အခန်း (၁၆၂) ရည်းစားအတု
"ဟေ့ ဘာလုပ်တာလဲ။ ငါက နင့်ကို အမှုဖြေရှင်းပေးခဲ့တာလေ၊ ဒီလို မလုပ်လည်း ရပါတယ်!" ရှုချင်း အနည်းငယ် ဒေါသထွက်သွားသည်။ ဒီအမျိုးသမီး ရူးနေလား။ ကားကို လေယာဉ်ပျံ မောင်းသလို မောင်းနေတယ်။ ဒါက တမင်သက်သက် ဒုက္ခပေးနေတာ မဟုတ်ဘူးလား။
ကျန်းစီယွီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ မျက်လုံးများ နီရဲလာပြီး "တောင်းပန်ပါတယ်၊ ဒီနေ့ ငါ စိတ်အခြေအနေ သိပ်မကောင်းလို့ပါ" ဟု တိုးတိုးလေး ပြောလိုက်သည်။
ရှုချင်း စိတ်တိုသွားသည်။ "လူသတ်မှု ဖြေရှင်းနိုင်ပြီးမှ စိတ်အခြေအနေ မကောင်းဘူး ဆိုတာ ဘာသဘောလဲ။ ငါ့ကို ထမင်းလိုက်မကျွေးချင်လို့ ဇာတ်လမ်းရှုပ်နေတာ မလား။ ကောင်းပြီလေ၊ ဒါဆို ငါပဲ နင့်ကို ကျွေးလိုက်ပါ့မယ်" ဟု စိတ်ထဲတွင် တွေးလိုက်သည်။
"စိတ်မကြည်ရင် အိမ်ပြန်နားလိုက်လေ။ စားတာ မစားတာ အရေးမကြီးပါဘူး" ရှုချင်း သက်ပြင်းချလိုက်ပြီး ကားတံခါးဖွင့်ကာ ဆင်းလိုက်သည်။ ထိုအခါမှ နိုင်ငံခြား စီးပွားရေးကလပ် ကားရပ်နားကွင်းသို့ ရောက်နေကြောင်း သိလိုက်ရသည်။
ကျန်းစီယွီလည်း ကားပေါ်မှ ဆင်းလိုက်ပြီး ရှေ့သို့ နှစ်လှမ်းတိုးကာ ရှုချင်း၏ လက်မောင်းကို ချက်ချင်း လှမ်းချိတ်လိုက်သည်။ ချစ်သူနှစ်ဦးလို ရင်းနှီးပုံပေါ်နေသော်လည်း တစ်ယောက်က ကျောပိုးအိတ်ကြီးလွယ်၊ တစ်ယောက်က ရဲယူနီဖောင်း ဝတ်ထားသဖြင့် ကြည့်ရတာ အတော်လေး အဆင်မပြေ ဖြစ်နေသည်။
ရှုချင်း အလိုအလျောက် လက်ကို ပြန်ရုပ်လိုက်သည်။ ကျန်းစီယွီ မျက်နှာရဲသွားသော်လည်း လက်ကို မလွှတ်ပေးဘဲ "မလှုပ်နဲ့ ငါ့ကို တစ်ခုလောက် ကူညီပေးပါလား" ဟု တိုးတိုးလေး ပြောလိုက်သည်။
ရှုချင်း၏ လက်မောင်း တင်းမာသွားပြီး "ပြောစရာရှိတာ ပြောပါဟာ။ ငါ့လက်ကို မကိုင်ပါနဲ့၊ ဟုတ်ပြီလား။ သူများတွေ မြင်ရင် ငါတို့... အဲဒါ လုပ်နေတယ် ထင်နေဦးမယ်" ဟု အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။
ရှုချင်း၏ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ပြီး ကျန်းစီယွီ သဘောကျသွားကာ ပြုံးလျက် "ငါကလည်း သူများတွေကို ငါတို့ 'အဲဒါ' လုပ်နေတယ်လို့ ထင်စေချင်နေတာပဲလေ။ အထဲရောက်ရင် နင် ကြိုက်တာ စား။ ဘယ်သူပဲ မေးမေး ငါ့ရဲ့..." သူမ စကားရပ်လိုက်ပြီး "ရည်းစားပါ" ဆိုသော စကားလုံး သုံးလုံးကို အံကြိတ်ပြီး ပြောလိုက်သည်။
"ဘာ!" ရှုချင်း နားကြားမှားသည်ဟု ထင်လိုက်သဖြင့် "နောက်ဆုံး စကားလုံး ၃ လုံးကို ပြန်ပြောပါဦး" ဟု အလောတကြီး မေးလိုက်သည်။
ကျန်းစီယွီ အံကြိတ်ပြီး ရှုချင်းနားနား ကပ်ကာ "ဒီည နင် ငါ့ရည်းစားအဖြစ် ဟန်ဆောင်ပေးရမယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။ နှစ်ဦးသား အရမ်း နီးကပ်နေပြီး ရှုချင်း၏ တံတောင်ဆစ်က ကျန်းစီယွီ၏ ကိုယ်ခန္ဓာကို ထိနေသည်။ ငြင်းဆန်မည့် စကားလုံးများ လျှာဖျားအထိ ရောက်လာသော်လည်း ထုတ်မပြောနိုင် ဖြစ်နေသည်။
ရှုချင်းသည် ကြိုးဆွဲရာ ကရသော ရုပ်သေးရုပ် တစ်ရုပ်လို ခံစားနေရသည်။ အသက် ၇၀၊ ၈၀ အရွယ် အဘိုးအိုတစ်ဦးကို တွဲခေါ်လာသကဲ့သို့ ကျန်းစီယွီက သူ့ကို ကလပ်ဧည့်ခန်းမထဲသို့ တွဲခေါ်လာသည်။ သူ့စိတ်ထဲမှ အသံတစ်သံက "တားလို့မှ မရတော့တာ၊ ကူညီလိုက်တာပဲ ကောင်းပါတယ်..." ဟု အော်ဟစ်နေသည်။
ခန်းမထဲတွင် ပုံမှန်ထက် ထူးကဲစွာ စည်ကားနေပြီး ဘူဖေး ခင်းကျင်းထားသည်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီး များစွာသည် ပန်းကန်ပြားများ ကိုင်ဆောင်ပြီး စားပွဲများကြား လူးလာသွားလာနေကြသည်။ ကြိုက်နှစ်သက်ရာ ဟင်းပွဲများကို ရွေးချယ်ပြီး ထိုင်စားနေကြသည်။ တစ်စုံတစ်ယောက်က ဒီနေရာကို ရွေးချယ်ပြီး ပါတီပွဲ ကျင်းပနေပုံရသည်။
ကျန်းစီယွီသည် ရှုချင်း၏ လက်မောင်းကို တောက်လျှောက် ဖက်ထားသဖြင့် ရှုချင်းခမျာ အရသာရှိသော အစားအစာများကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။ ထိုအချိန်တွင် သက်လတ်ပိုင်း စုံတွဲတစ်တွဲ သူတို့ဆီ လျှောက်လာကြသည်။ အမျိုးသားက အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး နားထင်တွင် ဆံပင်ဖြူအချို့ ရှိနေသည်။ နဖူးကျယ်ပြီး မျက်နှာထားတွင် အာဏာရှိပုံ ပေါ်သည်။ အမျိုးသမီးက အသက် ၄၀ ဝန်းကျင်ခန့် ရှိပြီး ရင်ဟိုက် အနက်ရောင် ညနေခင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ လှုပ်ရှားမှုတိုင်းတွင် ရင့်ကျက်သော ဆွဲဆောင်မှု ရှိနေသည်။ သို့သော် ကျန်းစီယွီက အမျိုးသားတစ်ဦး၏ လက်မောင်းကို ကိုင်ထားသည်ကို မြင်သောအခါ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။
"ရှောင်ယွီ ဒါ ဘယ်သူလဲ" အမျိုးသမီးက ရှုချင်းကို တစ်ချက်ကြည့်ပြီး မေးခွန်းကို တဝက်တပျက် ရပ်ထားလိုက်သည်။ ကျန်းစီယွီ၏ အဖြေကို စောင့်နေပုံရသည်။
ကျန်းစီယွီ ကျက်သရေရှိစွာ ပြုံးလိုက်ပြီး "ဒါ သမီးရည်းစား ရှုချင်း ပါ" ဟု မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် ရှုချင်း၏ လက်မောင်းကို ဖြည်းညှင်းစွာ ဆွဲပြီး "ဒါ ကျွန်မအမေလေ မြန်မြန် နှုတ်ဆက်လိုက်ပါဦး" ဟု ပြောလိုက်သည်။
ရှုချင်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး "အမေ..." ဟု ယောင်ပြီး ခေါ်လိုက်မိသည်။ ပါးစပ်က ထွက်ပြီးမှ ပါးပြင်များ ရဲခနဲ ဖြစ်သွားသည်။ သောက်ကျိုးနည်း! ပထမဆုံး တွေ့တွေ့ချင်း ဘယ်လိုလုပ် အမေလို့ ခေါ်လိုက်မိတာလဲ။ ဒါက ဆက်ဆံရေးကို ချက်ချင်း အတည်ပြုလိုက်သလို မဖြစ်သွားဘူးလား။
အမျိုးသမီး ကြောင်သွားပြီး သူမ၏ မျက်နှာထားက စိတ်ဝင်စားစရာ ကောင်းလာသည်။ သူမ၏ တည်ငြိမ်မှုကို အမြန် ပြန်ထိန်းလိုက်ပြီး အတင်းဟန်လုပ် ပြုံးကာ "မင်္ဂလာပါ၊ ရှောင်ယွီ့ ဦးလေး မွေးနေ့ပွဲကို ကြိုဆိုပါတယ်" ဟု ပြောလိုက်သည်။
ဘေးမှ သက်လတ်ပိုင်း အမျိုးသားက တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်ကမ်းပေးကာ "မင်္ဂလာပါ၊ ကျွန်တော့်နာမည်က လျူချန်ကုန်းပါ။ ရှောင်ယွီ့ ဦးလေးပါ" ဟု မိတ်ဆက်လိုက်သည်။
ရှုချင်း အတင်းဟန်လုပ် ပြုံးပြီး "မင်္ဂလာပါ ဦးလေးလျူ... အား!" ရုတ်တရက် ကျန်းစီယွီက ခါးကို ဆွဲလိမ်လိုက်သဖြင့် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ လက်ဆွဲနှုတ်ဆက်တာကို ဖြုတ်ပြီး "ဘာလို့ လာဆွဲဆိတ်တာလဲ" ဟု လှည့်မေးလိုက်သည်။
လျူချန်ကုန်း အနေရခက်စွာ ပြုံးလိုက်ပြီး "ထားလိုက်ပါတော့" ဟု ပြောကာ အမျိုးသမီးကို ခေါ်ပြီး အခြားဧည့်သည်များကို နှုတ်ဆက်ရန် ထွက်ခွာသွားသည်။ ရှုချင်း တစ်ယောက်တည်း ခါးကို ပွတ်သပ်ပြီး ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။ လက်ချောင်းနှစ်ချောင်းတည်းနဲ့ ဆွဲလိမ်တာ တော်တော် နာတာပဲ။
"နာနေတုန်းပဲလား" ရှုချင်း၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ပြီး ကျန်းစီယွီ မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်သည်။
"ငါ နင့်ကို ပြန်ဆွဲဆိတ်ကြည့်ရမလား" ရှုချင်း စိတ်ပျက်လက်ပျက်ဖြင့် "ထမင်းတစ်နပ် စားရတာ ဒီလောက် ဒုက္ခများမယ်မှန်း သိရင် ခေါင်းကို သေနတ်နဲ့ ချိန်ခေါ်ရင်တောင် လိုက်မလာဘူး" ဟု ရေရွတ်လိုက်သည်။
ကျန်းစီယွီ အားနာစွာဖြင့် သူ့လက်ကို ဆွဲပြီး "ငါ့မိသားစု အခြေအနေက နည်းနည်း ရှုပ်ထွေးလို့ပါ။ ကဲ... တစ်ခုခု အရင်သွားစားကြမလား" ဟု ချော့လိုက်သည်။
ရှုချင်း မျက်စောင်းထိုးလိုက်ပြီး "ကောင်းပြီလေ၊ နင် သွားယူ၊ ငါက စားမယ့်တာဝန် ယူမယ်" ဟု ပြောလိုက်သည်။ ကျန်းစီယွီ ပြုံးပြီး "နေရာ အရင်ရှာထိုင်နှင့်၊ အခုပဲ သွားယူလိုက်မယ်" ဟု ပြောလိုက်သည်။
ရှုချင်း ရုတ်တရက် လက်လှမ်းပြီး ကျန်းစီယွီ၏ ပါးကို ဆွဲလိုက်သည်။ တခစ်ခစ် ရယ်မောပြီး "ချစ်လေး ပုဇွန်တွေ များများ ယူလာခဲ့နော်" ဟု မှာလိုက်သည်။
ကျန်းစီယွီ နှုတ်ခမ်းစူပြီး သူ့ကို တွန်းထုတ်ကာ "ကျေးဇူးကန်းတဲ့ကောင် သွားစမ်းပါ" ဟု ပြောလိုက်သည်။ သူတို့နှစ်ဦး၏ အပြန်အလှန် စနောက်မှုများသည် စပ်စုလိုသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။ မလှမ်းမကမ်းရှိ လျူချန်ကုန်းက ဒါတွေအားလုံးကို စောင့်ကြည့်နေပြီး နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
ရှုချင်း နေရာလွတ်တစ်ခု ရှာထိုင်လိုက်ပြီး အိတ်ကပ်ထဲမှ ဆေးလိပ်ထုတ်ကာ မီးညှိလိုက်သည်။ စားပွဲတွင် အလုပ်ရှုပ်နေသော ကျန်းစီယွီကို မျက်လုံးမှေးကြည့်ရင်း ကျေနပ်နေလိုက်သည်။
ခဏအကြာတွင် ကျန်းစီယွီသည် ဟင်းပွဲများ အပြည့်ထည့်ထားသော ပန်းကန်ပြားကြီး ၂ ချပ်ကို ကိုင်ဆောင်ပြီး ရောက်လာသည်။ ရှုချင်းရှေ့တွင် ချပေးလိုက်ပြီး "အရင်စားနှင့်၊ မဝရင် ထပ်ယူပေးမယ်" ဟု ပြုံးလျက် ပြောလိုက်သည်။
လူတိုင်း အံ့သြသွားလောက်အောင် ရှုချင်းက "နောက်ထပ် ၂ ပန်းကန်လောက် ထပ်ယူခဲ့၊ အဲဒါဆိုရင် လောက်ပြီ" ဟု အားနာမနေဘဲ ပြောလိုက်သည်။
ကျန်းစီယွီ မျက်လုံးလှန်ကြည့်လိုက်ပြီး "နင်က ဝက်ကျနေတာပဲ၊ မိန်းကလေးတွေကို လေးစားရမှန်း လုံးဝ မသိဘူး" ဟု ပြောလိုက်သည်။ ပါးစပ်ကသာ ပွစိပွစိ ပြောနေသော်လည်း ဟင်းပွဲများ ရှိရာ စားပွဲဆီသို့ ပြန်လှည့်ထွက်သွားသည်။
ရှုချင်း ဆေးလိပ်တိုကို ပြာခွက်ထဲ ထိုးချေလိုက်ပြီး စားပွဲပေါ်မှ အစားအစာများကို မြိန်ရေရှက်ရေ စားသောက်လေတော့သည်။ ပုဇွန်အသား အနည်းငယ် စားပြီးချိန်တွင် အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ဦး လျှောက်လာပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုလူသည် အသားဖြူဖြူ၊ နှုတ်ခမ်းပါးပါးနှင့် ဂျစ်ဂိုလို (အမျိုးသမီးများကို ဖျော်ဖြေပေးသူ) လုပ်နိုင်မည့် ပုံစံမျိုး ရှိသည်။ ပြဿနာလာပြီမှန်း ရှုချင်း သိလိုက်သည်။ ဒီကောင် ကံဆိုးလိုက်တာ၊ ထမင်းကောင်းကောင်းတောင် မစားရဘူး။
"မင်းနာမည် ရှုချင်း လား" မျက်နှာဖြူဖြူနှင့် လူက မေးလိုက်သည်။
ဘာကြောင့်မှန်းမသိ ဒီလူ ပါးစပ်ဟလိုက်တာနဲ့ ရှုချင်း နေရထိုင်ရ ခက်သွားသည်။ ခုနကမှ ဖြစ်ပေါ်လာတဲ့ စားချင်စိတ်တွေတောင် ပျောက်သွားသလိုပဲ။
"ခင်ဗျားကို မသိဘူး။ ဒီနေရာမှာ လူရှိတယ်" ရှုချင်း ခက်ရင်းကို ချလိုက်ပြီး ဆံပင်ဖီးသင်ထားသော လူကို မျက်လုံးမှေးကြည့်လိုက်သည်။
မျက်နှာဖြူလူက အေးစက်စက် ရယ်လိုက်ပြီး "ငါ့နာမည်က လျူကျစ် ကျန်းစီယွီရဲ့ စေ့စပ်ထားသူ" ဟု လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
ရုတ်တရက် ပေါ်လာပြီး မာနကြီးနေသော ဒီကောင့်ကို ရှုချင်း စိတ်တိုသွားသည်။ "မင်းက မိုးမခကိုင်း ဖြစ်ဖြစ်၊ မိုးမခရွက် ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ နားလေးနေလား" ဟု ရန်တွေ့လိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: