အခန်း (၁၇၇) အားမန်
ဟယ်ရှန် သက်ပြင်းချပြီး "အကုန် ဟွမ်ဖူလန်ဆိုတဲ့ မိန်းမစုတ်ကြောင့်လေ။ အဖွဲ့ ၃ က ကောင်တစ်ကောင်က သူ့ကို လာကိုင်လို့ ငါတို့ကို အဲဒီကောင်ကို သွားရိုက်ခိုင်းတာ။ ပြီးတော့ အခြေအနေ မဟန်မှန်း သိရော သူက ထွက်ပြေးသွားတယ်။ ငါတို့ ယောကျ်ားလေးတွေက ဒဏ်ရာရပြီး ကျန်ခဲ့ရော" ဟု ရှင်းပြလိုက်သည်။
ရှုချင်း စိတ်တိုသွားပြီး "မင်းတို့နှစ်ကောင်က ငတုံးတွေလား။ သူက သွားရိုက်ဆိုတာနဲ့ သွားရိုက်ရသလား။ တစ်နေ့ကျ သူက မစင်စားခိုင်းရင်ရော စားကြမှာလား" ဟု အော်ဟစ်လိုက်သည်။
အန်ဒယ်လီ နှုတ်ခမ်း အနည်းငယ် လှုပ်သွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း ဟယ်ရှန်က မိုက်ကရိုဖုန်းကို အရင်ဆွဲယူပြီး "ခေါင်းဆောင်က လူ ၂ ယောက်ခေါ်ပြီး မကာအို သွားတယ်။ ဟိုမိန်းမက ဒုခေါင်းဆောင် ဆိုတဲ့ အာဏာကို သုံးပြီး ငါတို့ကို သွားရိုက်ခိုင်းတာလေ။ ရိုက်ပြီးတာနဲ့ သူတို့က အုပ်စုလိုက် ပြေးလာပြီး ဝိုင်းရိုက်ကြတာ။ ငါ့ကို ၄ ယောက် ဝိုင်းရိုက်တာကွ။ သောက်ကျိုးနည်း၊ တော်တော် ခံပြင်းဖို့ ကောင်းတယ်!" ဟု ပြောလိုက်သည်။
"မနိုင်ရင် ထွက်မပြေးတတ်ဘူးလား။ ငါသင်ပေးထားတဲ့ ခြေကွက်တွေက အလကား ဖြစ်ကုန်ပြီပေါ့" ရှုချင်း မိုက်ကရိုဖုန်းထဲ အော်ပြောလိုက်သည်။ ယုတ္တိနည်းကျ စဉ်းစားကြည့်ရင် တစ်ဖက်လူက သေနတ်မပစ်သရွေ့ ရွှမ်အဆင့် သိုင်းပညာရှင် ၃ ယောက်၊ ၅ ယောက်လောက်က သရဲအရိပ်ခြေကွက်သုံးပြီး ထွက်ပြေးတဲ့သူကို ဘယ်ဖမ်းမိနိုင်မလဲ။ ဒီကောင်က ၄ ယောက် ဝိုင်းရိုက်တာ ခံလိုက်ရတယ် ဆိုတော့ အရိုက်ခံရတာ နည်းတောင် နည်းသေးတယ်။
အဆူခံလိုက်ရသဖြင့် ဟယ်ရှန် ခေါင်းငုံ့သွားသည်။ အန်ဒယ်လီက "သူ မပြေးတာက ကျွန်တော် အပိတ်ခံနေရလို့ပါ။ အဖွဲ့ ၃ က ကောင်တွေအများကြီးကို ဟယ်ရှန် ရိုက်ချလိုက်သေးတယ်။ ဒါ ကျွန်တော့်အပြစ်ပါ" ဟု အမြန် ဝင်ရှင်းပြသည်။
ရှုချင်း ရင်ထဲ နွေးထွေးသွားသည်။ ဟယ်ရှန်က သစ္စာရှိတုန်းပဲ။ အားလုံး ဟွမ်ဖူလန် အပြစ်တွေချည်းပဲ။ ကိုယ်တိုင် အဆွဲဆိတ်ခံရတာ ဘာမှ မဖြစ်ဘူး၊ ယောကျ်ားလေးတွေကို သွားပြီး အရိုက်ခံခိုင်းတယ်။
"ထားလိုက်ပါတော့၊ မင်းတို့နှစ်ယောက်က ဒုက္ခသည် ညီအစ်ကိုတွေ ဖြစ်သွားကြပြီပဲ။ နောက်တစ်ခါ ဟွမ်ဖူလန်ကို တွေ့ရင် လက်စားချေပေးမယ်" ရှုချင်း ရုတ်တရက် သတိရသွားပြီး "ဒါနဲ့ ရန်ပင်းက မကာအိုမှာ ဘာသွားလုပ်တာလဲ" ဟု အလောတကြီး မေးလိုက်သည်။
အန်ဒယ်လီ ခဏတာ တွန့်ဆုတ်ပြီး "တာဝန်နဲ့ သွားတာပါ။ လွန်ခဲ့တဲ့ ရက်နည်းနည်းက သွေးစွန်းလက် လောင်းကစားမာရ်နတ်ဆိုတဲ့ သိုင်းပညာရှင်က အရှေ့တောင်အာရှ လောင်းကစားဘုရင် ပြိုင်ပွဲမှာ ပြိုင်ဘက်တွေ အကုန်လုံးကို သတ်ပစ်မယ်လို့ ကြေညာခဲ့တယ်။ ခေါင်းဆောင်တွေက ဒီကောင့်ကို ဖမ်းဖို့ အမိန့်ပေးထားတယ်။ မနေ့မနက်ကပဲ ထွက်သွားကြတာ။ ညနေကျတော့ ကျွန်တော်တို့ အရိုက်ခံရတာပဲ" ဟု ပြောပြလိုက်သည်။
ရှုချင်း ရင်ခုန်သွားသည်။ တိုက်ဆိုင်လိုက်တာ။ ငါ မကာအို သွားကာနီးမှ ဒီလိုကိစ္စ ဖြစ်ရလား။ သွေးစွန်းလက် လောင်းကစားမာရ်နတ် ဟုတ်လား။ သူ့ကို နိုင်တဲ့သူမှန်သမျှ သတ်ပစ်မယ်တဲ့။ ဒီကောင် တော်တော် အဆင့်အတန်း မရှိတာပဲ။
"မင်းတို့နှစ်ယောက် ဒဏ်ရာကို ဂရုစိုက်ကြ။ ငါ ဒီနေ့ နည်းနည်း အိပ်ချင်နေလို့ သွားတော့မယ်"
ပြောပြီးသည်နှင့် ရှုချင်း အော့ဖ်လိုင်း ဖြစ်သွားသည်။ နံရံပေါ်ရှိ ဒီဂျစ်တယ် နာရီကို ကြည့်လိုက်ရာ ည ၆ နာရီခွဲသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ ရေချိုး၊ ညဝတ်အင်္ကျီလဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဖက်တီးက အမြီးတနှံ့နှံ့ဖြင့် ပြေးလာပြီး ရှုချင်း၏ ပေါင်ကြားထဲ ခေါင်းထိုးကာ နှုတ်ဆက်သည်။ ရှုချင်း ခါးကုန်းပြီး ခွေးပေါက်စ၏ နဖူးကို "တောက်" ခနဲ ပုတ်လိုက်ကာ "ခွေးရူးလေး၊ ငါ့ကို အဲဒီလို လာမထိနဲ့" ဟု ရယ်မောပြီး ဆူပူလိုက်သည်။
ခွေးနက်လေး နဖူးအပုတ်ခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်ပြီး အမြီးကုပ်ကာ ဟန်ရွှဲ ခြေရင်းသို့ ပြေးသွားပြီး လှဲနေလိုက်သည်။ တောက်ပသော မျက်လုံးနက်လေးများဖြင့် ရှုချင်းကို ခြေထောက်ကြားမှ ချောင်းကြည့်နေသည်။
ထိုအချိန်တွင် ချင်းပင်း အလုပ်ဆင်းပြီး ပြန်ရောက်လာသည်။ ရှုချင်းက အခွင့်ကောင်းယူပြီး မကာအို သွားမည့် အကြောင်း ပြောပြလိုက်သည်။ စာမေးပွဲ ပြီးသွားပြီ ဖြစ်၍ အဖြေစောင့်ရုံသာ ရှိတော့သည်။ အပြင်ထွက်ပြီး ဗဟုသုတ ရှာခြင်းက ကောင်းမွန်သော ရွေးချယ်မှု တစ်ခုပင်။
ချင်းပင်းက ငြင်းစရာ အကြောင်း မရှိပေ။ သူမ အမြင်တွင် မောင်ဖြစ်သူက လူကြီးဖြစ်နေပြီ။ သူမကို အသိပေးခြင်းသည် လေးစားမှု သက်သက်သာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲမို့ ခွင့်ပြုလိုက်တာ ကောင်းပါတယ်။
ညစာသည် အလွန် ပြည့်စုံသည်။ အဒေါ်ကျန်းက ယူနန် ဒေသထွက် အစားအစာများကို အထူး ချက်ပြုတ်ပေးထားသဖြင့် အရသာ ထူးခြားပြီး အားလုံး မြိန်ရေရှက်ရေ စားသောက်ကြသည်။ ရှုချင်း ဗိုက်ဝအောင် စားပြီး အခန်းထဲ ပြန်ဝင်ကာ အိပ်စက်လိုက်သည်။ သို့သော် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် လုပ်ရင်း အချိန်အကြာကြီး နေမှ သိုးရေတွက်ရင်း အိပ်ပျော်သွားသည်။
နောက်တစ်နေ့ မနက်တွင် ရှုချင်း ကျောပိုးအိတ်ကြီးလွယ်ပြီး အိမ်မှ စောစောထွက်လာသည်။ ဆိုင်ကယ်တက္ကစီ တစ်စီး ငှားပြီး မိနစ် ၂၀ အကြာတွင် လဲ့ထုံတာ ခရီးသွားအေဂျင်စီ ရှေ့သို့ ရောက်ရှိလာသည်။ အဝေးမှ ကျူရှောင်လင်း လက်ပြနေသည်ကို လှမ်းမြင်လိုက်ရသည်။ ဒီနေ့ သူမသည် ခရင်မ်ရောင် လက်တို ဂါဝန်ကို ဝတ်ဆင်ထားပြီး မိတ်ကပ် ပါးပါးလေး လိမ်းထားသဖြင့် ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိနေသည်။
ရှုချင်း အိတ်ကပ်ထဲမှ ဘူးလေးကို စမ်းသပ်ကြည့်ပြီး ပြုံးလျက် လျှောက်သွားသည်။ ဒီနေ့ သူက ဘေ့စ်ဘော ဦးထုပ်ဆောင်း၊ နေကာမျက်မှန် တပ်ပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ အရပ်ရှည်ပြီး ထွားကြိုင်းသော ခန္ဓာကိုယ်ကြောင့် နိုင်ငံတကာ အဆင့်မီသည့် ပုံစံ ပေါက်နေသည်။
မကာအို ရောက်သွားရင် ခရီးသွားအဖွဲ့ထဲက လူတိုင်းက ဧည့်သည်တွေ ဖြစ်ကုန်ကြပြီး အလွယ်တကူ အလိမ်ခံရနိုင်တဲ့ ပစ်မှတ်တွေ ဖြစ်သွားတတ်တယ်။ မကာအိုက အမိမြေရဲ့ အစိတ်အပိုင်း ဖြစ်နေပြီမို့ ငွေကြေးသုံးစွဲရတာ အဆင်ပြေပါတယ်။
ဧည့်လမ်းညွှန်က စောစောရောက်နေပြီး ဘတ်စကားပေါ်တွင် စောင့်နေသည်။ သူမသည် အသက် ၂၅၊ ၂၆ နှစ် အရွယ်ခန့် ရှိပြီး သွယ်လျသော ခန္ဓာကိုယ်နှင့် အသားလတ်လတ် အမျိုးသမီး ဖြစ်သည်။ တောက်ပပြီး ထက်မြက်သော မျက်လုံးများဖြင့် ခရီးသည် အရေအတွက်ကို သေချာ စောင့်ကြည့်နေသည်။
"အစ်မ ဒီနေ့ အရမ်း လှနေတာပဲ"
ရှုချင်း ရှေ့တိုးသွားပြီး ကျူရှောင်လင်း၏ လက်ကို ကိုင်ကာ ရင်ထဲကလာသော ချီးကျူးစကား ပြောလိုက်သည်။ သို့သော် အစ်မကြီးက မျက်စောင်း ၂ ချက်သာ ထိုးလိုက်သည်။
ကျူရှောင်လင်း မျက်စောင်းထိုးလိုက်သော်လည်း နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်နေသည်က သူမ၏ ပျော်ရွှင်မှုကို ဖော်ပြနေသည်။ အမျိုးသမီးတိုင်း ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ ပြောရင် ကြိုက်ကြတာပဲ။ အထူးသဖြင့် သဘာဝအတိုင်း ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီးတွေပေါ့။
"ဟေ! နင် ဒီနေ့ ကျောက်စိမ်းလက်စွပ် ဝတ်ထားပါလား" အကင်းပါးသော ကျူရှောင်လင်းက ရှုချင်း၏ ဘယ်ဘက်လက်မှ လက်စွပ်ကို ချက်ချင်း သတိထားမိလိုက်သည်။ တမင်သက်သက် ပြချင်နေတာလည်း ပါတာပေါ့၊ မဟုတ်ရင် ဘယ်လောက် မြန်မြန် သတိထားမိမှာလဲ။
ရှုချင်း လက်ကို အိတ်ကပ်ထဲ ထည့်ပြီး မျက်စိမှိတ်ပြကာ "မျက်လုံး အရင်မှိတ်လိုက်" ဟု ပြောလိုက်သည်။ ကျူရှောင်လင်း ခဏတာ ကြောင်သွားပြီးနောက် လိမ်မာစွာ မျက်လုံးမှိတ်လိုက်သည်။ ရှည်လျားကော့ညွှတ်နေသော မျက်တောင်များ အနည်းငယ် တုန်ခါနေသည်။
ရုတ်တရက် ညာဘက် လက်ခလယ်တွင် အေးမြသော အထိအတွေ့ တစ်ခု ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ လက်ချောင်းလေးပေါ်တွင် လက်စွပ်တစ်ကွင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ ကြည်လင်တောက်ပသော ကျောက်စိမ်းမျက်နှာပြင်သည် နူးညံ့သော အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေပြီး သူမ၏ နှလုံးသားကို လှုပ်ခတ်သွားစေကာ ပျော်ရွှင်မှု လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။
"လှလိုက်တဲ့ လက်စွပ်လေးပဲ!"
ကျူရှောင်လင်း တီးတိုး ရေရွတ်လိုက်သည်။ ရှုချင်းက သူမ၏ လက်ကို ဆွဲယူပြီး လက်ချင်းချိတ်လိုက်သည်။ ဖန်သား ကျောက်စိမ်း လက်စွပ် ၂ ကွင်းသည် မနက်ခင်း နေရောင်အောက်တွင် တောက်ပစွာ လင်းလက်နေကြသည်။
"အစ်မ ဒီလက်ဆောင်လေးကို ကြိုက်လား" ရှုချင်း သူမ နားနားကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။ နှုတ်ခမ်းဖြင့် နားထင်ကို ထိကပ်လိုက်သည်။ ရုတ်တရက် အနမ်းတစ်ခု နှုတ်ခမ်းပေါ် ကျရောက်လာသည်။ "အရမ်း ကြိုက်တာပဲ" ကျူရှောင်လင်း မျက်နှာရဲသွားပြီး မိန်းကလေးဆန်သော ဆွဲဆောင်မှုများ ပေါ်လွင်လာသည်။
အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သတ်မှတ်ချိန်ထက် နာရီဝက် စောပြီး လူစုံသွားသည်။ အားလုံး ဘတ်စကားပေါ် တက်ကြပြီး ပျော်ရွှင်စွာ စကားပြောရင်း ကျန်းချန် လေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။
ကြိုတင် စီစဉ်ထားသည့် ခရီးစဉ်အတိုင်း ရှန်ကျန်း အထူးစီးပွားရေးဇုန်သို့ လေယာဉ်စီးပြီး ထိုမှတဆင့် ရှယ်ခို ဆိပ်ကမ်းမှ မကာအိုသို့ သင်္ဘောဖြင့် တိုက်ရိုက် သွားကြမည် ဖြစ်သည်။ အဆင်ပြေပြီး မြန်ဆန်သည်။
ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ၃ ဆင့် ခရီးစဉ်သည် နေ့တစ်ပိုင်းလောက် ကြာမြင့်သည်။ နေဝင်ချိန် ရောက်သောအခါ ခရီးသွားအဖွဲ့သည် ကမ္ဘာ့အကြီးဆုံး လောင်းကစားမြို့ကြီး ၄ မြို့ အနက် တစ်ခုဖြစ်သော မကာအိုသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။
"အားမန် (မကာအို၏ မူလနာမည်) ကနေ ကြိုဆိုပါတယ်!" ဧည့်လမ်းညွှန်က တြိဂံပုံ အလံလေးကို ဝှေ့ယမ်းပြီး မကာအို၏ အခြားနာမည် တစ်ခုကို တမင်သက်သက် သုံးနှုန်းကာ နှုတ်ဆက်လိုက်သည်။
"အားမန်?" ရှုချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဘေးနားမှ ဝဖြိုးဖြိုး အမျိုးသားတစ်ဦးက "ကျွန်တော် မကာအိုကို သိတယ်၊ ဒါပေမဲ့ အားမန် နဲ့ ဘာဆိုင်လို့လဲ" ဟု စနောက်လိုက်သည်။
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: