အခန်း (၂၁၂) အဆင့်နိမ့် စစ်တုရင်သမား
နောက်တစ်နေ့တွင် ဖုန်းသံကြောင့် ရှုချင်းလန့်နိုးလာသည်။ မနက် ၉ နာရီအထိ အိပ်နေလိုက်တာ။ တိတိကျကျ ပြောရရင် ဖုန်းဖွင့်လိုက်တာနဲ့ ချက်ချင်း ဝင်လာတာ။
ဖုန်းကိုင်လိုက်သည်နှင့် ပါမောက္ခဂူ၏ စိုးရိမ်တကြီး အသံ ထွက်ပေါ်လာသည်။ "ချစ်လှစွာသော ရှု ရေ၊ မင်း အိပ်တာ များလွန်းနေပြီ။ ဒီအဘိုးကြီး အပြင်မှာ စောင့်နေတာ ၂ နာရီ ရှိပြီကွ!"
ရှုချင်း ဖုန်းအားကုန်နေလို့ပါ ဆိုပြီး ဆင်ခြေပေး၊ မျက်နှာသစ်၊ အပြင်ထွက်လာခဲ့သည်။ အိမ်ရာဝင်း အဝင်ဝတွင် မြက်စိမ်းရောင် စစ်ဂျစ်ကားတစ်စီး ရပ်ထားသည်။ ပါမောက္ခဂူ လက်နောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ရှုချင်း ထွက်လာသည်ကို မြင်သောအခါ တင်းမာနေသော မျက်နှာကြီး ပြုံးသွားသည်။
"မြန်မြန် ကားပေါ်တက်၊ ဟို ခေါင်းမာတဲ့ အဘိုးကြီး စိတ်မရှည် ဖြစ်နေလောက်ပြီ"
ရှုချင်း စစ်ယူနီဖောင်း ဝတ်ထားသော ယာဉ်မောင်းကို တချက်ကြည့်လိုက်ရာ ရင်းနှီးနေသလို ခံစားရသော်လည်း ဘယ်မှာ တွေ့ဖူးမှန်း မမှတ်မိပေ။ ပါမောက္ခဂူ တိုက်တွန်းသဖြင့် ကားပေါ်တက်လိုက်သည်။ ကားသည် မြောက်ဘက်သို့ ဦးတည်မောင်းနှင်သွားပြီး နာရီဝက်အကြာတွင် လုံချွမ် (နဂါးစမ်းချောင်း) အပန်းဖြေစခန်း ရှေ့တွင် ရပ်တန့်သွားသည်။
လက်နက်ကိုင် ကင်းစောင့်တစ်ဦး ရှေ့တိုးလာပြီး စံချိန်မီ စစ်တပ်အလေးပြုသည်။ ယာဉ်မောင်းက အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခု ထုတ်ပြီး ပြတင်းပေါက်မှ ပေးလိုက်သည်။ စစ်ဆေးပြီးနောက် ကားသည် အပန်းဖြေစခန်းထဲသို့ ဆက်လက် မောင်းနှင်သွားသည်။
"ကုပေးရမယ့် မိတ်ဆွေဟောင်းက ဒီမှာ နေတာလား" ရှုချင်း တစ်စုံတစ်ခုကို ရိပ်မိလိုက်သဖြင့် ပါမောက္ခဂူကို တိုးတိုးလေး မေးလိုက်သည်။
ပါမောက္ခဂူ သက်ပြင်းချပြီး "အင်း... ခေါင်းမာတဲ့ အဘိုးကြီးက ငယ်ငယ်တုန်းက ကျည်ဆန်မိုးရွာတဲ့ကြားက အသက်ရှင် လွတ်မြောက်ခဲ့တာ။ အသက်ကြီးမှ ရောဂါဝေဒနာ ခံစားနေရတာကို ငါ မကြည့်ရက်နိုင်ဘူး။ မင်းသာ သူ့ကို ပျောက်အောင် ကုပေးနိုင်ရင် အဘိုးကြီးက မင်းအပေါ် ကျေးဇူးအကြီးကြီး တင်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။
ရှုချင်း၏ မျက်နှာထား လေးနက်သွားပြီး "ခင်ဗျား ပြောတဲ့ ခေါင်းမာတဲ့ အဘိုးကြီးရဲ့ မျိုးရိုးနာမည်က ကော် လား။ သူ့မှာ ကော်ဟွိုင်ကန်းဆိုတဲ့ သားတစ်ယောက် ရှိလား" ဟု မေးလိုက်သည်။
ပါမောက္ခဂူ အံ့သြသွားပြီး "မင်း ဘယ်လိုသိလဲ။ ဟွိုင်ကန်းကို သိတာလား" ဟု ပြန်မေးလိုက်သည်။
ယာဉ်မောင်းက ခါးသီးစွာ ပြုံးပြီး လှည့်ကြည့်ကာ "မစ္စတာရှု၊ ကျန်းတာ တက္ကသိုလ်မှာ သတိလစ်အောင် အထိုးခံလိုက်ရတဲ့ သက်တော်စောင့် ၂ ယောက်ကို မှတ်မိလား။ ကံဆိုးစွာနဲ့ ကျွန်တော်က အဲဒီထဲက တစ်ယောက်ပါ" ဟု ဖြေလိုက်သည်။
ရှုချင်း ရုတ်တရက် နားလည်သွားသည်။ ဒီကောင့်ကို ရင်းနှီးနေတာ မဆန်းပါဘူး။ လူရိုက်တဲ့သူက မမှတ်မိတတ်ပေမယ့် အရိုက်ခံရတဲ့သူက ၁၀ နှစ်လောက် မှတ်မိနေတတ်တာကိုး။
"ဆောရီးကွာ၊ အဲဒီနေ့က နည်းနည်း လွန်သွားတယ်" ရှုချင်း တခစ်ခစ် ရယ်မောပြီး နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ပါမောက္ခဂူ မျက်လုံးပြူးသွားပြီး "မင်း... မင်းက ရှောင်ချွေ့ကို ရိုက်ခဲ့တာလား" ဟု အံ့သြစွာ မေးလိုက်သည်။
ပါမောက္ခဂူက လုံချွမ် အပန်းဖြေစခန်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူး ယူထားတာ။ ဗဟိုဆေးရုံမှာက နာမည်ခံ လုပ်နေတာ။ ဒီက ကင်းစောင့်တွေ အကုန်လုံးကို နာမည်နဲ့တကွ သိတယ်။ ခေါင်းမာတဲ့ အဘိုးကြီးရဲ့ မိသားစုဝင်တွေကိုလည်း သိတယ်။ ဒီကောင်လေးက အဘိုးကြီးရဲ့ သက်တော်စောင့်ကို ရိုက်ခဲ့တယ် ဆိုလို့ အံ့သြသွားတာ။
ရှောင်ချွေ့ ရယ်မောပြီး "မစ္စတာရှုနဲ့ မစ္စလု တို့က တော်တော် ရင်းနှီးကြတာ။ အဲဒီနေ့က သူက ဟောင်ဇီနဲ့ ကျွန်တော့်ကို လက်ကွက် အနည်းငယ်နဲ့တင် အလဲထိုးလိုက်တာ။ ကျွန်တော် လေးစားပါတယ်" ဟု ပြောလိုက်သည်။
ငြိမ်းချမ်းရေးကာလ ဖြစ်ပေမယ့် စစ်တပ်က အင်အားကြီးသူကို အလေးထားဆဲပါပဲ။ သန်မာတဲ့ လက်သီးက ငွေလျှာထက် ပိုကောင်းတယ်လို့ ယုံကြည်ကြတယ်။ ရှုချင်း သူ့ကို အလဲထိုးတုန်းက ရှောင်ချွေ့ စိတ်မဆိုးခဲ့ပါဘူး။ ရှုချင်းရဲ့ သိုင်းပညာကိုတောင် အားကျနေမိတယ်။
"ဟားဟား! မင်းက အဲဒီ ခေါင်းမာတဲ့ အဘိုးကြီးရဲ့ မြေးမလေးနဲ့ ကြိုက်နေတာကိုး။ အဘိုးကြီးရဲ့ ကျေးဇူးတင်စကားတော့ မရတော့ဘူး၊ ဒါပေမဲ့ မင်းတို့အတွက် အောင်သွယ်တော် လုပ်ပေးပြီး သားရေဖိနပ် ၂ ရံလောက်တော့ လက်ဆောင်ရနိုင်တယ်"
ပါမောက္ခဂူ ဝမ်းသာသွားသည်။ ရှုချင်းက သူ့မိတ်ဆွေဟောင်းရဲ့ မြေးမလေးနဲ့ ချစ်ကြိုက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ပျော်လွန်းလို့ စကားတောင် ရင့်သီးကုန်ပြီ။ (သားရေဖိနပ် လက်ဆောင်ရတယ် ဆိုတာ မင်္ဂလာဆောင် အောင်သွယ်တော် လုပ်ပေးရင် ရလေ့ရှိတဲ့ လက်ဆောင်ကို တင်စားတာပါ)
ရှုချင်း နဖူးပေါ်မှ ချွေးစေးများကို သုတ်ပြီး "ကောင်းပြီလေ၊ ၂ ရံ မကဘူး၊ အဘိုးအတွက် သားရေဖိနပ် အရံ ၂၀၀ တောင် ယူလာပေးပါ့မယ်" ဟု အရှက်မရှိ ပြန်ပြောလိုက်သည်။
ကားသည် သစ်ပင်ရိပ်လမ်းအတိုင်း ၂ ပတ်လောက် ပတ်မောင်းပြီး လုံးချင်းအိမ်ကြီး တစ်လုံး ရှေ့တွင် ရပ်တန့်သွားသည်။ ဝင်ပေါက်တွင် စစ်ယူနီဖောင်းဝတ် ၂ ဦး ရပ်နေသော်လည်း သေနတ်ကိုင်မထားဘဲ ခါးတွင် သတ္တုလက်နက်များ ချိတ်ဆွဲထားသည်။
ရှောင်ချွေ့က ပါမောက္ခဂူနှင့် ရှုချင်းကို ဦးဆောင်ပြီး တံခါးပေါက် ဖြတ်သန်းသွားရာ တံခါးဘောင်ရှိ အာရုံခံကိရိယာများ "တီ! တီ!" ဟု မြည်လာသည်။ ကင်းစောင့် ၂ ဦး မျက်နှာထား တင်းမာသွားပြီး ရှုချင်းကို တားလိုက်သည်။
"ရှောင်ရှု! သတ္တုပစ္စည်း ဘယ်လောက်တောင် သယ်လာတာလဲ" ပါမောက္ခဂူ မျက်မှောင်ကြုတ်ပြီး "သတ္တုပစ္စည်းတွေကို သူတို့ဆီ ခဏ အပ်ထားလိုက်၊ ပြန်မှ လာယူမယ်" ဟု ပြောလိုက်သည်။
ရှုချင်း မျက်နှာနီသွားသည်။ အိတ်ကပ်ထဲမှ သော့နှင့် ဖုန်းကို ထုတ်ပေးလိုက်သည်။ ထို့နောက် အင်္ကျီလှန်ပြီး ဓားတိုတစ်ချောင်း ဖြုတ်ပေးလိုက်သည်။ အပြင်သွားရင် ဒီဓားကို ခါးမှာ ချိတ်သွားနေကျ။ ဒီ နဂါးချောက်နက် ဓားတိုက တော်တော် အသုံးဝင်တယ်။ မနေ့က ကျောက်ဖြတ်တုန်းကတောင် သုံးခဲ့သေးတယ်။
"ဟားဟား၊ မင်းမှာ လက်နက် ပါလာလိမ့်မယ်လို့ ထင်မထားဘူး" ပါမောက္ခဂူ ဓားတိုကို မြင်တော့ အံ့သြသွားသော်လည်း ရှုချင်းရဲ့ နောက်ခံကို ပြန်တွေးမိပြီး နားလည်သွားသည်။ သိုင်းပညာရှင် တစ်ယောက် ဓားဆောင်တာ ဘာထူးဆန်းလို့လဲ။
"နဂါးချောက်နက် ဓားတိုကို ကိုယ်နဲ့မကွာ ထားလေ့ရှိတယ်။ မပျောက်စေနဲ့နော်" ရှုချင်း ပစ္စည်းအားလုံးကို ကင်းစောင့်လက်ထဲ ထည့်ပေးပြီး သေချာ မှာကြားလိုက်သည်။ ထို့နောက် ပါမောက္ခဂူ နောက်မှ လိုက်ပြီး ခြံဝင်းထဲ ဝင်သွားသည်။
ခြံဝင်းသည် ကျယ်ဝန်းပြီး အလယ်တွင် ကျောက်ဆောင်တုနှင့် ရေကန်ငယ် တစ်ခု ရှိသည်။ ရေကန်ထဲတွင် ကိုကီငါး အချို့ မွေးထားသည်။ ရေကန်ဘေးတွင် သလဲပင်ပု အချို့ ရှိပြီး အသီးများ ပြွတ်ခဲနေသော်လည်း ဘယ်သူမှ မခူးကြပေ။ ဒီခြံဝင်းက ရှုချင်း ဗီလာထက် ပတ်ဝန်းကျင် ပိုကောင်းတယ်။ အငြိမ်းစား ဘဝကို ကုန်ဆုံးဖို့ တကယ် ကောင်းမွန်တဲ့ နေရာပါပဲ။
ပါမောက္ခဂူက ဒီနေရာကို ရင်းနှီးကျွမ်းဝင်နေသည်။ အရှေ့ဘက်ရှိ ဘန်ဂလို အိမ်လေးဆီ တန်းခေါ်သွားပြီး တခစ်ခစ် ရယ်မောကာ "ဒီ ခေါင်းမာတဲ့ အဘိုးကြီးမှာ ရိုင်းစိုင်းတဲ့ အကျင့်တစ်ခု ရှိတယ်။ မနက်ဘက် အရှေ့ဘက် အခန်းမှာ နေရင် 'မနက်ခင်း အရှေ့တောင်အာရှမှာ ထိုင်တယ်' လို့ ခေါ်တယ်။ နေ့လယ်ဘက် အနောက်ဘက် အခန်း ရောက်ရင် 'နေ့လယ်ခင်း အနောက်တိုင်း လူရိုင်းတွေကို နှိမ်နင်းတယ်' လို့ ခေါ်တယ်။ ညစာစားပြီး တောင်ဘက် အခန်းမှာ တစ်မှေးအိပ်ရင် 'ညဘက် တောင်အမေရိကကို ရှင်းလင်းတယ်' လို့ ခေါ်တယ်။ မြောက်ဘက် အခန်းမှာ ညအိပ်ရင် 'အရပ်လေးမျက်နှာကို ပေါင်းစည်းတယ်' လို့ ခေါ်တယ်" ဟု ရှင်းပြသည်။
ရှုချင်း အနည်းငယ် ပြုံးပြီး "ဒီအဘိုးကြီးက အပန်းဖြေစခန်းကို စစ်မြေပြင်လို့ သဘောထားပြီး အချိန်ပြည့် စစ်တိုက်ဖို့ တွေးနေတာပဲ" ဟု ပြောလိုက်သည်။
စကားမဆုံးခင် တံခါး "ကျွီ" ခနဲ ပွင့်သွားပြီး နွားပေါက်လောက် ရှိသော ဂျာမန် သိုးထိန်းခွေး ၂ ကောင် ပြေးထွက်လာသည်။ ခြေထောက်ကုတ်၊ တင်ပါးမြှောက်ပြီး ရှုချင်းကို ဟိန်းဟောက်နေကြသည်။ သွားဖြဲထားပုံက ကျောချမ်းစရာ ကောင်းလှသည်။
"ဘုရှ်၊ အိုဘားမား၊ မင်းတို့ကောင်တွေ ထွက်သွားစမ်း!" ပါမောက္ခဂူ အော်ဟစ်လိုက်ရာ ခွေးကြီး ၂ ကောင် ညည်းတွားပြီး အမြီးကုပ်ကာ ထွက်ပြေးသွားကြသည်။
"အဘိုးဂူ၊ ခုနက ခွေး ၂ ကောင်ကို ဘယ်လို ခေါ်လိုက်တယ်?" ရှုချင်း ကြောင်တောင်တောင် ဖြစ်သွားသည်။ ပါမောက္ခဂူက ဖြည်းညှင်းစွာ ရှင်းပြသည်။ "နဖူးပေါ်မှာ အဝါရောင် အမွှေးစပါတာကို ဘုရှ် တဲ့။ အနက်ရောင် အမွှေးစပါတာကို အိုဘားမား တဲ့။ ပါးနပ်တဲ့ အဘိုးကြီး မဟုတ်လား"
ရှုချင်း လက်မထောင်ပြပြီး "ပါးနပ်ရုံတင် မကဘူး၊ သောက်ရမ်း ပါးနပ်တာ" ဟု ထောက်ခံလိုက်သည်။
"ဟားဟား! ဒီကောင်လေးက အမြင်ရှိသားပဲ။ ဝင်လာပြီး ထိုင်ကြ။ အဘိုးဂူ၊ လာ... ငါနဲ့ ၂ ပွဲလောက် ကစားရအောင်။ ဒီရက်ပိုင်း ပျင်းလွန်းလို့ သေတော့မယ်"
အိမ်ထဲမှ မိုးခြိမ်းသံလို အသံကြီး ထွက်ပေါ်လာသည်။ စကားပြောပုံက အရပ်သုံးစကားတွေ၊ ရိုင်းစိုင်းတဲ့ စကားလုံးတွေ ရောနှောနေတယ်။ ဒီအဘိုးကြီးက ဟိုတုန်းက ရက်စက်ကြမ်းကြုတ်တဲ့ စစ်သူကြီး ဖြစ်ခဲ့မှာ သေချာတယ်။
ပါမောက္ခဂူ ရှုချင်းကို တစ်ချက်ကြည့်ပြီး အိမ်ထဲ ဝင်သွားသည်။ အခန်းက လင်းထိန်ပြီး သန့်ရှင်းနေသည်။ ကြမ်းပြင်အပါအဝင် ပရိဘောဂ အားလုံးကို သစ်သားဖြင့် ပြုလုပ်ထားသည်။ အခန်းလယ်ရှိ လေးထောင့် စားပွဲတွင် ဆံပင်ဖြူနှင့် ထွားကြိုင်းသော အဘိုးအို တစ်ဦး စစ်တုရင် ခုံကို မျက်မှောင်ကြုတ် ကြည့်နေသည်။
ခန့်မှန်းစရာ မလိုပါဘူး။ ဒီအဘိုးကြီးက လုယင်းရွှယ်ရဲ့ အဘိုး၊ ကော်ဟွိုင်ကန်းရဲ့ အဖေ၊ တရုတ်ပြည်မှာ လက်ကျန် ရဲရင့်သော စစ်သူကြီး အနည်းငယ်ထဲက တစ်ဦး ဖြစ်တဲ့ "စစ်ပွဲတိုင်း အနိုင်ရသူ" စစ်သူကြီး ကော်ချန်ရှန်းပင် ဖြစ်သည်။
ပြည်တွင်း ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ အများစုက သူ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ။ ဟိုတုန်းက ဓားမကြီး တစ်လက်နဲ့ တော်လှန်ရေး စတင်ခဲ့ပြီး စစ်သားဘဝကနေ စစ်သူကြီး ဖြစ်လာတဲ့ ဒဏ္ဍာရီ တစ်ပုဒ်ကို ဖန်တီးခဲ့သူပါ။ ရှုချင်း ငယ်ငယ်ကတည်းက သူ့အကြောင်း ကြားဖူးပြီး အရမ်း လေးစားခဲ့တာ။ အဲဒီတုန်းက ဝါးခြမ်းပြားကို "ဓားမကြီး" လုပ်ပြီး အိမ်နီးချင်းအိမ်က ကြက် ၂ ကောင်ကိုတောင် ခုတ်သတ်ခဲ့ဖူးတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: