အိမ်ပြန်ရောက်သောအခါ ညစာစားချိန် မတိုင်မီတွင် ရှုချင်း အခန်းထဲသို့ ပြေးဝင်ပြီး တံခါးပိတ်လိုက်သည်။ အိတ်ကပ်ထဲမှ စာရွက်လိပ်ကို ထုတ်ယူကာ ဖြန့်ကြည့်လိုက်သည်။ စာရွက်ပေါ်တွင် မပြည့်စုံသော စာလုံးများဖြင့် ပြည့်နှက်နေပြီး အများစုကို သူ မသိပေ။ ရိုးရာ တရုတ်စာလုံး အနည်းငယ် ပါသော်လည်း အဓိပ္ပာယ်ဖော်၍ မရပေ။ ဂျပန်စာ ရင်းနှီးသူ တစ်ယောက်ယောက်ကို ရှာပြီး ဘာသာပြန်ခိုင်းမှ အဆင်ပြေမည် ထင်သည်။

ရိုးရိုးသားသား ပြောရရင် ဂျပန်တွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို သူ သိပ်စိတ်မဝင်စားဘူး။ ကျောက်စိမ်းတုံး တစ်တုံးနှစ်တုံးလောက် ရပြီး အလှဆင်ပစ္စည်းလေးတွေ ထွင်းလိုက်ရတာ ပိုကောင်းဦးမယ်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေပေမယ့် ကျောက်စိမ်းထွင်းထုတဲ့ စွမ်းရည်က တဖြည်းဖြည်း တိုးတက်လာသည်။ အခုဆိုရင် သာမန် ဆွဲသီးလောက်ကို အလွယ်တကူ ထွင်းထုနိုင်ပြီး အချိန်နည်းနည်း ပေးရင် အပေါက်ဖောက် ထွင်းထုနည်း တွေတောင် လုပ်နိုင်နေပြီ။

ရှုချင်းသည် ကျောက်စိမ်းထွင်းထုခြင်းကို နှစ်သက်သည်။ ပုံသဏ္ဌာန် မရှိသော ကုန်ကြမ်းတစ်ခုကို ထွင်းဓားဖြင့် တစစီ ပုံဖော်ရသည့် လုပ်ငန်းစဉ်ကို သူ သဘောကျသည်။ မိမိလက်ရာဖြင့် အရာဝတ္ထုတစ်ခု ပုံပေါ်လာတိုင်း ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုကို ခံစားရသည်။ ထိုခံစားချက်သည် အံ့မခန်း ကောင်းမွန်ပြီး ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို တက်ကြွ လန်းဆန်းစေသည်။

လက်ရာမြောက်သော ထွင်းထုမှုသည် စိတ်ဓာတ်ကို ခိုင်မာစေသည်။ ရှုချင်း ထွင်းဓားကို ကိုင်လိုက်သည်။ စားပွဲပေါ်တွင် သိုးအဆီကဲ့သို့ ဖြူဝင်းသော ကျောက်စိမ်းတုံးလေး တစ်တုံး ရှိသည်။ သူ ချက်ချင်း မထွင်းသေးဘဲ မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ လူယင်းရွှယ်၏ ပုံရိပ်ကို စိတ်ထဲတွင် ပုံဖော်ကြည့်လိုက်သည်။ သူမ၏ အပြုံး၊ မျက်မှောင်ကြုတ်ပုံ အရာအားလုံးသည် ချစ်ခင်မြတ်နိုးဖွယ် ကောင်းလှသည်။

"ရှဲ!"

စစ်မှန်သော ကျိန်းယန်စွမ်းအင် ဓားသွားပေါ်သို့ စီးဝင်သွားပြီး ရှုချင်း လှုပ်ရှားလိုက်သည်။ ထွင်းဓား ကခုန်လိုက်သည်နှင့် ကျောက်စိမ်းအပိုင်းအစများ တဖွဲဖွဲ ကျဆင်းလာသည်။ မျက်လုံးမှိတ်ထားသော်လည်း ဖောက်ထွင်းမြင်နိုင်စွမ်းကို အသုံးပြုပြီး ကျောက်စိမ်း၏ မျဉ်းကြောင်းတိုင်းကို တိကျစွာ ချိန်ရွယ်ထားသည်။ စိတ်ထဲရှိ အလှပဂေး၏ ပုံရိပ်သည် ကျောက်စိမ်းတုံးနှင့် တဖြည်းဖြည်း ထပ်တူကျလာသည်။ အနှစ်သာရ မရှိသော အပိုင်းများကို ဖယ်ရှားပြီး အနှစ်သာရကို ချန်ထားလိုက်ရာ သဘာဝကျပြီး လက်ရာမြောက်သော ရုပ်တုတစ်ခု ဖြစ်ပေါ်လာသည်။

အချိန်များ ကုန်ဆုံးသွားသော်လည်း ရှုချင်း မျက်လုံး မဖွင့်သေးပေ။ စားပွဲပေါ်တွင် ကျောက်စိမ်းမှုန့်များ ပုံလာပြီး နှာခေါင်းထိပ်တွင်ပင် ကျောက်မှုန့်များ ပေကျံနေသည်။ ကခုန်နေသော ထွင်းဓားအောက်တွင် ကိုယ်တစ်ပိုင်း ပုံတူရုပ်တုတစ်ခု တဖြည်းဖြည်း ပုံပေါ်လာသည်။

"ဟူး!"

ရှုချင်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး ထွင်းထုခြင်းကို ရပ်လိုက်သည်။ အနည်းငယ် နာကျင်နေသော လက်မောင်းကို လှုပ်ခါလိုက်ပြီး ရုပ်တုကို လက်ဖဝါးပေါ် တင်လိုက်သည်။ ရုပ်တု၏ ပါးပြင်မှ ကျောက်မှုန့်များကို ညင်သာစွာ သုတ်ဖယ်လိုက်ပြီး နှုတ်ခမ်းဖြင့် နမ်းရှိုက်လိုက်သည်။

"တစ်... တစ်..."

စားပွဲပေါ်မှ နှိုးစက် မြည်လာသည်။ ဒီရုပ်တုကို တစ်ညလုံး ထွင်းထုနေခဲ့တာကိုး။ ရှုချင်း ရုပ်တုကို ပိုးသားစဖြင့် သန့်ရှင်းအောင် သုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ ရုပ်တုကို မျက်စိမှိတ်ပြပြီး "ရွှယ်အာ ကိုယ် ကျောင်းသွားတော့မယ်။ ညကျမှ ပြန်တွေ့မယ်နော်" ဟု နှုတ်ဆက်လိုက်သည်။

စားပွဲကို ကမန်းကတန်း ရှင်းလင်းပြီး မျက်နှာသစ်၊ ကျောပိုးအိတ် လွယ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မနက်စာ စားပြီးနောက် လျှပ်စစ်ဆိုင်ကယ် ယူရန် ပြေးသွားရာ ဘက်ထရီ ကုန်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရပ်ကွက်ဂိတ်ပေါက်သို့ ပြေးထွက်ပြီး ဘတ်စ်ကား စီးလိုက်ရသည်။

ကျောင်းရှေ့ ရောက်သောအခါ အချိန်ပိုနေသေးကြောင်း တွေ့လိုက်ရသည်။ ကျောင်းနှင့် မလှမ်းမကမ်းရှိ မိတ္တူနှင့် စာစီစာရိုက်ဆိုင်ကို တွေ့လိုက်ရသဖြင့် စိတ်ကူးပေါက်ပြီး အိတ်ထဲမှ စာရွက်လိပ်ကို ထုတ်ကာ ဆိုင်ထဲ ဝင်သွားလိုက်သည်။

ဆိုင်ထဲတွင် ဆံပင်မြင်းမြီး စည်းထားသော မိန်းကလေးတစ်ဦး ကွန်ပျူတာရှေ့ ထိုင်ပြီး နေကြာစေ့ စားနေသည်။ ဖောက်သည် ဝင်လာသည်ကို မြင်သောအခါ ပြုံးပြီး မတ်တတ်ရပ်ကာ "မင်္ဂလာပါ၊ ဘာကူညီပေးရမလဲ" ဟု နှုတ်ဆက်လိုက်သည်။

ရှုချင်း လက်ထဲမှ စာရွက်လိပ်ကို ဝှေ့ယမ်းပြပြီး "ဒါကို ၂ စုံလောက် မိတ္တူဆွဲချင်လို့ပါ။ အပိုင်းလိုက်လေးတွေ ဖြစ်ရင် ပိုကောင်းမယ်" ဟု ပြောလိုက်သည်။

မိန်းကလေးက စာရွက်လိပ်ကို ယူ၊ ဖြန့်ကြည့်ပြီး "မိတ္တူအရင်ဆွဲပြီးမှ ကတ်ကြေးနဲ့ အပိုင်းလိုက် ညှပ်လိုက်ရင်ရော။ အဲဒါက ပိုလွယ်မယ်" ဟု အကြံပေးလိုက်သည်။

ရှုချင်း ခေါင်းညိတ်ပြီး "ကောင်းပြီလေ၊ ၂ စုံ ဆွဲပေးပါ။ စာလုံးတွေ ထင်ရှားပါစေ" ဟု မှာလိုက်သည်။

မိန်းကလေးက စာရွက်လိပ်ကို မိတ္တူစက်ပေါ် မှောက်တင်ပြီး ခလုတ်နှိပ်လိုက်ရာ ၂ စက္ကန့်အတွင်း ပြီးသွားသည်။ ထို့နောက် မိတ္တူစာရွက်များကို ကတ်ကြေးဖြင့် အပိုင်းလိုက် ညှပ်၊ စာရွက်ညှပ်ဖြင့် တွဲပြီး အထပ်ငယ် ၂ ထပ် လုပ်ကာ ရှုချင်းကို ပေးလိုက်သည်။

"၅ ယွမ်ပါ"

ဈေးနှုန်းက အလွန် သင့်တင့်သည်။ ရှုချင်း ပိုက်ဆံအိတ်ထုတ်ပြီး ရှင်းလိုက်သည်။ ကျေးဇူးတင်စကား ပြောပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။

အတန်းထဲ ရောက်သောအခါ ပုံမှန်ဆို အစောဆုံး ရောက်နေတတ်သော ရှန်မို မရှိသည်ကို တွေ့လိုက်ရသည်။ နေရာတွင် ဝင်ထိုင်ပြီး စာအုပ်ထုတ်ကာ စာလေ့လာမှု စတင်လိုက်သည်။

မနက်ပိုင်း အတန်းချိန် ၄ ချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရှုချင်း ပစ္စည်းများ သိမ်းဆည်းပြီး ကန်တင်းသို့ သွားရန် ပြင်လိုက်သည်။ အခန်းဝသို့ ရောက်သည်နှင့် အားကစားဆရာ တုန်ဟန်ယွမ်နှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် အသက် ၅၀ ခန့် ရှိပြီး အရပ်ရှည်ကာ ထွားကြိုင်းသည်။ ထိပ်ပြောင်နေပြီး ရွှေကိုင်းမျက်မှန် တပ်ဆင်ထားသည်။

"ရှုချင်း၊ ဆရာ့ကို နေ့လယ်စာ အတူစားခွင့် ပေးမလား" တုန်ဟန်ယွမ်က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။ ရှုချင်း၏ အံ့မခန်း ဘတ်စကက်ဘော စွမ်းရည်ကို တွေ့ရှိပြီးကတည်းက သူသည် ပရော်ဖက်ရှင်နယ် ကိုယ်စားလှယ် ဖြစ်လာရန် အိပ်မက်မက်နေခဲ့သည်။ ဘတ်စကက်ဘောပွဲ ဗီဒီယိုကို ရှာဖွေပြီး တရုတ်နိုင်ငံရှိ ပရော်ဖက်ရှင်နယ် အသင်းတစ်သင်း၏ မန်နေဂျာကို ကိုယ်တိုင် သွားရောက် ရှာဖွေခဲ့သည်။ ဘေးနားမှ သက်လတ်ပိုင်း အမျိုးသားမှာ ထိုမန်နေဂျာပင် ဖြစ်သည်။

"ကန်တင်းမှာပဲ စားလိုက်ပါ့မယ်ဗျာ။ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့" ရှုချင်းက အားကစားဆရာကို မျက်နှာသာ ပေးမနေဘဲ ဆင်ခြေပေးပြီး ငြင်းလိုက်သည်။

အငြင်းခံလိုက်ရသော်လည်း တုန်ဟန်ယွမ် စိတ်ပျက်ပုံ မပြပေ။ ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ဆန်းပေါင် ဘတ်စကက်ဘော အသင်းရဲ့ အထွေထွေမန်နေဂျာ မစ္စတာ ဖန်ကျစ်မင်ပါ။ မင်းရဲ့ အားကစား စွမ်းရည်ကို အရမ်း စိတ်ဝင်စားနေပြီး အသင်းထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်နေတာ..."

ရှုချင်း ခေါင်းခါလိုက်ပြီး "ကျွန်တော်က ဘတ်စကက်ဘောကို ဝါသနာအရပဲ ကစားတာပါ။ ဘယ်အသင်းကိုမှ ဝင်ဖို့ စိတ်ကူးမရှိပါဘူး။ ပြီးတော့ ကျွန်တော်က ကျောင်းသားလေ။ တက္ကသိုလ်ကောင်းကောင်း တက်ရဖို့က အခုလောလောဆယ် လုပ်ရမယ့် အလုပ်ပါပဲ။ ကျေးဇူးပါ" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူတို့နှစ်ဦးကြားမှ လျှောခနဲ တိုးထွက်သွားသည်။ ဖန်ကျစ်မင်က အလိုအလျောက် လက်လှမ်းတားလိုက်သော်လည်း မမီလိုက်ပေ။ ရှုချင်း၏ ကျောပြင်ကို စိုက်ကြည့်ကျန်ရစ်ခဲ့သည်။

"မန်နေဂျာဖန်၊ ဒီကောင်လေးက အသင်းဝင်မယ့်ပုံ မပေါ်ဘူး" တုန်ဟန်ယွမ် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ မျက်နှာတွင် စိတ်ပျက်ရိပ်များ ပေါ်နေသည်။

ဖန်ကျစ်မင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး "ကိုယ်စားလှယ် ဖြစ်ချင်ရင် စိတ်မလျော့နဲ့လေ။ ငါ ဒီကောင်လေးကို အရမ်း စိတ်ဝင်စားတယ်။ အချိန်ရရင် အစမ်းလေ့ကျင့်ဖို့ အသင်းကို ခေါ်လာခဲ့။ စာချုပ်ကောင်းကောင်း ပေးဖို့ ငါ ဝန်မလေးဘူး" ဟု ပြောလိုက်သည်။

တုန်ဟန်ယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး "သေချာပေါက် စည်းရုံးပါ့မယ်၊ သေချာပေါက် စည်းရုံးမယ်" ဟု အားတက်သရော ပြောလိုက်သည်။

သူတို့နှစ်ဦး ပြောစကားများကို ရှုချင်း မကြားရတော့ပေ။ ကန်တင်းထောင့်တစ်နေရာတွင် ထိုင်ပြီး ထမင်းစားနေပြီ ဖြစ်သည်။ ဒီနေ့ ဟင်းတွေ မဆိုးဘူး။ ဒါပေမဲ့ ထမင်းထဲပါလာတဲ့ ကျောက်ခဲဖြူလေး တစ်လုံးကို ဝါးမိသွားတယ်။ ကံကောင်းလို့ သွားကောင်းလို့သာ။ ကျောက်ခဲ ကွဲသွားပေမယ့် သွားကတော့ ဘာမှ မဖြစ်ဘူး။

နေ့လယ်စာ စားပြီးခါစတွင် ဖုန်းမြည်လာသည်။ ထုတ်ကြည့်လိုက်ရာ ကျန်းစီယွီထံမှ မက်ဆေ့ခ်ျ ဖြစ်နေသည်။ "ကျောင်းဆင်းရင် ကျောင်းပေါက်ဝမှာ တွေ့မယ်" ဟူသော ရိုးရှင်းသည့် စာကြောင်းလေးသာ ဖြစ်သည်။

ရှုချင်း အနည်းငယ် ပြုံးလိုက်ပြီး "ဒီညစာတော့ အဆင်ပြေသွားပြီ။ ဂျပန်ကောင်က ငြင်းဆန်ပြီး ပြစ်ဒဏ်ကြီးကြီး ခံရဖို့ ရွေးချယ်လိုက်သလား မသိဘူး..." ဟု တွေးလိုက်သည်။

ညနေ ကျောင်းဆင်းသောအခါ ရှုချင်း ကျောပိုးအိတ်လွယ်ပြီး ကျောင်းပေါက်ဝမှ ထွက်လာသည်။ အဝေးမှ လမ်းဘေးတွင် ရပ်ထားသော ရဲကားတစ်စီးကို လှမ်းမြင်လိုက်ရသည်။ ကျန်းစီယွီသည် ကားဘေးတွင် ရပ်ပြီး သူ့ကို ကြည့်နေသည်။ မျက်နှာထားက မုန့်ပေါင်းလို တင်းမာနေသည်။ မိန်းကလေးတစ်ယောက်အနေနဲ့ မှုခင်းရဲအရာရှိ လုပ်ရတာ မကောင်းဘူး ထင်တယ်။ ဟော်မုန်းမညီမျှတာတွေ ဘာတွေ ဖြစ်လွယ်တယ်။

ရှုချင်း ရှေ့တိုးသွားပြီး တောက်ပစွာ ပြုံးပြလိုက်သည်။ "နင် ဒီလောက် ကတိတည်မယ် မထင်ထားဘူး။ ကဲ... ဘယ်သွားစားကြမလဲ"

ကျန်းစီယွီ မျက်မှောင်ကြုတ်ပြီး "ကားပေါ်တက်၊ နင့်ကို နေရာကောင်းတစ်ခု ခေါ်သွားမယ်" ဟု ပြောလိုက်သည်။

ရှုချင်း အားနာမနေဘဲ ကားပေါ်တက်လိုက်သည်။ ကျန်းစီယွီ မြောက်ဘက်သို့ မောင်းထွက်သွားသည်။ ကြည့်ရတာ ဒီကောင်မလေး ဒီနေ့ စိတ်ဖိစီးနေပုံရသည်။ ဥသြဆွဲပြီး မီးနီတိုင်း ဖြတ်မောင်းနေသည်။ တစ်နာရီ မိုင် ၈၀ နှုန်းအထက် မောင်းနှင်နေပြီး သူခိုးလိုက်ဖမ်းနေသကဲ့သို့ ဖြစ်နေသည်။ ၁၅ မိနစ်အကြာတွင် ကားသည် ဟိုတယ်တစ်ခု၏ ကားရပ်နားကွင်းတွင် "ကျွီ" ခနဲ ထိုးရပ်လိုက်သည်။ ဥသြသံ ၂ ချက် အားနည်းစွာ ထွက်ပေါ်ပြီးနောက် စက်ရပ်သွားသည်။