အခန်း (၂၂၀) မင်း တော်တော် စွမ်းတာပဲ
ဟောင်ဝေ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ ဒေါ်လာ ၂ သိန်း! ဘုရားရေ! တရုတ်ငွေနဲ့ လဲလိုက်ရင် ယွမ် ၁ သန်းကျော်တယ်! သန်းကြွယ် သူဌေး ဖြစ်ချင်နေတာ အိပ်မက်တွေ တကယ် ဖြစ်လာပြီ!
ဟောင်ဝေ စိတ်လှုပ်ရှားလွန်းလို့ ဘာသာပြန်ပေးဖို့ မေ့နေတာ မြင်တော့ ထန်ကော်ပင်းက "ဟေ့ကောင်လေး၊ မြန်မြန် ဘာသာပြန်လေ။ နှေးကွေးနေရင် ချင်းဇီကို တခြားလူ ရှာခိုင်းလိုက်မှာနော်" ဟု စနောက်လိုက်သည်။
ဟောင်ဝေ အိပ်မက်က လန့်နိုးသလို ခေါင်းခါပြီး ကင်ဒယ်ရှုကို အမြန် ဘာသာပြန်ပေးလိုက်သည်။ စကားအနည်းငယ် ပြောပြီးနောက် ဝမ်းသာအားရ လှည့်ကြည့်ကာ "ကျေးဇူးပါပဲ အစ်ကိုရှု။ မစ္စတာကင်က သဘောတူပါတယ်။ ကျွန်တော့်ကို ကြားခံအဖြစ် ဆောင်ရွက်ခိုင်းထားပါတယ်။ နောက်မှ အစ်ကို့ကို တိုက်ရိုက် ဆက်သွယ်ပါ့မယ်" ဟု ပြောလိုက်သည်။
ရှုချင်း ပိုက်ဆံသေတ္တာကို ဝှေ့ယမ်းပြပြီး "ဒီလောက် ရှုပ်ထွေးသွားတော့ ပင်ပန်းလိုက်တာ။ ကောင်းကင်ဘုံ (Heaven on Earth) သွားပြီး ထမင်းစားကြစို့" ဟု ဖိတ်ခေါ်လိုက်သည်။
ကင်ဒယ်ရှု စကားအနည်းငယ် ရေရွတ်ပြီး ရှုချင်းကို ဦးညွှတ်လိုက်သည်။ ဟောင်ဝေက "မစ္စတာကင်က တခြားကိစ္စ ရှိသေးလို့ အရင် ပြန်နှင့်ပါရစေတဲ့" ဟု ဘာသာပြန်ပေးသည်။
ရှုချင်း ဟောင်ဝေကို လိပ်စာကတ် တစ်ကတ် ပေးပြီး "ကောင်းပြီ၊ မင်း သူ့ကို လိုက်ပို့လိုက်။ ပြီးရင် ကောင်းကင်ဘုံကို တက္ကစီနဲ့ လိုက်လာခဲ့" ဟု ပြောလိုက်သည်။
ဟောင်ဝေ ခေါင်းညိတ်ပြီး ကင်ဒယ်ရှုကို အရင် ခေါ်သွားသည်။ ရှုချင်းက လက်ထဲမှ ပိုက်ဆံသေတ္တာကို ထန်ကော်ပင်း လက်ထဲ တန်းထည့်ပေးလိုက်ပြီး "ရော့၊ မြန်မာပြည် ကျောက်စိမ်းလေလံပွဲ သွားရင် သုံးဖို့ သိမ်းထားလိုက်" ဟု ပြောလိုက်သည်။
ထန်ကော်ပင်း သေတ္တာကို ယူပြီး ရယ်မောကာ "မင်းကတော့ အလကားရတဲ့ ပညာမှာ ဆရာကျတာပဲ။ သွား၊ ထမင်းစားကြစို့" ဟု ပြောလိုက်သည်။
ရှုချင်း၊ မန်နေဂျာ ၂ ဦး၊ ဆရာကြီးဟွမ်တို့ အဖွဲ့ ကောင်းကင်ဘုံသို့ တန်းသွားကြသည်။ ထန်ကော်ပင်းက သီးသန့်ခန်း ၂ ခန်း ကြိုတင် စီစဉ်ထားပြီးသား။ လျူယိုဖူနှင့် ဇနီးသည်ကိုလည်း အထူးဖိတ်ကြားထားသည်။ မတွေ့တာ ကြာပြီဆိုတော့ စုံစုံလင်လင် တွေ့ဆုံစားသောက်ကြတာပေါ့။
ထမင်းစားပွဲတွင် ထန်ကော်ပင်းက လျူယိုဖူကို မြန်မာပြည် လေလံပွဲ အတူသွားဖို့ ဖိတ်ခေါ်လိုက်ရာ ဇနီးသည် ယန်ကျင်း၏ ငြီးငြူသံများ ထွက်ပေါ်လာသည်။ သနားစရာ ဖက်တီးလျူ ခင်ဗျာ နိုင်ငံခြား အတွေ့အကြုံ ခံစားခွင့် ရတော့မယ် ကြံတုန်း ရေအေးနဲ့ ပက်ခံလိုက်ရသလို ဖြစ်သွားသည်။ နားရွက်ကနေ ရေလောင်းချလိုက်သလိုမျိုးပေါ့။
ဖက်တီးလျူ မြန်မာပြည်သွားမယ့် အစီအစဉ် ပျက်သွားတော့ စိတ်ပျက်လက်ပျက်နဲ့ အစားအသောက်တွေကိုပဲ မဲပြီး စားတော့သည်။ စားပွဲပေါ်က ဟင်းတွေ အကုန်ပြောင်သလောက် ရှိနေပြီ။
ထိုအချိန်တွင် ဟောင်ဝေ ကင်ဒယ်ရှုကို လိုက်ပို့ပြီး သီးသန့်ခန်းထဲ ရောက်လာသည်။ ရှုချင်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။ ဒီကောင်လေး ဒီနေ့ တော်တော် ကံကောင်းနေတာ။ သာမန် ကျောင်းသား ဘဝကနေ ရုတ်တရက် ဒေါ်လာ သန်းချီ ပိုင်ဆိုင်ခွင့် ရတော့မှာ။ အိပ်မက်လိုပါပဲ။
စားသောက်ပြီးနောက် ရှုချင်းက ဟောင်ဝေကို ဘေးခန်း ခေါ်သွားပြီး အိတ်ကပ်ထဲမှ မိတ္တူစာရွက် ၂ ရွက် ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"ဒါကို ဘာသာပြန်ပေး၊ အမှားမပါစေနဲ့"
ဟောင်ဝေ စာရွက်နဲ့ ဘောပင် ချက်ချင်း ထုတ်၊ မိတ္တူကို တစ်ချက်ကြည့်ပြီး "စိတ်မပူပါနဲ့၊ ၁၀ မိနစ် အတွင်း ပြီးစေရမယ်။ အမှားမရှိစေရပါဘူး" ဟု အာမခံလိုက်သည်။
ရှုချင်း ခေါင်းညိတ်ပြီး "ငါ ဟိုဘက်ခန်းမှာ သူငယ်ချင်းတွေနဲ့ စကားသွားပြောလိုက်ဦးမယ်။ ပြီးရင် လာခေါ်" ဟု ပြောပြီး ထွက်သွားသည်။
ရှေးလူကြီးတွေ ပြောသလို လူတွေကို သတိထား ဆက်ဆံရမယ်လေ။ မိတ္တူစာရွက် အကုန်လုံး တစ်ခါတည်း ထုတ်မပေးဘူး။ အခု ပေးလိုက်တဲ့ ၂ ရွက်ကလည်း အစီအစဉ် မကျဘူး။ ပြီးမှ ကျန်တဲ့ ၂ ရွက် ထပ်ပေးမယ်။
သီးသန့်ခန်းထဲ ပြန်ရောက်ပြီး လျူယိုဖူတို့နဲ့ စကားပြောနေတုန်း ၁၀ မိနစ် မပြည့်ခင်မှာပဲ ဟောင်ဝေ တံခါးခေါက်ပြီး ဝင်လာသည်။ ဘာသာပြန်ပြီးသား စာရွက်တွေကို ပေးလိုက်သည်။ ရှုချင်း မကြည့်ဘဲ အိတ်ကပ်ထဲ ထည့်လိုက်သည်။ နောက်ထပ် မိတ္တူ ၂ ရွက် ထပ်ထုတ်ပေးလိုက်သည်။ ဟောင်ဝေ ယူပြီး ဆက်လုပ်ရန် ထွက်သွားသည်။
ထန်ကော်ပင်း ပြုံးပြီး "မင်း ဘာတွေ ကြံစည်နေတာလဲ" ဟု မေးလိုက်သည်။
ရှုချင်း ရယ်မောပြီး "ဘာမှ မဟုတ်ပါဘူး၊ ဂျပန်စာ မိတ္တူစာရွက် အချို့ပါ။ ဘာသာပြန်ခိုင်းနေတာ" ဟု ဖြေလိုက်သည်။ ရိုးရိုးသားသား ပြောရရင် သူလည်း သိချင်နေတာ။ ဒီစာရွက်တွေထဲမှာ ဘာလျှို့ဝှက်ချက်တွေ ပါလို့ ဂျပန်စစ်သား ၂ ယောက် အသက်ပေးသွားရတာလဲ ဆိုတာ။
ထန်ကော်ပင်း ဆက်မမေးတော့ပေ။ ဂဏန်းမွှေး တစ်ကောင်ကောက်ယူပြီး ပန်းကန်ထဲ ထည့်၊ ညှပ်နဲ့ အခွံခွာ၊ ရှလကာရည်တို့ပြီး အရသာခံ စားနေသည်။
လျူယိုဖူက ပန်းကန်ထဲ ကျန်နေတဲ့ နောက်ဆုံး ဂဏန်းမွှေးကို မျက်စိကျနေသည်။ လက်ဝဝကြီးနဲ့ လှမ်းယူလိုက်စဉ် ဂဏန်းက ရုတ်တရက် အသက်ဝင်လာသလို တူတစ်စုံက ညှပ်ယူသွားပြီး "ဗွမ်း" ခနဲ ယန်ကျင်း ပန်းကန်ထဲ ကျသွားသည်။
"မရီး၊ ဂဏန်းမွှေးက အသားအရေနဲ့ လည်ချောင်းအတွက် ကောင်းတယ်။ ဒီကောင်ကြီးကို အကုန် မစားခိုင်းနဲ့" ရှုချင်း ပြုံးပြီး ပြောလိုက်သည်။ သူကပဲ ဂဏန်းကို ညှပ်ယူပြီး ယန်ကျင်း ပန်းကန်ထဲ ထည့်ပေးလိုက်တာ။ ဖက်တီးလျူကို ပညာပေးလိုက်တာပေါ့။
ပန်းကန်ထဲမှာ ဂဏန်း ၈ ကောင် ရှိတာ ၆ ကောင်က ဖက်တီးလျူ ဗိုက်ထဲ ရောက်သွားပြီ။ ယန်ကျင်းက မျှော်လင့်တကြီး ကြည့်နေတာတောင် ဖက်တီးလျူက ဂရုမစိုက်ဘဲ စားနေတာ။ ကံကောင်းလို့ ရှုချင်း အချိန်မီ ကူညီပေးလိုက်တာ။
ယန်ကျင်း ဖက်တီးလျူကို မျက်စောင်းထိုးပြီး "ငါ ဘယ်လို ငမဲကြီးကို ယူမိပါလိမ့်။ ကိုယ်စားဖို့ပဲ သိတယ်။ ချင်းဇီကမှ ပိုပြီး စာနာတတ်သေးတယ်" ဟု ပြစ်တင်ပြောဆိုလိုက်သည်။
လျူယိုဖူ ချွေးစေးတွေ ပြန်လာသည်။ ယန်ကျင်း စိတ်ဆိုးသွားပြီ ဆိုတာ သိလိုက်ပြီ။ ရှုချင်းသာ ဝင်မပါရင် ဒီည ဆိုဖာပေါ် အိပ်ရမယ့် ကိန်းဆိုက်တော့မယ်။ လျှာထုတ်၊ ခေါင်းငုံ့ပြီး ရှုချင်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
စားသောက်ပြီးနောက် လျူယိုဖူတို့ ဇနီးမောင်နှံ အရင် ပြန်သွားကြသည်။ ထန်ကော်ပင်းလည်း ပြန်ရတော့မည်။ ရှုချင်း ပိုက်ဆံရှင်းပြီး ဘေးခန်းသို့ ပြေးသွားရာ ဟောင်ဝေ နောက်ဆုံး မိတ္တူ ၂ ရွက်ကို ဘာသာပြန်ပြီးခါစနှင့် အံကိုက် ဖြစ်သွားသည်။
ရှုချင်း စာရွက်များကို ယူ၊ ခေါက်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ ထို့နောက် ယွမ် ၁ ထောင် ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ "၂ နာရီစာ၊ ဒါ မင်းရသင့်တဲ့ ငွေပဲ"
ဟောင်ဝေ ပိုက်ဆံယူ၊ ကျေးဇူးတင်စကား ပြောပြီး နောက်မှ ဆက်သွယ်မယ်လို့ ကတိပေးကာ လမ်းခွဲလိုက်ကြသည်။ ရှုချင်း တက္ကစီငှားပြီး အိမ်ပြန်လာသည်။ အိမ်ရောက်သည်နှင့် ဘာသာပြန် စာရွက်များကို အစီအစဉ်တကျ စီပြီး ဖတ်ကြည့်လိုက်ရာ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။
စာရွက်အချို့ကို ဆက်စပ်ကြည့်လိုက်တော့ သေတမ်းစာ တစ်စောင် ဖြစ်နေသည်။ ၁၅ တပ်မမှ အကာဂီ တာကီယိုအမည်ရှိ ဂျပန်ဗိုလ်ချုပ် တစ်ဦး ရေးသားခဲ့ခြင်း ဖြစ်သည်။ အကျဉ်းချုပ်ကတော့ ဂျပန်တပ်တွေက တရုတ်၊ မြန်မာ၊ ထိုင်း နိုင်ငံတွေကနေ လုယက်လာတဲ့ မဟာဗျူဟာမြောက် ကုန်ပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ ရတနာတွေကို ကူမန်တောင်တန်းမှာ မြှုပ်နှံထားခဲ့တယ်တဲ့။ အဲဒီအထဲမှာ သူ ဂျပန်ကနေ ယူလာတဲ့ မူရာမာဆာဓားနဲ့ ဓားသိုင်းကျမ်း တစ်အုပ်လည်း ပါတယ်တဲ့။
သေတမ်းစာထဲမှာ အားလုံးကို ကူမန်တောင်တန်း မြောက်ဘက်မှာ မြှုပ်နှံထားတယ်လို့ပဲ ရေးထားပြီး လျှို့ဝှက် စာသား ၄ ကြောင်း ချန်ထားခဲ့သည်။ "နေရောင်ခြည်က ဝက်ဝံနားရွက်ပေါ် ကျရောက်တယ်၊ နွားက စိမ်းလန်းတဲ့ တောင်ကို ကိုက်တယ်၊ မူရာမာဆာ ပေါ်ထွက်လာတယ်၊ ဂုဏ်အသရေနဲ့ ထာဝရ အလင်းရောင်" တဲ့။ အကာဂီ တာကီယို နဲ့ သေဆုံးသွားတဲ့ အကာဂီ တက်ဆူအို ဘယ်လို ပတ်သက်လဲ မသိရပေမယ့် မျိုးရိုးတူတာ ကြည့်ရင် ဆွေမျိုးတွေ ဖြစ်လောက်တယ်။ နှစ်ယောက်စလုံး သေဆုံးသွားကြပြီ။
ပထမ ကြည့်လိုက်ရင် စာသား ၄ ကြောင်းက အဓိပ္ပာယ် မရှိသလိုပါပဲ။ ဂျပန်မာရ်နတ်ကောင် ဘာတွေ ကြံစည်ခဲ့လဲ မသိဘူး။ ရှုချင်း စာသား ၄ ကြောင်းကို အလွတ်ကျက်ပြီး မိတ္တူစာရွက်တွေကို ဆွဲဖြဲကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ မြန်မာပြည် လေလံပွဲ ပြီးလို့ အချိန်ရရင် ကူမန်တောင်တန်း ဘက် သွားလည်ကြည့်မယ်လို့ တွေးလိုက်သည်။ ဂျပန်တွေ ချန်ထားခဲ့တာ တွေ့မတွေ့ မသေချာပေမယ့် ခရီးသွားသလို သဘောထားလိုက်မယ်။
နောက်တစ်နေ့တွင် ရှုချင်း လျှပ်စစ်ဆိုင်ကယ်ဖြင့် ကျောင်းသို့ စောစောရောက်လာသည်။ ဘွဲ့ရ အကျဉ်းချုပ် အစည်းအဝေး တက်မယ်လို့ ကတိပေးထားလို့ မပျက်ကွက်ရဲဘူး။
မရောက်တာ ကြာပြီဖြစ်တဲ့ အတန်းထဲ ဝင်လိုက်တော့ အတန်းဖော် အများစု ရောက်နေကြပြီ။ ရှန်မိုက ထိုင်ခုံမှာ မှီပြီး ဆေးလိပ်သောက်နေသည်။ ဘွဲ့ရပြီးပြီ ဆိုတော့ ပြတင်းပေါက်ကနေ ခေါင်းပြူပြီး အလှကြည့်စရာ မလိုတော့ဘူးလေ။
ရှုချင်း လျှောက်သွားပြီး အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ် ထုတ်၊ ပါးစပ်ထဲ ပစ်ထည့်ကာ ပြုံးလျက် "ဟေ့ကောင်၊ မီးခြစ် ငှားပါဦး" ဟု ပြောလိုက်သည်။
ရှန်မို ပြုံးပြီး မီးခြစ်ထုတ်ကာ မီးညှိပေးလိုက်သည်။ "မတွေ့တာ ကြာပြီ။ မင်း တော်တော် စွမ်းတာပဲကွာ။ မြို့တော်မှာ နံပါတ်တစ် ဖြစ်သွားပြီ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: