အခန်း (၁၆၀) အောင်ပွဲအတွက် အပြိုင်အဆိုင်
"သူ့နာမည်က ချင်းရီတဲ့။ ခံတပ်အရာရှိတွေ ပြောပြချက်အရ သူက မြို့တော်ကနေ လာတာတဲ့။ ပြီးခဲ့တဲ့အကြိမ် ကျောက်တောင်ကုန်း အောင်ပွဲတုန်းကလည်း သူက အဓိက တာဝန်ယူခဲ့တာ။ ဒါပေမဲ့ ဘာလို့များ လူရိုင်းခေါင်း ၅၀၀ ကျော်ကို ဝမ်မုန်ဆီ ရောင်းလိုက်လဲ ဆိုတာ မသိဘူး"
လီကျင်းချန် အနေဖြင့် ချင်းရီ၏ လုပ်ရပ်ကို လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ တခြားသူသာဆို ရွှမ်ဖူမြို့ကို အပြေးသွားပြီး အောင်ပွဲခံနေလောက်ပြီ။ ချင်းရီက ဗေဒင်ဆရာမှ မဟုတ်တာ၊ အနာဂတ်ကို ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ။
"ချင်းရီ"
"ဒီနာမည်က ရင်းနှီးနေသလိုပဲ။ ဘယ်မှာ ကြားဖူးပါလိမ့်"
ဖန်နင် ရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ သူ့အကြည့်က စာအုပ်စင်ပေါ်ရှိ စာများဆီသို့ ရောက်သွားပြီး မြို့တော်မှ ပေးပို့လိုက်သော စာတစ်စောင်ကို တွေ့လိုက်ရသည်။ ဖွင့်ဖတ်ကြည့်လိုက်ရာ အံ့သြသွားပြီး "ဩော်... သူကိုး" ဟု ရေရွတ်လိုက်သည်။
ထိုစာကို ကျိုးရှီချီ ရေးသားခဲ့ခြင်း ဖြစ်သည်။ စာထဲတွင် ဗိုလ်ချုပ်ကြီးချင်း၏ သားဖြစ်သူ ချင်းရီကို ကျင်းပြန်းခံတပ် တပ်မှူးအဖြစ် ခန့်အပ်လိုက်ကြောင်း၊ ရှောင်မိသားစုမှ အမျိုးသမီးများကို စောင့်ရှောက်ရန် ကျင်းပြန်းခံတပ်သို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကျိုးရှီချီအနေဖြင့် သူတို့ကို စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားသည်။
မြို့တော်မှ နယ်စပ်သို့ ခရီးလမ်းမှာ ဝေးလံကြမ်းတမ်းပြီး မီးကြာပန်းဂိုဏ်းနှင့် ယန်တောင်တန်း တပ်မတော်တို့၏ အန္တရာယ်များလည်း ရှိနေသည်။ ကျင်းပြန်းခံတပ်သို့ ချောချောမွေ့မွေ့ ရောက်ရှိရန် အလွန် ခက်ခဲမည် ဖြစ်ပြီး အနည်းဆုံး ၃၊ ၄ လ ကြာမြင့်နိုင်သည်။
ထို့အပြင် လူရိုင်းများ ကျူးကျော်လာသဖြင့် နယ်စပ်ဒေသ အန္တရာယ်များနေသည်။ သူ လူလွှတ်ပြီး စခန်းတစ်ခုတွင် ချင်းရီတို့ကို တားဆီးကာ ခေတ္တ စောင့်ဆိုင်းစေခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လူရိုင်းများ မြို့ကို ဝိုင်းရံထားသဖြင့် ဒီကိစ္စကို မေ့လျော့နေခဲ့သည်။
"ဒါဆို ရှင်းသွားပြီ။ ချင်းရီက ဗိုလ်ချုပ်ကြီးချင်းရဲ့ သားကိုး။ ဒါကြောင့် ဒီလောက် စွမ်းနေတာပဲ"
ဖန်နင် ဆိတ်မုတ်ဆိတ်ကို သပ်ပြီး သက်ပြင်းချလိုက်သည်။
"ချင်းရီက ဗိုလ်ချုပ်ကြီး ချင်းဖုန်းရဲ့ သား ဟုတ်လား"
လီကျင်းချန် အလွန် အံ့သြသွားသည်။ ချင်းဖုန်း၏ ကျော်ကြားမှုသည် ရှောင်တိန်းပေထက်ပင် သာလွန်သည်။ သူ ရုတ်တရက် ရာထူးမှ နုတ်ထွက်ပြီး မြို့တော်သို့ ပြန်သွားခြင်းမှာ မမျှော်လင့်သော ကိစ္စဖြစ်သလို နှမြောစရာလည်း ကောင်းသည်။
တကယ်လို့ ချင်းဖုန်းသာ မြောက်ပိုင်းနယ်စပ်ကို ပြောင်းရွှေ့ပြီး လူရိုင်းတွေကို ကိုင်တွယ်ခဲ့မယ်ဆိုရင် လူရိုင်းတွေ မြောက်ပိုင်း သဲကန္တာရဆီ ပြန်ပြေးရတာ ကြာပါပြီ။
"ဆရာက ငါ့ကို ချင်းရီကို စောင့်ရှောက်ပေးဖို့ မှာတယ်ဆိုတော့ သူ့ကို အများကြီး မျှော်လင့်ထားပုံရတယ်။ ဒါပေမဲ့ ဘာလို့ မြို့တော်မှာ မထားဘဲ ဒီကျင်းပြန်းခံတပ် သေးသေးလေးမှာ အရာရှိလေး လုပ်ခိုင်းရတာလဲ မသိဘူး"
ဖန်နင် မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ "အုပ်စုကွဲ ပြိုင်ဆိုင်မှုတွေကြောင့် သူ့ကို ကာကွယ်ပေးချင်လို့လား ဒါမှမဟုတ် နယ်စပ်မှာ လှိုင်းဂယက်ထအောင် လွှတ်လိုက်တာလား ဒါမှမဟုတ် နှစ်ခုစလုံးလား"
"ချင်းရီက လူရိုင်းခေါင်း ၅၀၀ ရောင်းလိုက်တာ အခြေအနေကို စမ်းသပ်ကြည့်တာများလား။ ဝမ်မုန်က ဓားစာခံ ဖြစ်သွားတာပေါ့"
"ရှူး"
"ချင်းရီရဲ့ နည်းလမ်းက တော်တော် ရက်စက်တာပဲ"
ဖန်နင် အခြေအနေကို သဘောပေါက်သွားသောအခါ ကျောချမ်းသွားပြီး ကြက်သီးထသွားသည်။ "သူက လူရိုင်းတွေကို မြေမှုန်လို သဘောထားပြီး သတ်ဖြတ်တယ်၊ ဉာဏ်လည်း အရမ်းများတယ်။ သတ္တိရော ဗျူဟာပါ ပြည့်စုံတယ်။ ဒီကောင်လေးက သာမန်မဟုတ်ဘူး"
"လာ ကျင်းပြန်းခံတပ်ကို သွားကြစို့"
ဖန်နင် မစောင့်နိုင်တော့ပေ။ ချင်းရီ ဘယ်လိုလူလဲ ဆိုတာ ကိုယ်တိုင် သွားကြည့်ချင်နေပြီ။
တစ်ချိန်တည်းမှာပင် လူရိုင်းတပ်မတော် ပျက်စီးသွားပြီး လူရိုင်းမင်းသား သေဆုံးသွားသည့် သတင်းသည် ရွှမ်ဖူခရိုင် တစ်ခုလုံး ပျံ့နှံ့သွားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ပြောက်ကျားတပ်မှူးများ၊ ခံတပ်တပ်မှူးများနှင့် တပ်ရင်းမှူးများ အားလုံး ဒီသတင်းကို လှောင်ပြောင်ကြသည်။ တချို့ဆို ဒီသတင်းသာ မှန်ရင် လူပုံအလယ်မှာ မစင်စားပြမယ်လို့တောင် ကြွေးကြော်ကြသည်။
ပြည်သူများလည်း ဒီသတင်းကို သံသယ ဖြစ်နေကြသည်။ အဓိကကတော့ သတင်းက အရမ်း ချဲ့ကားလွန်းနေလို့ပါ။
သူတို့အမြင်မှာ လူရိုင်းတွေက ရက်စက်ကြမ်းကြုတ်ပြီး နယ်စပ်စောင့်တပ်တွေတောင် မြင်တာနဲ့ ထွက်ပြေးကြတာ။ လူ ၁၀၀ ကျော်လောက်နဲ့ ဘယ်လိုလုပ် လူရိုင်းတပ်စခန်းကို ဖျက်ဆီးနိုင်မှာလဲ။
သို့သော် မကြာမီ ခရိုင်ဝန် ဖန်နင် ကိုယ်တိုင် အခြေအနေကို စစ်ဆေးရန် ကျင်းပြန်းခံတပ်သို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိလိုက်ကြသည်။ သူတို့လည်း သိချင်စိတ်ဖြင့် လိုက်ပါသွားကြသည်။
လုံခြုံရေးအတွက် လူ ၃,၀၀၀ ကျော် ခေါ်ဆောင်သွားကြသည်။
လမ်းခရီးတွင် အခြားခံတပ်များမှ တပ်မှူးများလည်း ပူးပေါင်းပါဝင်လာကြသည်။ ကျင်းပြန်းခံတပ်သို့ ရောက်သောအခါ လူ ၅,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
သူတို့သည် ကျင်းပြန်းခံတပ်သို့ တန်းမသွားဘဲ လူရိုင်းတပ်စခန်း ပျက်စီးရာ နေရာသို့ ဦးစွာ သွားရောက်ကြသည်။
မြင်ကွင်းကို တွေ့လိုက်ရသောအခါ အားလုံး တုန်လှုပ်သွားပြီး ကျောချမ်းသွားကြသည်။
၁၀ မိုင်ကျော် ရှည်လျားသော သစ်တောအုပ်ကြီး မီးလောင်ကျွမ်းပြီး မီးသွေးတုံးများ ဖြစ်နေသည်။ မြေကြီးနှင့် မြက်ရိုင်းပင်များ မီးလောင်ထားသဖြင့် မည်းနက်နေသည်။
မီးငြိမ်းသွားပြီ ဖြစ်သော်လည်း မီးခိုးနံ့များ ပြင်းထန်စွာ ရနေဆဲ ဖြစ်သည်။
ဒီနေရာက လူရိုင်းတပ်စခန်း တည်ရှိခဲ့သော နေရာ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
တပ်စခန်း အတွင်း၌...
မီးလောင်ထားသော တဲများ နေရာအနှံ့ ရှိနေပြီး တဲများထဲတွင် မီးကျွမ်းနေသော အလောင်းများ ရှိနေသည်။ အလောင်းများက မှတ်မိရန် ခက်ခဲပြီး စစ်ရေးစွမ်းဆောင်မှုအဖြစ် လဲလှယ်၍ မရသောကြောင့် ခေါင်းဖြတ်မထားခြင်း ဖြစ်နိုင်သည်။
သို့သော် စစ်မြေပြင်ကို အလွန် စေ့စပ်သေချာစွာ ရှင်းလင်းထားသဖြင့် တန်ဖိုးရှိသော ပစ္စည်း တစ်ခုမှ မကျန်ရစ်ပေ။
ဒါကို မြင်မှ လူရိုင်းတပ်စခန်း မီးလောင်သွားတာ အမှန်ပဲလို့ အားလုံး ယုံကြည်သွားကြသည်။
"ချင်းရီက တော်တော်များများ ရလိုက်ပုံပဲ"
ဒုတိယ ဗိုလ်ချုပ်ကြီး ဖန်တာယုံက မဲ့ပြုံး ပြုံးပြီး ပြောလိုက်သည်။
ဒါကို ကြားတော့ ဖန်နင်ဘေးမှာ ရပ်နေတဲ့ လီကျင်းချန် စိုးရိမ်သွားသည်။ ဒီဖန်တာယုံက မကောင်းကြံတော့မယ်။
မျှော်လင့်ထားသည့်အတိုင်း ပြောက်ကျားတပ်မှူးများ၊ ခံတပ်တပ်မှူးများနှင့် တပ်ရင်းမှူးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးများတွင် လောဘရိပ်များ ယှက်သန်းလာသည်။
လူရိုင်းမင်းသား ထူကူရှုံသည် တစ်လကျော်ကြာ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နေရာအနှံ့ မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့သည်။ ရှန်ကွမ် မိသားစုကိုတောင် သတ်ဖြတ်ခဲ့တယ် ဆိုတော့ စည်းစိမ်ဥစ္စာတွေ အများကြီး လုယက်မိထားမှာ သေချာတယ်။
အခု လူရိုင်းတပ်စခန်း ပျက်စီးပြီး လူရိုင်းမင်းသား သေဆုံးသွားပြီ ဆိုတော့ အဲ့ဒီ ရတနာတွေ ဘယ်ရောက်သွားလဲ။ ပြီးတော့ မြင်းတွေ၊ လူတွေကော။ လေထဲမှာ ပျောက်ကွယ်သွားတာမှ မဟုတ်တာ။
သေချာပေါက် ချင်းရီရဲ့ အိတ်ကပ်ထဲ ရောက်သွားပြီ။
ချင်းရီက အရာရှိငယ်လေး တစ်ယောက်ပဲလေ။ လူရိုင်းမင်းသားကို သတ်နိုင်ရင်တောင် ခံတပ်စောင့် အဆင့်ပဲ ရှိသေးတာ။
သူ တိုက်ပွဲနိုင်ခဲ့ပေမယ့် အထက်အရာရှိတွေ အနေနဲ့ သူတို့လည်း ကွပ်ကဲမှုအတွက် အသိအမှတ်ပြု ခံရသင့်တယ် မဟုတ်လား။ သူတို့က တိုက်ခိုက်တာ မတော်ပေမယ့် သူများ အောင်မြင်မှုကို ခိုးယူတဲ့ နေရာမှာတော့ ဆရာကျတွေပဲ။
သူတို့အမြင်မှာ ချင်းရီက ရွှေတုံးကိုင်ပြီး လမ်းလျှောက်နေတဲ့ ကလေးလေးလိုပဲ။ သူတို့ မလုရင် ဘယ်သူ လုမလဲ။
ချင်းရီက မပူးပေါင်းရင်ကော... ဟွန်း... သူက အရာရှိတွေကို သတ်ပြီး ပုန်ကန်ရဲလို့လား။
ချင်းရီက ကံကောင်းလို့ လူရိုင်းတွေကို နိုင်ခဲ့တာ။ သူတို့ဆီမှာ လူ ၅,၀၀၀ ရှိတယ်။ ချင်းရီသာ မဆင်မခြင် လုပ်ရဲရင် ချက်ချင်း နှိမ်နင်းပစ်လိုက်မယ်။
ဖန်နင် ဖန်တာယုံရဲ့ သဘောကို နားလည်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူတွေက တကယ် အရှက်မရှိကြဘူး။
"ကျင်းပြန်းခံတပ်ကို သွားကြစို့"
ဖန်နင် တည်တင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
...
ကျင်းပြန်းခံတပ် ရုံးခန်းမ အတွင်း။
"သခင် ဒီတိုက်ပွဲက ဂယက်ရိုက်ခတ်မှု အရမ်း ကြီးမားသွားပြီ။ နယ်စပ်မြို့ တစ်ခုလုံးတင် မကဘဲ မဟာယွဲ့ တစ်နိုင်ငံလုံး တုန်လှုပ်သွားလိမ့်မယ်။ ဒီတစ်ခါတော့ အသံတိတ် နေဖို့ ခက်ခဲလိမ့်မယ်"
ဆောင်ဝမ်ချန် စိုးရိမ်တကြီး ပြောလိုက်သည်။
"ဒါ အောင်ပွဲကြီးလေ။ လူရိုင်းမင်းသားကိုတောင် သတ်နိုင်ခဲ့တာ။ ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကို ဘာလို့ ဖုံးကွယ်ထားရမှာလဲ" မာကျန့် မျက်လုံးပြူးပြီး စိတ်တိုသွားသည်။
"ဝမ်မုန် ကိစ္စ မေ့သွားပြီလား" ဆောင်ဝမ်ချန် မျက်မှောင်ကြုတ်ပြီး ခေါင်းခါယမ်းလိုက်သည်။ "ငါတို့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖျက်ဆီးသူတွေအဖြစ် စွပ်စွဲခံရမှာ စိုးလို့ပါ"
"ဒါ... ဒါ မဖြစ်နိုင်ပါဘူး"
မာကျန့် လန့်သွားပြီး တွန့်ဆုတ်သွားသည်။ ဟန်ချောင်နှင့် အဖွဲ့လည်း စကားမပြောနိုင် ဖြစ်သွားကြသည်။
ဝမ်မုန်သည် လူရိုင်းခေါင်း ၅၀၀ ကျော် သယ်ဆောင်ပြီး ရာထူးတက်ဖို့ မျှော်လင့်ချက်နဲ့ ယိုကျိုးကို သွားခဲ့ပေမယ့် နောက်ဆုံးမှာ ခေါင်းဖြတ်သတ်ခံလိုက်ရတယ်။
ရုတ်တရက် ရွှင်လန်းတက်ကြွနေသော ခန်းမဆောင်သည် တိတ်ဆိတ်သွားပြီး လေထုက လေးလံလာသည်။
အားလုံးက ချင်းရီကို ဝိုင်းကြည့်လိုက်ကြသည်။
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: