ရှုချင်း နှာခေါင်းကို ပွတ်သပ်ပြီး ပြုံးကာ "မလိုပါဘူး။ လာပေးတဲ့ ပိုက်ဆံကို ငြင်းစရာ အကြောင်းမှ မရှိတာ။ ထွက်ကြည့်ကြရအောင်" ဟု ပြောလိုက်သည်။

ဆရာကြီးဟွမ် ဖုန်းချလိုက်ပြီး ရှုချင်းနောက်မှ လိုက်ပါလာသည်။ အရောင်းခန်းမထဲ ရောက်သောအခါ မီဝေမင်နှင့် လုံခြုံရေး ၅ ဦးက ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသား ၂ ဦးကို ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။ တစ်ဦးက အသက်လတ်ပိုင်း၊ အသားဖြူဖြူ၊ မေးစေ့မော့ပြီး လူတွေကို အထင်သေးစွာ ကြည့်တတ်သော ပုံစံမျိုး။ နောက်တစ်ဦးက အသက် ၂၀ ခန့်၊ ဝဝဖိုင့်ဖိုင့်၊ မျက်မှန်အနက် ကိုင်းကျဉ်း တပ်ထားပြီး စကားပြန် လုပ်နေသူ ဖြစ်သည်။

"မစ္စတာကင်ဒယ်ရှုက အရှေ့တောင်အာရှ လောင်းကစားဘုရင် မစ္စတာရှုချင်းကို စိန်ခေါ်ချင်တာပါ။ တကယ့် ရိုးသားတဲ့ စိန်ခေါ်မှုပါ။ သူ အမေရိကန်ဒေါ်လာ ၅ သန်း ယူလာပါတယ်။ မစ္စတာရှုကို စိန်ခေါ်မှု လက်ခံဖို့ ပြောပေးပါ..."

မီဝေမင် မျက်မှောင်ကြုတ်ပြီး "ကျွန်တော် ပြောပြီးသားလေ၊ ဒါ ရတနာဆိုင်ပါ။ ရတနာ၊ ကျောက်စိမ်း ဝယ်ချင်ရင် ကြိုဆိုပါတယ်။ လောင်းကစား စိန်ခေါ်မှုတွေ လုပ်ချင်ရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ လောင်းကစား ဆိုတာ တရားမဝင်ပါဘူး။ အထူးသဖြင့် ဒီလို တန်ဖိုးကြီး လောင်းကစားမျိုးပေါ့" ဟု ငြင်းဆန်လိုက်သည်။

ဝဖိုင့်ဖိုင့် စကားပြန်က တခစ်ခစ် ရယ်မောပြီး "ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒါ လောင်းကစား မဟုတ်ပါဘူး။ မစ္စတာရှု နိုင်ရင် ဒေါ်လာ ၅ သန်း အလကား ပေးမှာပါ။ ပိုက်ဆံ အလကား ပေးတာကို တားမြစ်တဲ့ ဥပဒေ မရှိပါဘူးနော်" ဟု ပြောလိုက်သည်။

ရတနာဆိုင် ဝန်ထမ်းများ အံ့သြတကြီး အာမေဋိတ်သံ ပြုလိုက်ကြသည်။ ဒေါ်လာ ၅ သန်း အလကား ပေးမယ်တဲ့! ယုံနိုင်စရာ မကောင်းလိုက်တာ။ တို့သူဌေးက တကယ်ပဲ အရှေ့တောင်အာရှ လောင်းကစား သူဌေးကြီး ဖြစ်နေတာလား။

"ဒေါ်လာ ၅ သန်းက များလို့လား" အနောက်မှ လှောင်ပြောင်သံ တစ်ခု ထွက်ပေါ်လာသည်။ ရှုချင်း အေးအေးဆေးဆေး လျှောက်လာပြီး မီဝေမင်ကို ခေါင်းညိတ်ပြကာ "ခင်ဗျား ကောင်းကောင်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လာပေးတဲ့ ပိုက်ဆံကို ငြင်းတာက ဟန်ဆောင်လွန်းရာ ကျနေလိမ့်မယ်" ဟု ပြောလိုက်သည်။

စကားပြန်က ရှုချင်းကို ချက်ချင်း မှတ်မိလိုက်သည်။ အဓိက ဇာတ်ကောင် ပေါ်လာသည်ကို မြင်တော့ မျက်နှာကြီး ပြုံးဖြီးသွားသည်။ "မစ္စတာရှုက တကယ့် လောင်းကစားဘုရင် ပီသပါပေတယ်။ သဘောထားကြီးမှုက သာမန်လူတွေ လိုက်မမီနိုင်ပါဘူး..."

ရှုချင်း လက်ဝှေ့ယမ်းပြီး ရယ်မောကာ "ရပ်လိုက်တော့။ ငါက မြင်းမဟုတ်ဘူး (မြှောက်ပင့်တာကို တရုတ်စကားပုံအရ မြင်းဖင်ပုတ်တယ်လို့ တင်စားပါတယ်)၊ မင်းကလည်း ဓာတ်ပုံဆရာ မဟုတ်ဘူး (ဖင်ပုတ်ပြီး ဓာတ်ပုံရိုက်တယ်လို့ ဆိုလိုတာပါ)။ လိုရင်းကို ပြောတာ ပိုကောင်းမယ်။ လူကြီးလူကောင်း ၂ ယောက် လာတယ် မှတ်နေတာ၊ ဝဝဖိုင့်ဖိုင့် စကားပြန်တစ်ယောက် ဖြစ်နေတာကိုး" ဟု ပြောလိုက်သည်။

စကားပြန် မျက်နှာပျက်သွားသည်။ "ဒီမစ္စတာရှုက ဆဲဆိုမနေဘဲ လူကို စော်ကားတတ်သားပဲ။ ငါက ဂျပန်မာရ်နတ်တွေ ဘေးမှာ ရပ်နေတဲ့ စကားပြန်ဝဝကြီး မဟုတ်ပါဘူး။ ဘာလို့ ဒီလို အပြောခံရတာလဲ" ဟု တွေးမိသည်။

"မစ္စတာရှုက သဘောကောင်းလွန်းပါတယ်။ မစ္စတာကင်က လောင်းကစားဘုရင်ရဲ့ ဂုဏ်သတင်းကို လေးစားနေတာ ကြာပါပြီ။ လောင်းကစား စွမ်းရည်ကို မြင်ဖူးချင်လို့ပါ။" စကားပြန်က ရှုချင်းကို မျက်စိမှိတ်ပြပြီး အသံနှိမ့်ကာ "ခင်ဗျား နိုင်ရင် ဒီ ၅ သန်းကို သင်တန်းကြေး အဖြစ် သတ်မှတ်ပြီး ယူလိုက်ပါ။ မယူဘဲ မနေပါနဲ့" ဟု ပြောလိုက်သည်။

ရှုချင်း တခစ်ခစ် ရယ်မောလိုက်သည်။ ဒီစကားပြန်က စိတ်ဝင်စားစရာပဲ။ ကိုရီးယားတွေနဲ့ ပူးပေါင်းကြံစည်နေပုံ မရဘူး။ ဒါကြောင့် တိုးတိုးလေး မေးလိုက်သည်။ "မင်းက ကိုရီးယားတွေနဲ့ ဘယ်လို ပတ်သက်လဲ။ ပြောပြလို့ ရမလား"

စကားပြန်က ရယ်မောပြီး "ကျွန်တော်က နေ့စား အလုပ်သမားပါ။ ဘာသာပြန်ခ တစ်နာရီ ဒေါ်လာ ၂၀၀ ရတယ်။ ခင်ဗျား သူတို့နဲ့ လောင်းရင် နည်းနည်းလောက် အချိန်ဆွဲပေးပါလား။ ကျွန်တော် မုန့်ဖိုး ပိုရအောင်လို့" ဟု ပြောလိုက်သည်။

ရှုချင်း ရယ်မောပြီး "ကောင်းပြီလေ။ ကိုရီးယား စကားအပြင် ဂျပန်စကားရော တတ်လား" ဟု မေးလိုက်သည်။

စကားပြန် မျက်စိမှိတ်ပြပြီး "သေချာတာပေါ့! ဒါ ကျွန်တော့် အသက်မွေးဝမ်းကျောင်း ပညာလေ။ ဘာလဲ၊ အလုပ်အပ်စရာ ရှိလို့လား" ဟု မေးလိုက်သည်။

ရှုချင်း ခေါင်းညိတ်ပြီး "ကိစ္စပြီးရင် မုန့်လိုက်ကျွေးမယ်။ တစ်နာရီ ၅၀၀ ပေးမယ်။ ဂျပန်စာ တချို့ ဘာသာပြန်ပေး။ မင်း နာမည်ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။

စကားပြန် ချက်ချင်း တက်ကြွသွားပြီး "ဟောင်ဝေပါ။ ကျန်းနန် တက္ကသိုလ် နိုင်ငံခြားဘာသာ ဌာနကပါ" ဟု မိတ်ဆက်လိုက်သည်။

ရှုချင်း ပိုရယ်မောလိုက်သည်။ "ဟားဟား! ငါက ဒီနှစ်မှ ကျန်းတက္ကသိုလ် ဝင်ခွင့်ရတာ ဆိုတော့ စီနီယာ ပေါ့"

ဒီခေတ်မှာ တက္ကသိုလ် ကျောင်းသား အများစု အချိန်ပိုင်း အလုပ် လုပ်ကြတယ်။ ဟောင်ဝေလည်း အဲဒီထဲက တစ်ယောက်ပါ။ အေဂျင်စီ အကူအညီနဲ့မှ ဒီအလုပ် ရခဲ့တာ။ တစ်နာရီ ၂၀၀ ရပေမယ့် တစ်ဝက်ကို အေဂျင်စီက ယူသွားတာ။ ခုနက ရှုချင်း ပြောတဲ့ တစ်နာရီ ၅၀၀ က အသားတင် ရမှာဆိုတော့ ဘယ်မပျော်ဘဲ နေမလဲ။

ဟောင်ဝေ စကားဆက်ပြောချင်သေးပေမယ့် ဘေးနားက ကင်ဒယ်ရှု အော်ဟစ်လာသည်။ အသံအက်အက်က ကျီးကန်း အမေပျောက်လို့ အော်နေသလို နားထောင်ရ ဆိုးလိုက်တာ။

ဟောင်ဝေ မျက်မှောင်ကြုတ်ပြီး နားထောင်လိုက်သည်။ ထို့နောက် ရှုချင်းဘက် လှည့်ပြီး "ကိုရီးယားက ပြောတယ်၊ ခင်ဗျား စိန်ခေါ်မှုကို လက်မခံရဲရင် လောင်းကစားဘုရင် တံဆိပ်ကို အသာတကြည် ထုတ်ပေးလိုက်တဲ့။ ဒီ သောက်ကိုရီးယားက တော်တော် မောက်မာတာပဲ။ အန်စာတုံး ၃ ကြိမ် လှိမ့်မယ်၊ ၂ ကြိမ်နိုင်ရင် နိုင်ပြီတဲ့။ ကြိုက်တဲ့ လောင်းကစား ပစ္စည်း သုံးလို့ ရတယ်တဲ့" ဟု ပြောပြသည်။

ရှုချင်း ကင်ဒယ်ရှုကို တစ်ချက်ကြည့်လိုက်ရာ အိတ်ကပ်ထဲတွင် ဆင်စွယ် အန်စာတုံး ၃ တုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဒါကို ကိုင်ကစားနေတာ ကြာပြီ ဖြစ်မယ်။

ရုတ်တရက် အကြံတစ်ခု ရလိုက်ပြီး ရယ်မောကာ "ငါ့ဆီမှာ အန်စာတုံး မရှိဘူး။ တုတ်ချောင်း (ကိုရီးယားများကို နှိမ်ခေါ်သော အသုံးအနှုန်း) ဆီမှာ ပါမပါ မေးကြည့်။ ဘယ်လို ကစားချင်လဲ၊ အရှုံးအနိုင် စည်းကမ်းက ဘာလဲ မေးကြည့်" ဟု ပြောလိုက်သည်။

ရှုချင်း စိန်ခေါ်မှုကို လက်ခံလိုက်ကြောင်း ကြားရတော့ ဟောင်ဝေ စိတ်လှုပ်ရှားသွားပြီး ကိုရီးယားကို ဘာသာပြန်ပေးလိုက်သည်။ ကင်ဒယ်ရှု မခို့တရို့ ပြုံးပြီး စကားတွေ ပြောကာ အိတ်ကပ်ထဲမှ ဆင်စွယ် အန်စာတုံး ၃ တုံး ထုတ်ပြသည်။

ဟောင်ဝေ အန်စာတုံး ၃ တုံးကို ယူပြီး လက်ဖဝါးပေါ် တင်လိုက်သည်။ လှည့်ကြည့်ပြီး "ကိုရီးယားက နံပါတ် ခန့်မှန်းတဲ့ နည်းနဲ့ ကစားမယ်တဲ့။ အလင်းပိတ် ခွက်တစ်လုံးကို အန်စာတုံးခွက် အဖြစ် သုံးမယ်တဲ့။ ခင်ဗျား ရှုံးရင် လောင်းကစားဘုရင် တံဆိပ် ပေးရမယ်။ နိုင်ရင် ၅ သန်း အလကား ပေးမယ်တဲ့" ဟု ရှင်းပြသည်။

ရှုချင်း အန်စာတုံးကို ယူ၊ အလေးချိန် စမ်းကြည့်ပြီး "ကောင်းပြီလေ၊ ကစားပြီးရင် ညစာ လိုက်ကျွေးမယ်" ဟု ဂရုမစိုက်သလို ပြောလိုက်သည်။ ထို့နောက် လုံခြုံရေး ၂ ဦးဘက် လှည့်ပြီး "ငါ့ရုံးခန်းထဲ လေးထောင့် စားပွဲတစ်လုံး ရွှေ့ပေးပါဦး။ ပြီးတော့ အလင်းပိတ် ခိုင်ခံ့တဲ့ ခွက်တစ်လုံးပါ ယူလာပေး" ဟု ခိုင်းလိုက်သည်။

လုံခြုံရေးများ စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်သွားကြသည်။ ရတနာဆိုင် ဝန်ထမ်းများလည်း သခင်လေးရှု ကိုရီးယားနဲ့ အန်စာတုံး လှိမ့်မယ် ဆိုတာ ကြားတော့ လည်ပင်းရှည်ပြီး ကြည့်နေကြသည်။ ကောင်တာ စောင့်စရာ မလိုရင် အကုန် ပြေးထွက်လာလောက်ပြီ။

ရှုချင်း အန်စာတုံးများကို ဟောင်ဝေဆီ ပြန်ပေးပြီး "တုတ်ချောင်းကို အပေါ်ခေါ်လာခဲ့။ ပထမထပ်မှာ မကစားချင်ဘူး။ ပြီးတော့ လူတစ်ယောက်ကို စောင့်ရဦးမယ်။ လောင်းကစားဘုရင် တံဆိပ်က ငါ့ဆီမှာ မရှိလို့" ဟု တိုးတိုးလေး ပြောလိုက်သည်။

"ဟားဟား! မင်းရဲ့ ပလက်တီနမ် တံဆိပ်က ဒီလောက် တန်ဖိုးရှိလိမ့်မယ်လို့ မထင်ထားဘူး။ ငါ ဒီပွဲကို မီလိုက်တာ ကံကောင်းတာပဲ!" တံခါးဝမှ ရယ်မောသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ထန်ကော်ပင်း၊ အာလော်နှင့် အာပေါင်တို့ လျှောက်လာကြသည်။

ဒီကောင်က မီးရှူးမီးပန်းလိုပဲ၊ အမြဲတမ်း ပွဲဆူအောင် လုပ်တတ်တယ်။ သတင်း ဘယ်လိုရသွားတာလဲ ဆိုတာ ရှုချင်း နားမလည်နိုင် ဖြစ်သွားသည်။

ထန်ကော်ပင်း စကားမပြောဘဲ ရှုချင်းကို ထိုးလိုက်ပြီး ရယ်မောကာ "သိပ်စဉ်းစားမနေနဲ့။ ဒီက မန်နေဂျာနဲ့ လုံခြုံရေးတွေကို ငါ ငှားပေးထားတာ။ တစ်ခုခု ဖြစ်ရင် ငါ မသိဘဲ နေမလား" ဟု ပြောလိုက်သည်။

ရှုချင်း ခါးသီးစွာ ပြုံးပြီး ပခုံးကို ပွတ်သပ်ကာ "နည်းနည်းလောက် ညှာပါဦးကွာ။ ငါ အန်စာတုံး လှိမ့်ရဦးမှာ" ဟု ပြောလိုက်သည်။

ထန်ကော်ပင်း အိတ်ကပ်ထဲမှ တံဆိပ်ကို ထုတ်ပြီး ရှုချင်း အိတ်ကပ်ထဲ သိုသိုသိပ်သိပ် ထည့်ပေးလိုက်သည်။ နှစ်ဦးသား ပြုံးရွှင်စွာဖြင့် လှေကားဘက်သို့ လျှောက်သွားကြသည်။

အထွေထွေ မန်နေဂျာ ရုံးခန်း အလယ်တွင် အနီရောင် ကတ္တီပါစ ခင်းထားသော လေးထောင့်စားပွဲ တစ်လုံး ရှိသည်။ စားပွဲပေါ်တွင် ခွက် ၂ လုံး မှောက်လျက် ရှိနေသည်။ တစ်လုံးက စတီးခွက်။ ဘယ်သူ့ ရေခွက်လဲ မသိပေမယ့် အန်စာတုံး လှိမ့်ဖို့တော့ ကောင်းတယ်။

ရှုချင်း စားပွဲတွင် ဝင်ထိုင်ပြီး ကင်ဒယ်ရှုကို လက်ပြ ဖိတ်ခေါ်လိုက်သည်။ ကင်ဒယ်ရှု နားလည်ပြီး မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ စားပွဲပေါ်မှ ခွက် ၂ လုံးကို ယူကြည့်၊ စစ်ဆေးပြီး နောက်ဆုံးတွင် စတီးခွက်ကို ရွေးချယ်လိုက်သည်။

"ဟောင်ဝေ၊ သူ့ကို ပြောလိုက်။ တရုတ်ပြည်က ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ တိုင်းပြည်ပါလို့။ သူ့ကို အရင် လှိမ့်ခိုင်းလိုက်"