အခန်း (၃၅၃) ကားသမား ကောင်လေး
ဒါကြားတော့ ဟယ်ချန်ချန်က မျက်စောင်းထိုးပြီး ပြောလိုက်တယ်။ "မနက်ပိုင်း ဘာလုပ်နေတာလဲ။ ဘာလို့ နေ့လည်မှ ကျောင်းလာတာလဲ။ မနေ့ကလည်း အရိပ်တောင် မတွေ့ရဘူး"
"ကိစ္စလေး ပေါ်လာလို့ ကြန့်ကြာနေတာပါ" လင်းထျန် ပြုံးပြီး ပြောလိုက်တယ်။ ဟယ်ချန်ချန် စိတ်ပူမှာစိုးလို့ ကျန်းယာအကြောင်း မပြောပြချင်ဘူး။
"ဒီနေ့လည် မိန်းမ အတန်းရှိသေးလား" လင်းထျန်က စကားလမ်းကြောင်းလွှဲပြီး မေးလိုက်တယ်။
"ဒီနေ့ အတန်းမရှိတော့ဘူး တစ်ချိန်ပဲ ရှိတာ။ ကျောင်းအုပ်ကြီးဝူ စီစဉ်ပေးတာ တကယ်ကောင်းတယ်။ တစ်နေ့မှ တစ်ချိန်ပဲ သင်ရတယ် အဲဒါကလည်း မောင်တို့အတန်းပဲ။ အရမ်း သက်သာတာပဲ။ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ဆရာမ ဟုတ်ရဲ့လားလို့တောင် သံသယ ဝင်မိတယ်" ဟယ်ချန်ချန်က ဆံပင်တွေကို နားနောက် သပ်တင်ရင်း ပြောလိုက်တယ်။
"ကောင်းတာပေါ့" ဒါကြားတော့ လင်းထျန် ပြုံးလိုက်တယ်။ ဝူကွမ်းရှီးက ဒီလောက်တော့ လုပ်ပေးရမှာပေါ့လို့ တွေးလိုက်မိတယ်။ သူက ယွမ် ၁ သန်းတောင် ရထားတာလေ။ ဒီကိစ္စလေးတောင် ကောင်းကောင်း မလုပ်ပေးနိုင်ရင် ကျောင်းအုပ်ကြီး ဖြစ်ဖို့ မထိုက်တန်တော့ဘူး။
"ကိုယ်လည်း ဒီနေ့လည် အတန်းမရှိတော့ဘူး။ ဒီနေ့ အင်္ဂါနေ့ဆိုတော့ မုန်ထင်က အတန်းရှိလို့ ဒီည အားမှာ မဟုတ်ဘူး။ မင်းကို နေရာတစ်ခု ခေါ်သွားမယ်" လင်းထျန်က ဖုန်းထဲက နေ့စွဲကို ကြည့်ပြီး ပြောလိုက်တယ်။
"နေရာတစ်ခု သွားမယ်? ဘယ်နေရာလဲ" ဟယ်ချန်ချန် နည်းနည်း ကြောင်သွားတယ်။
"ရောက်ရင် သိမှာပေါ့" လင်းထျန်က လျှို့ဝှက်နက်နဲတဲ့ အပြုံးနဲ့ ပြောပြီး ဟယ်ချန်ချန်ကို ဆွဲကာ ကျောင်းထဲက ထွက်လာခဲ့တယ်။ သူတို့သွားနေတဲ့ လမ်းကြောင်းက ချူရှန်း ဗီလာဧရိယာဆီပါပဲ။
ချူရှန်း ဗီလာဧရိယာ ရောက်ခါနီးတော့ လင်းထျန် ကားရပ်ခိုင်းလိုက်တယ်။ ဟယ်ချန်ချန်နဲ့အတူ လမ်းလျှောက်ဝင်သွားပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ချင်လို့ပါ။
"ဝူး... ဝူး..."
သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီး လမ်းဘေးမှာ လျှောက်နေတုန်း အင်ဂျင်သံ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရပြီး မကြာခင်မှာပဲ အနီရောင် ကားတစ်စီး အနောက်ကနေ အရှိန်ပြင်းပြင်း မောင်းဝင်လာတယ်။
လင်းထျန်နဲ့ ဟယ်ချန်ချန် လမ်းလျှောက်နေတာကို မြင်ပေမယ့် ဟွန်းလည်း မတီးဘူး အရှိန်လည်း လုံးဝ မလျှော့ဘူး။
"မိန်းမ သတိထား" အရှိန်ပြင်းပြင်း မောင်းလာတဲ့ စပစ်ကားကို မြင်တော့ လင်းထျန် ဟယ်ချန်ချန်ကို ဘေးဆွဲလိုက်တယ်။ သူ ဆွဲလိုက်တဲ့အချိန်မှာပဲ စပစ်ကားက ဟယ်ချန်ချန် ရပ်နေခဲ့တဲ့ နေရာကနေ ဝှစ်ခနဲ ဖြတ်မောင်းသွားတယ်။
"အဆင်ပြေရဲ့လား" သူ့ရင်ခွင်ထဲမှာ လန့်နေသေးတဲ့ ဟယ်ချန်ချန်ကို ကြည့်ပြီး လင်းထျန် စိုးရိမ်တကြီး မေးလိုက်တယ်။
"ဟင့်အင်း... ဘာမှ မဖြစ်ပါဘူး" ဟယ်ချန်ချန်လည်း ခုနက တော်တော် လန့်သွားတာ ဒါပေမဲ့ လင်းထျန်ရဲ့ စိုးရိမ်နေတဲ့ မျက်လုံးတွေကို မြင်တော့ ခေါင်းခါပြလိုက်တယ်။
"အဲဒီကောင်က ယဉ်ကျေးမှု နားမလည်လိုက်တာ။ ကားကို ဘယ်လို မောင်းနေတာလဲ။ မျက်လုံးက ဖင်မှာ တပ်ထားတာလား။ လူမြင်တာတောင် အရှိန်မလျှော့ဘူး" ဟယ်ချန်ချန် အဆင်ပြေတာ မြင်တော့ လင်းထျန် သက်ပြင်းချနိုင်သွားပေမယ့် စပစ်ကားမောင်းတဲ့လူကို ဒေါသထွက်နေတုန်းပဲ။
"ဝူး..."
"ဝူး..."
ဒါပေမဲ့ လင်းထျန် ပြောလို့ မပြီးခင်မှာပဲ အင်ဂျင်သံ ထပ်ကြားလိုက်ရပြီး ခုနက မောင်းထွက်သွားတဲ့ အနီရောင် စပစ်ကား ပြန်ရောက်လာတယ်။
လင်းထျန်နဲ့ ဟယ်ချန်ချန် အရှေ့မှာ ရပ်လိုက်ပြီး တံခါးဖွင့်ကာ လူငယ်တစ်ယောက် ဆင်းလာတယ်။
အနက်ရောင် ဦးထုပ်ဆောင်းထားပြီး ပေါ့ပေါ့ပါးပါး ချွတ်လိုက်တယ်။ လက်မောင်းမှာ တက်တူးတွေ အများကြီး ထိုးထားပြီး ကြည့်ရတာ ရိုင်းစိုင်းတဲ့ပုံ ပေါက်တယ်။
လူငယ်က လင်းထျန်နဲ့ ဟယ်ချန်ချန်ကို မောက်မာတဲ့ မျက်နှာထားနဲ့ ကြည့်ပြီး ပြောလိုက်တယ်။ "ခုနက ဘယ်လို လမ်းလျှောက်နေတာလဲ။ မျက်လုံးမပါဘူးလား။ ကားလာတာမြင်ရင် မဖယ်ဘူးလား။ ကံကောင်းလို့ ကားတိုက်မသေတာ။ မဟုတ်ရင် ငါ့ကားဖိုး မင်းတို့ တတ်နိုင်ပါ့မလား။ တောသားတွေ"
"ဟေ့ကောင်... မင်း ဘာဖြစ်ချင်တာလဲ။ မင်းရုပ်ကို ကြည့်ရတာ ဘာလို့ ထိုးချင်စရာ ကောင်းနေရတာလဲ" လူငယ်ပြောတာ ကြားတော့ လင်းထျန် ဒေါသထွက်သွားတယ်။ သောက်ကျိုးနည်း! ရယ်စရာ ကောင်းလိုက်တာ!
မင်းက ကားမောင်းတဲ့သူ လူကို ဝင်တိုက်မလို ဖြစ်တာတောင် တောင်းပန်မယ့်အစား လူကို မျက်စိမပါဘူးလား ဆိုပြီး ပြန်ဟောက်နေတယ်။ လူသေသွားရင်တောင် ကားဖိုး မတတ်နိုင်ဘူးလို့ ပြောရဲသေးတယ်။
သောက်ကျိုးနည်း! ဒါ ကားပြဿနာလား။
"ဘာလဲ။ တောသားကများ ရန်ဖြစ်ချင်နေတာလား" ရိုးရိုးတန်းတန်း ဝတ်စားထားတဲ့ လင်းထျန်ကို ကြည့်ပြီး လူငယ်က အထင်သေးတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။ "တောသားက တောသားပါပဲ။ မင်း လမ်းမှားလာတာ သိရဲ့လား။ ဒါ ချူရှန်း ဗီလာဧရိယာ ဝူအန်းမြို့က အချမ်းသာဆုံး လူတွေ နေတဲ့နေရာ။ မင်းတို့ ထွက်သွားသင့်တယ်"
ပြောရင်းနဲ့ လူငယ်ရဲ့ မျက်လုံးတွေက ပိုပြီး အထင်သေးလာတယ်။ လင်းထျန်ကို ကြည့်ရတာ ညစ်ညမ်းသွားမလို ရွံရှာတဲ့ အကြည့်နဲ့ ကြည့်နေတယ်။
"မင်းရဲ့ စုတ်ပြတ်နေတဲ့ကားမျိုး ငါ မစီးချင်လို့ မဟုတ်ရင် တစ်ဒါဇင်လောက် ဝယ်ပြီး ရိုက်ခွဲပစ်လိုက်မယ်" လူငယ်ရဲ့ စကားကြားတော့ လင်းထျန် ဒေါသထွက်လာတယ်။ အထူးသဖြင့် အထင်သေးတဲ့ မျက်နှာထားကို မြင်ရတော့ ပိုဆိုးတယ်။
သောက်ကျိုးနည်း! သူဌေးကြီးလို လာပြောနေတယ်။
"ဟားဟား... မရယ်ချင်ပါဘူးကွာ။ မင်းက ဒီကားမျိုး တစ်ဒါဇင်လောက် ဝယ်နိုင်တယ် ဟုတ်လား။ တောသား... ဒါ ဘာကားလဲဆိုတာရော မင်း သိရဲ့လား။ မသိဘူး ဆိုတာ ငါ လောင်းရဲတယ်" လင်းထျန် စကားကြားတော့ လူငယ်က ဗိုက်နှိပ်ပြီး ဟားတိုက်ရယ်မောလိုက်တယ်။ "ငါ့ကားက ဒီနှစ်ထွက်တဲ့ Aston Martin နောက်ဆုံးမော်ဒယ် ကမ္ဘာပေါ်မှာ အစီးရေ အကန့်အသတ်နဲ့ ထုတ်တဲ့ စပစ်ကားကွ။ တစ်စီးကို ၆ သန်းကျော် တန်တယ်။ မင်းက တစ်ဒါဇင် ဝယ်နိုင်တယ် ဟုတ်လား။ ကြွားလုံးထုတ်တာတော့ အမှတ်ပြည့် ပေးလိုက်မယ်"
"၆ သန်းဖြစ်တော့ ဘာဖြစ်လဲ။ များလို့လား" လင်းထျန်က အထင်သေးတဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
ဒါကြားတော့ လူငယ်ရဲ့ မျက်နှာထား ခဏလောက် အေးခဲသွားတယ်။ ပြီးတော့ လင်းထျန်ရဲ့ တည်ငြိမ်တဲ့ မျက်နှာကို ကြည့်ပြီး ထပ်ရယ်လိုက်တယ်။ "ကောင်းပြီ ကောင်းပြီ... ငါ မှားသွားတယ်။ မင်းတို့လို တောသားတွေက ၆ သန်းဆိုတာ မြင်ဖူးရဲ့လား မေ့သွားလို့။ သေချာပေါက် မြင်ဖူးမှာ မဟုတ်ဘူး"
ခေါင်းခါရင်းနဲ့ လူငယ်က ကိုယ့်ဘာသာ ရေရွတ်လိုက်တယ်။ "တောသားတွေနဲ့ ဒီအကြောင်း ပြောနေတဲ့ ငါ့ဦးနှောက် ပျက်နေတာပဲ။ ကိုယ့်ဒုက္ခ ကိုယ်ရှာတာ မဟုတ်ဘူးလား" ပြောပြီးတာနဲ့ လင်းထျန်ရဲ့ မျက်နှာထားကို ဂရုမစိုက်တော့ဘဲ ကားပေါ်တက်ကာ ချူရှန်း ဗီလာဘက် မောင်းထွက်သွားတယ်။
"ဟား... ဘာဖြစ်တာလဲ။ စိတ်ဆိုးနေတာလား" လင်းထျန်ရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို ကြည့်ပြီး ဟယ်ချန်ချန် မရယ်ဘဲ မနေနိုင်တော့ဘူး။
"အဲဒီလောက်ကြီး စိတ်မဆိုးပါဘူး" လင်းထျန်က မျက်စောင်းထိုးပြီး ပြောလိုက်တယ်။ "ဒီလိုမျိုး ရက်ရက်စက်စက် လှောင်ပြောင်ခံရမယ် တောသားလို့ အခေါ်ခံရမယ်လို့ မထင်ထားမိရုံပါပဲ"
"ဟဲဟဲ... ကဲပါ မောင်က တောသား မဟုတ်မှန်း ကိုယ်တို့ သိတာပဲ သူများပြောတာ ဘာလို့ ဂရုစိုက်နေမှာလဲ" ဟယ်ချန်ချန်က လင်းထျန်ရဲ့ လက်မောင်းကို ဖက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ "မောင် ပြောတဲ့ အံ့သြစရာ ဆိုတာ ဒီမှာ ဗီလာ ဝယ်လိုက်တာတော့ မဟုတ်ပါဘူးနော်"
"ဟားဟား... မိန်းမက တော်တော် ဉာဏ်ကောင်းတာပဲ။ ကဲ... ဆုချတဲ့အနေနဲ့ နမ်းလိုက်ဦးမယ်... မွ" ဒါကြားတော့ လင်းထျန် ဟားတိုက်ရယ်မောပြီး ဟယ်ချန်ချန်ရဲ့ ပါးကို နမ်းလိုက်တယ် ဟယ်ချန်ချန်က မျက်စောင်းထိုးလိုက်တယ်။
"ဦးလေးရာ... ဝင်ခွင့်ပေးပါဗျာ။ ကျွန်တော့် သူငယ်ချင်း အထဲမှာ နေတာ သူ့ကို လာတွေ့တာပါ"
"မရဘူး သက်သေအထောက်အထား မပါရင် ဘယ်သူမှ ဝင်ခွင့်မရှိဘူး"
လင်းထျန်နဲ့ ဟယ်ချန်ချန် ချူရှန်း ဗီလာဧရိယာ အဝင်ဝ ရောက်တော့ ခုနက အနီရောင် စပစ်ကား မောင်းတဲ့ လူငယ်က ဂိတ်ပေါက်က လုံခြုံရေးနဲ့ စကားများနေတာ တွေ့လိုက်ရတယ်။
သူတို့ စကားပြောတာကို နားထောင်ကြည့်ရတာ လူငယ်က အထဲဝင်ချင်ပေမယ့် ဗီလာဧရိယာက ဖောက်သည် မဟုတ်တဲ့အတွက် ဝင်လို့မရ ဖြစ်နေပုံရတယ်။
ဒီလုံခြုံရေးက တော်တော် ကြောက်စရာကောင်းတယ်။ အရပ်ရှည်ရှည် ဗလတောင့်တောင့် စစ်ယူနီဖောင်းနဲ့ ဘယ်ရီဦးထုပ် ဆောင်းထားတယ်။ မျက်နှာထားက တည်ကြည်ပြတ်သားပြီး ရန်စလို့ရမယ့် လူမျိုး မဟုတ်ဘူးဆိုတာ သိသာတယ်။
"မဟုတ်ဘူးလေ... ကျွန်တော့်ကားကို ကြည့်ပါဦး ဒီကားက သူငယ်ချင်းပိုင်တာ။ ဒီနေ့ သူ့ကို လာပို့ပေးတာပါ" လုံခြုံရေးက ပေးမဝင်တော့ လူငယ်က စိုးရိမ်တကြီး ပြောလိုက်တယ်။
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: