသေးလား" လီမို ပြုံးပြီး မေးလိုက်တယ်။

"ဘာလို့ မေးတာလဲ" အဘိုးက လီမိုကို နားမလည်သလို ကြည့်လိုက်တယ်။

"ဒီအတိုင်း သိချင်လို့ပါ"

"မရှိတော့ပါဘူး... မနေ့ညနေကတည်းက ပြန်သွားကြပြီ" အဘိုး ခေါင်းခါလိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။ "ပြောရရင်... သူတို့ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက်က တော်တော် လှတယ်... ဒါပေမဲ့ ဝတ်ထားတာက နည်းနည်း ထူးဆန်းတယ်။ ဒီလောက် ပူတဲ့ ရာသီဥတုမှာ သားရေဂျာကင်၊ သားရေဘောင်းဘီတွေ ဝတ်ထားတာ... မပူဘူးလား မသိဘူး"

"ဘယ်ကလာလဲ ဆိုတာ သိလား"

"ချန်ဟိုင်မြို့က လာတာတဲ့"

"အဘိုး... ကားနံပါတ် မှတ်မိလား"

"မှတ်မိတာပေါ့... ကားနံပါတ်က မှတ်မိလွယ်တယ်... CangX·99969။ အဲ့ဒီကားက တို့အိမ်ရှေ့မှာ လာရပ်ထားတာလေ... ဒါကြောင့် ကောင်းကောင်း မှတ်မိတယ်"

"အဘိုး သေချာ ကြည့်ထားလိုက်တယ်"

"အော်"

လီမို ပြန်ထူးလိုက်တယ်။

ပြန်ထူးရင်းနဲ့... လီမို အဲ့ဒီလူတွေကို တော်တော် စိတ်ဝင်စားသွားတယ်။ ဘာလို့လဲဆိုတော့ မထင်မှတ်ထားတဲ့ ကိစ္စတွေ မရှိရင်... အုတ်ဂူ ဖောက်ထွင်းခံရတာက အဲ့ဒီလူစု လက်ချက်ပဲ ဖြစ်လောက်တယ်။ လီမိုက အုတ်ဂူဖောက်ထွင်းသူတွေ အကြောင်း ကြားဖူးပေမယ့်... တခြားနေရာတွေက အုတ်ဂူတွေ ဖောက်ထွင်းခံရတာပဲ ကြားဖူးတာ။ သူတို့ လီ မိသားစု ရွာကို အုတ်ဂူဖောက်ထွင်းသူတွေ ရောက်လာလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး။ ဒါ့အပြင်... ရွာကို ၁ သိန်းတောင် လူသိရှင်ကြား လာလှူသွားသေးတယ်။ ဟန်ပြလုပ်ပြီး... တိတ်တိတ်လေး အုတ်ဂူ ဖောက်သွားတာ။ ရွာက လူကြီးတွေကို ပိုက်ဆံဝေပေးဖို့ ၁ သိန်း လာလှူတဲ့သူက... အုတ်ဂူဖောက်ထွင်းသူ ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ?